မေ ၂၇၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ယနေ့ (မေလ ၂၇ရက်)တွင် ထိုးစစ်ရှိန်မြှင့်တင် တိုက်ခိုက်နေကြောင်း ကချင်သတင်းရင်းမြစ် အချို့က ပြောသည်။
ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို KIAပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင်စတင်ခဲ့ရာ တိုက်ပွဲ ကာလ ၆လခန့်ကြာပြီဖြစ်သည်။ တိုက်ပွဲ ၆လပြည့်ရန် တပတ်ခန့်အလို ယနေ့(မေလ ၂၇ရက်) နံနက်တွင် ဗန်းမော်မြို့၌ ကျန်နေသည့် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၂၁ အပါအဝင် လက်ကျန် တပ်စခန်းများ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။
” ဗန်းမော် ယနေ့မနက်ပိုင်း တိုက်ပွဲ ပြန်စနေပြီ”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement
အခြား ကချင်စစ်ရေး သတင်းရင်းမြစ်နှစ်ဦးကလည်း ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်က ယနေ့နံနက်တွင် ပြန်လည်ထိုးစစ်ဆင်နေသည်ဟု ပြောသည်။
KIAသည် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေး ၆လတာအတွင်း စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပြီး အရေးပါသည့် တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့သည့်အပြင် သံချပ်ကာယာဉ်၊ တင့်ကားနှင့် ရဟတ်ယာဉ်များကို ထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့သည်။
မေလ ၂၀ရက်တွင် ဗန်းမော်မြို့သို့ စစ်ကူလာပို့သည့် စစ်ကောင်စီ ရဟတ်ယာဉ် သုံးစီး အနက် ၂စီးကို ထိမှန်အောင် KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာ တစ်စီးသည် ယင်းနေ့၌ပင် ရွှေကူမြို့နှင့် ၁၅ မိုင်ခန့်အကွာ စီငန်းကျေးရွာအနီး ပျက်ကျခဲ့သည်။ ကျန် တစ်စီးသည် ရွှေကူမြို့သို့ အရေးပေါ် ဆင်းသက်ခဲ့ရာ မေလ ၂၁ရက် နေ့လည်တွင် KIAက ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ယင်းရဟတ်ယာဉ်လည်း ပျက်စီးခဲ့ဟု ကချင်သတင်းရင်းမြစ်နှင့် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူတို့က ပြောထားသည်။
ယနေ့နံနက်တွင် KIAက ဗန်းမော်မြို့ထိုးစစ်ပြန်လည်စတင်နေမှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်သည်။
KIA ပူးပေါင်းတပ်သည် ဗန်းမော်မြို့ရှိ စကခ(၂၁) ဌာနချုပ် လုံခြုံရေးကာကင်းတပ်ရင်းများ ဖြစ်သည့် အမြောက်တပ်၊ ခလရ(၂၃၆)တပ်ရင်းနှင့် တင့်ကားတပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ ဗန်းမော်လေယာဉ်ကွင်း၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများ၊ စကခ(၂၁) ကာကင်းစခန်းများကို သိမ်းပိုက်ထားပြီးဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ဗန်းမော်မြို့ မကျရေးအတွက် လေကြောင်းပစ်ကူ အလွန်အကျွံအသုံးပြု ခုခံနေခြင်းဖြစ်သည်။ တိုက်လေယာဉ်များအပြင် Y12၊ Y8 လေယာဉ်များ အသုံးပြုဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ တနေ့လျင် ဗုံးအလုံးရေ ၃၀ထက်မနည်း နေ့စဉ်နီးပါး တိုက်ခိုက်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။
လက်ရှိတွင် ကချင်ပြည်နယ်၌ မိုးရွာသွန်းနေပြီး မိုးများပါက စစ်ကောင်စီအနေဖြင့် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်မှု လျော့နိုင်ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
