မေ-၁၄၊၂၀၂၅။ဆဏ်း/People’s Spring
တော်လှန်အနုပညာရှင် ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်ကမ်ပိန်းကရရှိတဲ့ငွေတွေကို မြေပြင် အဖွဲ့ ၁၀၀ ကျော် လှူဒါန်းနိုင်ခဲ့တယ်လို့ Artists’ Shelter က အသိပေးထားပါတယ်။
“တချို့ဝေးလံခေါင်သီတဲ့နေရာဒေသက စစ်ဘေးရှောင်ပြည်သူတွေကိုပါ ကူညီနိုင်ခဲ့ကြပါတယ်။ ကမ်ပိန်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီကြသူတယောက်ချင်းစီတိုင်းနဲ့ ထည့်ဝင်ကြသူတယောက်ချင်းစီတိုင်းကို အထူး ကျေးဇူးတင်ပါတယ်ရှင်” လို့ ပိုင်ဖြိုးသုက ပြောထားပါတယ်။
အကယ်ဒမီရုပ်ကမ်ပိန်းကို ဖေဖော်ဝါရီ လဆန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အလှူငွေ ကျပ်သိန်း တစ်သောင်းနှစ်ထောင့်ခြောက်ရာ့ငါးဆယ်ကျော်ရရှိခဲ့တာပါ။

Public Service Announcement
ရရှိတဲ့ ရန်ပုံငွေတွေကို တိုင်းနှင့်ပြည်နယ်အသီးသီးက ကဏ္ဍမျိုးစုံမှာလုပ်ဆောင်နေတဲ့ အဖွဲ့ ၁၁၅ ဖွဲ့ကို ပေးပို့နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေနဲ့ အတူ Artists’ Shelter ကဖော်ပြထားပါတယ်။
အလှူငွေထဲကနေ ငွေကျပ် သိန်း ၅၀၀ ကိုလည်း စစ်ကိုင်းနဲ့ မန္တလေးက ငလျင်ဒဏ်သင့်နေရာတွေအတွက်လည်း လှူဒါန်းခဲ့ပါသေးတယ်။
လှူဒါန်းတဲ့နေရာမှာလည်း စစ်ရှောင်တွေအတွက်ရာခိုင်နှုန်းအများဆုံးလှူဒါန်းခဲ့ပြီး ကာကွယ်ရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ အရေးပေါ်လုံခြုံရေး ၊ မသန်စွမ်း ၊ ထောင်ဝင်စာ ၊ငလျင်နဲ့ အထွေထွေ စတဲ့ကဏ္ဍမျိုးစုံကို လှူဒါန်းခဲ့တာပါ။
ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်ကမ်ပိန်းမှာ အကယ်ဒမီရုပ်ကို ဂျပန်နိုင်ငံကို ရောက်နေတဲ့ ကယန်းအမျိုးသားတစ်ဦးက ကံထူးခဲ့တာပါ။
