တော်လှန်ရေးတပ်တွေ စုစည်းထားတဲ့ ဆီးရီးယား ကြားကာလ အစိုးရဟာ ထိရောက်တဲ့ ထောက်ပံ့ ကူညီမှုတွေ မရှိဘူးဆိုရင် သီတင်းပတ်တချို့အတွင်း ပြိုလဲသွားနိုင်ပြီး ပြည်တွင်းစစ်မီးလည်း တကျော့ပြန် တောက်လောင်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အထက်လွှတ်တော်ရဲ့ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ရှေ့မှောက်မှာ မေလ ၂၀ ရက်နေ့က အစီရင်ခံခဲ့တဲ့အခါ ရူဘီရိုက ဆီးရီးယားနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ရွေးချယ်ထားတဲ့ မူဝါဒတွေကိုလည်း ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။
ဆီးရီးယားမှာ ၁၃ နှစ် ကြာမြင့်ပြီး လူပေါင်း ၆ သိန်းကျော်သေ၊ ၁၂ သန်းကျော် နေရပ်စွန့်ခွာခဲ့ရတဲ့ ပြည်တွင်းစစ်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အာဏာရှင် သမ္မတ ဘာရှာအယ်လ်အာဆတ် ပြုတ်ကျသွားခြင်းနဲ့အတူ အဆုံးသတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တော်လှန်ရေး အင်အားစုတွေရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့တဲ့ အာမက် အယ်လ်ရှာရားက သမ္မတအဖြစ် တာဝန်ယူပြီး တော်လှန်ရေး အဖွဲ့အစုံ ပါဝင်တဲ့ ကြားကာလ အစိုးရ အာဏာရလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အရှေ့အလယ်ပိုင်း ခရီးစဉ်မှာတော့ ထရမ့်ဟာ အာဆတ်လက်ထက်က ဆီးရီးယား အစိုးရအပေါ် သတ်မှတ်ထားတဲ့ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု အားလုံးကို ဖယ်ရှားမယ့်အကြောင်း ကြေညာခဲ့သလို အယ်လ်ရှာရားကိုလည်း လူချင်းတွေ့ခဲ့ပါတယ်။ အယ်လ်ရှာရားဟာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ရဲ့ တပ်မှူးဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးတာကြောင့် သူ့ကို မျက်နှာချင်းဆိုင် တွေ့ဆုံတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေလည်း ရှိလာခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ ရူဘီရိုကတော့ ဆီးရီးယား ကြားကာလ အစိုးရဟာ ထိရောက်တဲ့ ပြင်ပ အကူအညီတွေ မရဘူးဆိုရင် သီတင်းပတ် တချို့အတွင်း ပြိုလဲသွားမှာဖြစ်ပြီး ပြည်တွင်းစစ်ကြီး ပြန်စလာနိုင်ကြောင်း ပြောပြီး ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ကာကွယ်ခဲ့ပါတယ်။ နောက်ပြီး တူရကီ နိုင်ငံမှာရှိတဲ့ အမေရိကန် သံအရာရှိတွေဟာ ဆီးရီးယား ကြားကာလ အစိုးရ အနေနဲ့ ဘယ်လို အထောက်အပံ့တွေ လိုအပ်မလဲ ဆိုတာကို ဆက်သွယ် မေးမြန်းနေတယ်လို့လည်း ရူဘီရိုက ပြောပါတယ်။
ဆီးရီးယား ကြားကာလ အစိုးရဟာ အချိန်တိုအတွင်း ပြိုကျသွားနိုင်တယ်ဆိုတဲ့ ရူဘီရိုရဲ့ စကားနဲ့ ပတ်သက်ပြီး ဆီးရီးယားဖက်ကတော့ ဘာတုံ့ပြန် မှတ်ချက်မှ မပေးသေးပါဘူး။
ဆီးရီးယားမှာ သမ္မတဟောင်း အာဆတ်ကို ထောက်ခံသူတွေက လက်နက်ကိုင် ပုန်ကန်မှုတွေကြောင့် တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။ အယ်လ်ရှာရားက သူဦးဆောင်တဲ့ ကြားကာလ အစိုးရဟာ ပြည်တွင်းနေ တိုင်းရင်းသား မျိုးနွယ်စုတွေကြား ညီညွတ်ရေးကို ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ ထရမ့်ကို ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ အာဆတ်ကို ထောက်ခံခဲ့တဲ့ မျိုးနွယ်စုတွေကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုတွေလည်း ရှိနေဆဲလို့ ဆီးရီးယားအရေး စောင့်ကြည့်သူတွေက ပြောပါတယ်။
မေလဆန်းတုန်းက ဒရုဇ် လူနည်းစု တိုင်းရင်းသား မျိုးနွယ်ထဲက လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနဲ့ ကြားကာလ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှု ဖြစ်ပွားရာက ဒမတ်စကက်မြို့ ဆင်ခြေဖုံး ရပ်ကွက်တွေနဲ့ နိုင်ငံတောင်ပိုင်း ဆူဝေဒါ ဒေသတွေမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ကိုးကား: Safaq
