မေ ၂၃၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၃)မှာ စစ်ကောင်စီကို ILOရဲ့ပုဒ်မ (၃၃)အရ အရေးယူနိုင်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသမှာ သပိတ်ကော်မတီနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေး လူထုလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။
လာမယ့် ဇွန်လ၂ရက်နဲ့ ၃ရက်နေ့မှာ မဲခွဲဆုံးဖြတ်မယ့် အစည်းအဝေးမှာ စစ်ကောင်စီကို အရေးယူနိုင်ရေး “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ “လူ့အသက်တွေကယ်တင်ဖို့ ILO Article 33 ကိုမဲပေးပါ”ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီးစစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီက အကောင်ထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုမှာ အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။





















































