မေ ၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊မင်းစုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေလ ၂၃ရက်) ညနေပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ကလေးငယ်အချို့ပါဝင် ၇ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရသည်ဟု အဆိုပါမြို့ခံများထံမှ သတင်းရရှိသည်။
” ပထမက တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရတယ် လို့ကြားတာ။ အခုထပ်ပြီးကြားရတာက ခုနစ်ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရတာပါ။ တိုက်ပွဲဖြစ်နေတာမရှိဘဲ လာပစ်တာပါ။ ဒေသခံတွေနေတဲ့အိမ်ပေါ်ကိုတည့်တည့်ကျတာပါ”ဟု မင်းကင်းမြို့ခံတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုသည် ယနေ့ (မေလ ၂၃ ရက်) ည နေ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ဒေသခံများသည် ထိတ်လန့်ကြောက်ရွံ့နေကြောင်း မင်းကင်းမြို့မှ လူမှုကူညီရေးလုပ်ဆောင်သူအချို့က ပြောသည်။

Public Service Announcement
စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” ဒေသခံတွေကို အရေးပေါ်ကူညီရေးတွေလုပ်ပေးနေရတယ်။ နောက်ထပ်လေကြောင်းရန်ကိုလည်း သတိပေးနေရတယ်”ဟု ပြောသည်။
ဒဏ်ရာရသူ ၁၀ဦးတွင်လည်း ကလေးငယ်နှင့်အမျိုးသမီးများပါဝင်ပြီး စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ၎င်းက ပြောသည်။
မင်းစုကျေးရွာသည် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ သာစည်ကျေးရွာအုပ်စုတွင်ဝင်ပါဝင်ပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သတင်းရရှိသည်။
