close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့ဂျေရုဆလင်မှာ ကုလသမဂ္ဂ ဖွင့်ထားတဲ့ ကျောင်းတွေကို အစ္စရေး ပိတ်ခိုင်း

အရှေ့ ဂျေရုဆလင်မှာ ကုလသမဂ္ဂ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်း ၃ ကျောင်းကို အစ္စရေးက အတင်းအကျပ် ဖိအားပေးပြီး ပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

အရှေ့ ဂျေရုဆလင်မှာ ကုလသမဂ္ဂ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်း ၃ ကျောင်းကို အစ္စရေးက အတင်းအကျပ် ဖိအားပေးပြီး ပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

မေလ ၈ ရက်နေ့တုန်းက လက်နက်ကိုင် အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အစ္စရေး ထိန်းချုပ်ထားရာ အရှေ့ ဂျေရုဆလင်မှာရှိတဲ့ ရှူရာဖတ် ဒုက္ခသည် စခန်းထဲက ကျောင်းတွေထဲကို ဝင်ရောက်ခဲ့ပြီး ပါလက်စတိုင်း ကျောင်းသူကျောင်းသား ရာဂဏန်းကို ချက်ချင်း အိမ်ပြန်ခိုင်းခဲ့ပါတယ်။ အဲဒီကျောင်းတွေကို ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီ UNRWAက ဖွင့်လှစ်ထားတာပါ။

UNRWA အကြီးအကဲ ဖိလစ် လက်ဇာရီနီက အစ္စရေး အာဏာပိုင်တွေဟာ ကလေးတွေရဲ့ ပညာသင်ယူပိုင်ခွင့်ကို ပိတ်ပင်ပြီး နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို အတိအလင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အစ္စရေး အစိုးရဟာ UNRWAကို နိုင်ငံပိုင်နက်ထဲမှာ လုပ်ငန်းလည်ပတ်ခွင့် တားဆီး ပိတ်ပင်ထားပြီး အဲဒီ သတ်မှတ်ချက်ဟာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စတင် အသက်ဝင်ခဲ့ပါတယ်။ အစ္စရေးက UNRWAဟာ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်နဲ့ ဆက်နွှယ် ပတ်သက်နေတယ်လို့ စွပ်စွဲထားပြီး ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီကတော့ ခါးခါးသီးသီး ငြင်းဆန်ထားပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ ရှူရာဖတ် ဒုက္ခသည် စခန်းရှေ့ကို အစ္စရေး တပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့နောက် ကျောင်းယူနီဖောင်းဝတ် မိန်းကလေးတချို့ အချင်းချင်း ပွေ့ဖက် အားပေးရင်း ကျောင်းတစ်ကျောင်းရဲ့ အပြင်ဖက်မှာ ရပ်နေတာကို တွေ့ခဲ့ရပါတယ်။

ကျောင်းတစ်ကျောင်းရဲ့ နံရံမှာ ကပ်သွားတဲ့ အမိန့်စာမှာတော့ ပညာရေးဆိုင်ရာ အဆောက်အအုံ တစ်ခုအဖြစ် လုပ်ငန်းလည်ပတ်တာ၊ သင်ကြားရေးနဲ့ တခြားဝန်ထမ်းတွေ ငှားရမ်းတာတွေကို ပိတ်ပင်ကြောင်း ရေးသားထားပါတယ်။

အခုပိတ်ပင်မှုဟာ အသက် ၆ နှစ်နဲ့ ၁၅ နှစ်ကြား ကျောင်းသူကျောင်းသား ၅၅၀ ကျော်ကို ထိခိုက် သက်ရောက်စေခဲ့ပြီး ကျောင်းဝန်ထမ်း တစ်ယောက်လည်း ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်လို့ UNRWAက ထုတ်ပြန်ပါတယ်။

အစ္စရေး ရဲတပ်ဖွဲ့ဟာ အရှေ့ ဂျေရုဆလင်မှာရှိတဲ့ နောက်ထပ် ကျောင်းတချို့မှာလည်း ဖြန့်ကျက် နေရာယူခဲ့ပြီး ကျောင်းသူကျောင်းသားတွေကို အတင်း အိမ်ပြန်ခိုင်းခဲ့သေးတယ်လို့ အဲဒီ အေဂျင်စီက စွပ်စွဲထားပါတယ်။

ကျောင်းတွေထဲ ဝင်စီးပြီး အတင်းအကျပ် ပိတ်ခိုင်းခဲ့တာဟာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ လက်ဇာရီနီက လူမှုကွန်ရက် မီဒီယာ Xမှာ ဝေဖန် ရေးသားထားပါတယ်။

အနောက်ဖက် ကမ်းခြေဒေသမှာ အခြေစိုက်တဲ့ ပါလက်စတိုင်း အုပ်ချုပ်ရေး အစိုးရ အဖွဲ့က အစ္စရေးရဲ့ လုပ်ရပ်ဟာ ကလေးတွေရဲ့ ပညာသင်ကြားပိုင်ခွင့်ကို အတိအလင်း ပိတ်ပင်ခြင်း ဖြစ်တယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဂျေရုဆလင်အခြေစိုက် ဗြိတိန် ကောင်စစ်ဝန်ရုံးကလည်း ဗြိတိန်ဟာ ဥရောပ သမဂ္ဂ၊ နော်ဝေး၊ ဆွစ်ဇာလန်၊ တူရကီ၊ ဂျပန် အစိုးရတွေနဲ့အတူ ရပ်တည်ပြီး UNRWA ကျောင်းတွေ အတင်းအကျပ် ပိတ်ခံရတဲ့ ကိစ္စကို အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။

အစ္စရေး လွှတ်တော်ဟာ UNRWAနဲ့ တရားဝင် ချိတ်ဆက် အလုပ်လုပ်မှုတွေကို တားမြစ်တဲ့ အဆိုကို ပြီးခဲ့တဲ့နှစ်က မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပြီး အစ္စရေး ပိုင်နက်ထဲမှာ UNRWA လုပ်ငန်းလည်ပတ်ခွင့်တွေကိုပါ ပိတ်ပင်ခဲ့ပါတယ်။

အစ္စရေးဟာ ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲတုန်းက အရှေ့ဂျေရုဆလင်နဲ့ အနောက်ဖက် ကမ်းခြေဒေသတွေကို သိမ်းယူခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာတော့ အစ္စရေးက အရှေ့ဂျေရုဆလင်ကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းပြီး ဂျေရုဆလင်ကိုလည်း နိုင်ငံရဲ့ တရားဝင် မဟုတ်တဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပေမယ့် နိုင်ငံတကာ အသိုက်အဝန်းကတော့ လက်မခံခဲ့ပါဘူး။ တစ်ဖက်မှာတော့ ပါလက်စတိုင်းတွေက အရှေ့ ဂျေရုဆလင်ကို အနာဂတ်မှာ ထူထောင်ဖို့ ရည်ရွယ်ထားတဲ့ ပါလက်စတိုင်း နိုင်ငံသစ်ရဲ့ မြို့တော်အဖြစ် လျာထားကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ အပစ်အခတ် ရပ်စဲလိုက်တာဟာ အစ္စရေးကို တိုက်ခိုက်မှုတွေနဲ့တော့ ဆက်နွှယ်မှု မရှိကြောင်း ယီမင်အခြေစိုက် ဟိုသီ လက်နက်ကိုင် အင်အားစုတွေက ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင် ဒေသကို သိမ်းယူဖို့ အစီအစဉ် အပါအဝင် ဟားမားစ် ပြောက်ကျားတွေကို တိုက်ခိုက်မယ့် စစ်ဆင်ရေး အစီအစဉ်တွေ ချဲ့ထွင်ဖို့ အစ္စရေး အစိုးရအဖွဲ့က ညှိနှိုင်း သဘောတူထားပြီးဖြစ်ကြောင်း အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးဟာ ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဆုံး တောမီးလောင်ကျွမ်းမှုတွေကို ရင်ဆိုင်နေရပြီး ဂျေရုဆလင်မြို့ဟာ တောမီးအန္တရာယ် ခြိမ်းခြောက်မှုကို ကြုံနေရပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ မတ်လတုန်းက အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ စစ်ရေးအရ နားလည်မှု အလွဲအမှား တစ်ခုကြောင့် ဖြစ်တယ်လို့ အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။