မေ ၉၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ်နှင့် တပ်မဟာဌာနချုပ် ဟောင်းတည်ရှိရာ ထီးခီးဒေသအား ပြန်လည်သိမ်းပိုက်ရရှိမှုနှင့် ပတ်သက်ပြီး တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် တပ်ဖွဲ့များအား၊ ဒေသခံများကို KNUခရိုင် ဥက္ကဋ္ဌနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်မဟာမှူးတို့က ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာသည်။
တပ်မဟာ(၄)နယ်မြေရှိ ထီးထ စစ်ကောင်စီဗျူဟာစခန်းအား ဧပြီ ၁၉ရက်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထီးခီးနယ်စပ် စစ်ကောင်စီစခန်းကို မေလ ၉ရက်တွင် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထီးခီးစခန်းကို မေလ ၂ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၈ရက်မြောက်နေ့ မေလ ၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
” သူတို့(ထီးခီးစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ)က အကုန်လုံးထွက်ပြေးတာ။ လက်နက်ခဲယမ်းကတော့ ရတယ်”ဟု KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားပြီး လက်နက်ခဲယမ်းသိမ်းပိုက်ရရှိမှု အသေးစိတ် မသိရသေးဟု ဆိုသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း KNU၊ KNLA တပ်မဟာ(၄)နှင့်အတူ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့သည့် မဟာ မိတ်တော်လှန်ရေး အင်အားစုများအား ဂုဏ်ပြုအသိအမှတ်ပြုကြောင်း ထုတ်ပြန်သည်။
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်၍ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်လိုသည့် လူငယ် ရဲဘော်ရဲဖက်များ၏ ပေး ဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်ကြောင်း ဖော်ပြသည်။
စုပေါင်းညီညွတ်သောအင်အားဖြင့် အခုကဲ့သို့ အောင်ပွဲရရှိစေရန် နည်းပညာအားဖြင့်ဖြစ်စေ၊ ဘဏ္ဍာငွေအားဖြင့်ဖြစ်စေ အဖက်ဖက်မှ ကူညီပံ့ပိုးသူများ ၊ တိုက်ပွဲဝင် ရဲဘော်များ ဘေးရန်ကင်း ဝေးစေရန်အတွက် ဝိုင်းဝန်း ဆုတောင်းမေတ္တာပို့သ၍ စိတ်ဓါတ်ခွန်အား ပံ့ပိုးပေးကြ သည့် ပြည် သူများ အား ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်သည်။
ထီးခီးစခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် အဖွဲ့များကိုလည်း ဖော်ပြခဲ့ရာ KNLA တပ်မဟာ (၄) ဌာနချုပ်တပ်ဖွဲ့များ၊ KNLA တပ်မဟာ (၄)တပ်ရင်း (၁၀)၊ KNLA တပ်မဟာ ၄ တပ်ရင်း (၁၁)၊ KNLA တပ်မဟာ (၄) တပ်ရင်း (၂ဝ၃)၊ KNLA တပ်မဟာ ၄. KNDO တပ်ရင်း (၇)၊ KNU – မြိတ်-ထားဝယ်ခရိုင် သစ်တောဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်, ထားဝယ်ခရိုင် တပ်ရင်း (၁)၊ ထားဝယ်ခရိုင် တပ်ရင်း(၂)၊ FFD -Force for Federal Democracy၊ KDSF – Karen Drone အထူးတပ်ဖွဲ့၊ Dragon Square UAV၊ ဘုတ်ပြင်းမြို့နယ် CDM ရဲတပ်ဖွဲ့၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF၊ KNPF-ကရင်အမျိုးသားရဲတပ်ဖွဲ့၊ Sky Ghost Drone တပ်ဖွဲ့၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA )၊ တပ်မဟာ-၄ အထူးတပ်ဖွဲ့၊ တပ်မဟာ-၄၊ တပ်ရင်း(၁၂) sniper အဖွဲ့၊ ကျေးရွာလုံခြုံရေးအဖွဲ့များ၊ နယ်မြေအတွင်းရှိ ဒေသခံများ တို့ဖြစ်သည်။
ယခုသိမ်းပိုက်ခဲ့သည့် ထီးခီးဒေသတွင် ၁၉၇၅က KNU မြိတ်-ထားဝယ်ခရိုင် ခရိုင်ဌာနချုပ်၊ တပ်မဟာ(၄) ဌာနချုပ်ကို စတင်တည်ဆောက်ခဲ့ရာ ၁၉၉၇တွင် စစ်တပ်က တပ်ရင်း ၂၀ ခန့်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ လက်လွှတ်ခဲ့ရသည်ဟုဆိုသည်။
အဆိုပါ နယ်မြေကို နှစ်ပေါင်း ၂၈ နှစ်ခန့်အကြာတွင် KNU ပူးပေါင်းတပ်က ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
