ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဆောက်လက်စ အထပ်မြင့် တိုက်ကြီးရဲ့ အောက်ခြေ နေရာတွေထိ ရှာဖွေရေးတွေ စတင်လာနိုင်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ အခုအခါမှာတော့ အစိုးရ စာရင်းစစ်ရုံး (SAO) အဆောက်အအုံရဲ့ မြေအောက်ထပ် အလွှာတစ်ခုလုံးကို ဝင်ရောက်နိုင်လောက်တဲ့အထိ ရှင်းလင်းမှုတွေ လုပ်ဆောင်ထားနိုင်ပြီလို့ ဘန်ကောက် မြို့ပြ စီမံအုပ်ချုပ်ရေးဌာန (BMA)ရဲ့ သဘာဝ ဘေးအန္တရာယ် တားဆီး ကာကွယ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဆူရီယာချိုင် ရာဝီဝမ်က ဆိုပါတယ်။
မေလ ၅ ရက်နေ့ထိ အခြေအနေအရ ၃၃ ထပ် အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပြန့်ကြဲနေတဲ့ လူ့ခန္ဓာကိုယ် ရုပ်ကြွင်း အစအနပေါင်း ၂၀၀ ကျော်ကို ဘန်ကောက် ရဲတပ်ဖွဲ့ ဆေးရုံရဲ့ မှုခင်းဌာနဆီ ပေးပို့ပြီး DNA ခွဲခြားစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆူရီယာချိုင်က ဆက်ပြောပါတယ်။
မတ်လ ၂၈ ရက်နေ့က အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီးကြောင့် ဘန်ကောက်မှာ ဆောက်လုပ်နေဆဲ အထပ်မြင့်တိုက်ကြီး ပြိုကျခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ကရိန်းကားတွေ၊ မြေတူးစက်တွေ စုစုပေါင်း ယန္တရား အစီး ၇၀ လောက်ကို အသုံးပြုခဲ့တဲ့နောက် အခုအခါမှာတော့ အဆောက်အအုံရဲ့ မီတာ ၄၀ ပတ်လည် ကျယ်ဝန်းတဲ့ အောက်ခြေဇုန်ထိ ကယ်ဆယ်ရေး အဖွဲ့တွေ လက်လှမ်းမီလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ အဓိက ရည်မှန်းချက်ဟာ ပျောက်ဆုံးနေသူ ၁၃ ဦးရဲ့ ရုပ်အလောင်း အပိုင်းအစတွေကို ရှာဖွေနိုင်ရေးလို့ သိရပါတယ်။
BMAအတွက် အခုလောက် ပမာဏ ကြီးမားပြီး ရှုပ်ထွေးတဲ့ ရှာဖွေရေး မစ်ရှင်မျိုး အတွေ့အကြုံ မရှိခြင်းက အခက်အခဲတွေနဲ့ ရင်ဆိုင်ရစေခဲ့တယ်လို့လည်း ဆူရီယာချိုင်က ဝန်ခံခဲ့ပါတယ်။
စာရင်းတွေအရ ငလျင်ကြောင့် SAO အဆောက်အအုံ ပြိုကျမှုမှာ ၈၇ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ၁၃ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်သလို ၉ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရပါတယ်။
ကိုးကား: Bangkok Post
