မေ ၉၊၂၀၂၅။ကဖေး/People’s Spring
ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် အနောက်ပိုင်းစစ်ဌာနချုပ်(နပခ) သိမ်းယူသည့်တိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA) နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်များအား တိုင်းအဆင့်ဂုဏ်ပြုပွဲ ကျင်းပခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကိုင်းတိုင်းပကဖမှ တပ်ရင်း(၁)ရင်းစာ ပါဝင်တိုက်ခိုက်ပေးခဲ့ပြီး
ဂုဏ်ပြုပွဲကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပကဖက ယနေ့(မေလ ၉ရက်) တွင် သတင်းထုတ်ပြန်သည်။

Public Service Announcement
” ကျွန်တော်တို့ ဒါကို တရားဝင်ထုတ်ပြန်တာပါ။ ရဲဘော်တွေကို တိုင်းအဆင့်ဂုဏ်ပြုခဲ့တာပါ”ဟု ယင်းမာပင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကိုင်းတိုင်းပကဖ ရဲဘော် ၁၅ဦး ကျဆုံးခဲ့ပြီး ၇၀ကျော် ဒဏ်ရာရရှိခဲ့သည်။ယင်းတို့အနက် ယင်းမာပင်ခရိုင် ပကဖရဲဘော် ၃၂ ဦးပါဝင် တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၂ဦးကျဆုံးကာ တစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။
တိုက်ပွဲဝင် အောင်ပွဲရရဲဘော်များကို စစ်ကိုင်းတိုင်း ပကဖမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ခဲ့ပြီး ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့ကြေးပေးအပ်၍ ရဲဘော်များမှ ဂုဏ်ပြုဦးညွှတ်အလေးပြုခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အမ်းမြို့နှင့် အနောက်ပိုင်းစစ်ဌာနချုပ်(နပခ)ကို လပေါင်းများစွာထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၂၀၂၄ ဒီဇင်ဘာ ၂၀ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတွင် နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အပြင် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့သည်။
