close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်ကောင်စီ သုံးရက်ဆက် လေကြောင်းတိုက်ခိုက်

စဉ့်ကူးမြို့နယ်ကိုလည်း နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်း လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − မင်းတပ် ပအဖ

မေ ၁၈၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီမှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၇ရက်) သတင်းထုတ်ပြန်သည်။

မေလ ၁၅ရက်၊ ၁၆ရက်နှင့် ယမန်နေ့ မေလ ၁၇ရက်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ယမန်နေ့ နေ့လယ် ၁၂နာရီခွဲဝန်းကျင်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် ကလပ်စတာဗုံး (Cluster Bomb)များဖြင့် အသုံးပြုခဲ့သည်ကို အထောက်အထားများတွေ့ရှိရဟု မြို့နယ်ပအဖက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဗုံးအလုံးရေ (၁၀)လုံးဝန်းကျင် ကျေးရွာအတွင်းနှင့် ကျေးရွာဝန်းကျင် ကျရောက်ပေါက်ကွဲခဲ့ဟု ထုတ်ပြန်ခဲ့ပြီး လူထိခိုက် ရှိ၊မရှိ ဖော်ပြမထားပေ။

မေလ ၁၆ရက်ကလည်း မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)အတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး မေလ ၁၅ရက်တွင်လည်း တိုက်နယ်အမှတ် (၁)အတွင်းရှိ ကျေးရွာတစ်ရွာကို ဗုံးကြဲခဲ့ သည်ဟု ဆိုသည်။

မေလ ၁၅ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁၀ဦး အပါအဝင် ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီသည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်ကိုလည်း ယမန်နေ့ နှင့် ယနေ့ (မေလ ၁၈ရက်)တွင် လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ကလည်း ဂျက်ဖိုက်တာတစ်စီးသည် စဉ့်ကူးမြို့နယ် စိုက်ကွင်းကျေးရွာ ပြည့်ဝထွန်းဆီပန့်ဆိုင်ရှေ့ တစ်ကြိမ်၊ စိုက်ကွင်းရွာအတွင်း တစ်ကြိမ်၊ စက်ကြီးကွင်း တစ်ကြိမ် ပေါင်(၃၀၀)ဗုံးများဖြင့် လေကြောင်းတိုက်ခိုက်မှုသုံးကြိမ် ပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

ထိုသို့ လေကြာင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦ၂လုံး ပျက်စီးပြီး ပြည်သူအထိခိုက်မရှိဟု ဖော်ပြသည်။

ထိုပြင် ယနေ့ နံနက်ကလည်း ဂျက်ဖိုက်တာ တစ်စီးသည် စဥ့်ကူးမြို့မြောက်ဘက် သီလကျေးရွာကြားအား ပေါင်(၃၀၀)ဗုံးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ ပြည်သူအထိခိုက်မရှိဟု ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစစ်ကောင်စီနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင်ပကဖ နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာ၊စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့၌ ယခု မေလအတွင်း စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု (၅၇)ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၇၀ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(မေလ ၁၇ ရက်) ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှောင် စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ်(၁)အတွင်းရှိ ကျေးရွာတစ်ရွာ၏ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

သတင်း

(စစ်တပ်၏ အ​မြောက်တပ် တပ်ဖွဲ့ဝင်အချို့/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-မြဝတီ)