close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ အနာဂတ် လေကြောင်းကာကွယ်ရေး စနစ်သစ် Golden Domeကို ထရမ့် မိတ်ဆက်

အမေရိကန်ရဲ့ ဆန်းသစ်တဲ့ အနာဂတ် လေကြောင်း ကာကွယ်ရေး အစီအမံအဖြစ် ရွှေသား အမိုးခုံး (Golden Dome) စနစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက် ပြသခဲ့ပါတယ်။

AP

အမေရိကန်ရဲ့ ဆန်းသစ်တဲ့ အနာဂတ် လေကြောင်း ကာကွယ်ရေး အစီအမံအဖြစ် ရွှေသား အမိုးခုံး (Golden Dome) စနစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က မိတ်ဆက် ပြသခဲ့ပါတယ်။

အဆင့်မြင့် လေကြောင်း ကာကွယ်ရေး စနစ်တွေ ဖြန့်ကျက် ချိတ်ဆက်ပြီး အမေရိကန်ရဲ့ ဝေဟင်ပိုင်နက်ကို ကာကွယ်မယ့် Golden Domeဟာ သူ့ရဲ့ လက်ရှိ သမ္မတသက်တမ်း မကုန်ဆုံးခင်မှာ စတင် အသက်ဝင်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ထရမ့်က ဆိုပါတယ်။

ခရုစ်ဒုံးကျည်တွေ၊ တိုက်ချင်းပစ် ဒုံးကျည်တွေ အပါအဝင် မျိုးဆက်သစ် လေကြောင်း ခြိမ်းခြောက်မှု အန္တရာယ်တွေကနေ အမေရိကန်ကို ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်မယ့် အဆင့်အမြင့်ဆုံး လေကြောင်းကာကွယ်ရေး ကွန်ရက် တစ်ခုကို တည်ဆောက်သွားမယ့် သူ့ရဲ့ ရည်ရွယ်ချက်ကို ထရမ့်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ရက်ပိုင်း အကြာမှာပဲ ကြေညာထားခဲ့ပါတယ်။

အဲဒီ ခေတ်ရှေ့ပြေး လေကြောင်း ကာကွယ်ရေး ကွန်ရက်ဟာ စုစုပေါင်း ဒေါ်လာ ၂၅ ဘီလီယံလောက် အကုန်အကျခံ တည်ဆောက်ထားမှာဖြစ်ပြီး ဘတ်ဂျတ် အစီအမံသစ်မှာ အဲဒီ အသုံးစရိတ်ကို ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လာမယ့် ဆယ်စုနှစ်တွေအတွင်း ထိန်းသိမ်းစရိတ် အပါအဝင် နောက်ထပ် ငွေကြေး ကုန်ကျမှုတွေ အများကြီး ရှိလာပြီး ဒေါ်လာ ၁၇၅ ဘီလီယံထိ မြင့်တက်လာမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် စစ်ဘက် အရာရှိတွေက လက်ရှိ ဖြန့်ကျက်ထားတဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေဟာ အမေရိကန်ရဲ့ ခါးသီး ပြိုင်ဘက် နိုင်ငံတချို့ ပိုင်ဆိုင်ထားတဲ့ ခေတ်အမီဆုံး လက်နက် အသစ်အဆန်းတွေကို ဟန့်တားနိုင်လောက်အောင် နည်းပညာပိုင်း အမီမလိုက်နိုင်တော့ဘူးလို့ သတိပေး ထောက်ပြထားပါတယ်။

Golden Dome အကောင်အထည်ဖော်ရေး ပရောဂျက်ကို အမေရိကန် အာကာသတပ်ဖွဲ့ ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုက်ကယ် ဂုထ်လိန်က ကြီးမှူးလိမ့်မယ်လို့ ပြောပါတယ်။

ထရမ့်က Golden Domeဟာ မြေပြင်၊ ဝေဟင်၊ ရေပြင်နဲ့ အာကာသထဲမှာ ဖြန့်ကျက်ထားမယ့် အဆင့်အမြင့်ဆုံး လေကြောင်း ကာကွယ်ရေး စနစ်တွေ ပေါင်းစပ်ပြီး အလုပ်လုပ်မှာဖြစ်ကြောင်းနဲ့ ကနေဒါ အစိုးရဟာ အဲဒီ စနစ်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်လိုတယ်လို့ အဆိုပြုထားကြောင်းလည်း ဆိုပါတယ်။

Golden Domeဟာ ကမ္ဘာရဲ့ တစ်ဖက်ခြမ်းကဖြစ်စေ၊ အာကာသထဲကဖြစ်စေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေကို ထိထိရောက်ရောက် ကြားဖြတ် ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ ထရမ့်က မှတ်ချက်ပေးသွားပါတယ်။ Golden Domeဟာ အစ္စရေးရဲ့ ကမ္ဘာကျော် လေကြောင်းကာကွယ်ရေး စနစ်ဖြစ်တဲ့ Iron Domeကို နမူနာ ယူထားတာပါ။ ၂၀၁၁ ခုနှစ်ကစပြီး Iron Domeဟာ အစ္စရေး လေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်လာတဲ့ ဒုံးကျည်တွေကို ထိထိရောက်ရောက် ကြားဖြတ် ပစ်ချပေးနေခဲ့တာ ဖြစ်ပါတယ်။

Golden Domeကတော့ Iron Domeနဲ့ယှဉ်ရင် ပမာဏ အရမ်းကြီးမားပြီး အသံထက် ငါးဆမက ပိုမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ၊ အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်ပြီး ကျရောက် ပေါက်ကွဲနိုင်တဲ့ လက်နက်ကြီးကျည်တွေ အပါအဝင် ခေတ်မီ စစ်လက်နက် စနစ်တွေကိုပါ ဟန့်တားနိုင်ဖို့ ရည်ရွယ်ထားတာပါ။

အမေရိကန် လေပိုင်နက်ဆီ ဦးတည်လာမယ့် လက်နက် မှန်သမျှကို လေထဲမှာတင် ပစ်ချပစ်မှာ ဖြစ်ကြောင်း၊ အောင်မြင်မှု အလားအလာကလည်း ၁၀၀ ရာခိုင်နှုန်းနားထိ ရှိမှာဖြစ်ကြောင်း ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ လက်ရှိ အသုံးပြုနေတဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေဟာ ရုရှားနဲ့ တရုတ်တို့က ပိုင်ဆိုင်လာကြတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ အပါအဝင် ခေတ်မီ စစ်လက်နက် အသစ်အဆန်းတွေကို ဟန့်တားဖို့ မလုံလောက်တော့ဘူးလို့ မကြာခဏ သတိပေးထားခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ် ရေပြင်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန် ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် နှစ်နိုင်ငံ ကမ်းခြေစောင့် တပ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

စစ်ပွဲ ရပ်ဆိုင်းနိုင်ရေးအတွက် ရုရှားနဲ့ ယူကရိန်းတို့ဟာ ဆွေးနွေးမှုတွေ ချက်ချင်း စတင်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

မက္ကဆီကို ရေတပ်ရဲ့ ရွက်သင်္ဘော တစ်စီးဟာ နယူးယောက်မြို့မှာ ဘရွတ်ကလင်း တံတားနဲ့ ငြိမိပြီး လူအသေအပျောက် ဖြစ်ခဲ့တဲ့ ကိစ္စကို အမေရိကန် အာဏာပိုင်တွေက ကိုင်တွယ် စုံစမ်းနေပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ကြား ဖုန်းဆက် စကားမပြောခင်မှာ ရုရှားဟာ ယူကရိန်းကို စစ်ကာလတလျှောက် ပမာဏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကြီးတစ်ခု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Facebook