မေ-၉၊၂၀၂၅။People’s Spring
ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။
ဘန်ကောက်မြို့တော်ကချူလာလောင်ကွန်း တက္ကသိုလ်မှာတွဲဖက်ပါမောက္ခတာဝန်ယူထားတဲ့ ဒေါက်တာ သီရာ ဝန်ရာတာနာရတ်က ဧပြီ ၂၇ ရက်ကနေ မေလ ၃ ရက်နေ့ထိ တစ်ပတ်လောက် ကာလအတွင်း ဆေးရုံသွားဖို့ လိုအပ်ခဲ့တဲ့ထိ ကိုဗစ်လူနာ ၈၄၄၆ ဦး ရှိခဲ့တာကို Facebookပေါ်မှာ အသိပေး ရေးသားထားခဲ့ပါတယ်။
အဲဒီထဲမှာဘန်ကောက်ဟာကိုဗစ်လူနာ၂၃၇၇ ဦး နဲ့ အများဆုံးအဖြစ် ဦးဆောင်နေပြီး ချောင်ဘူရီက ၆၈၀ ဦးနဲ့ ဒုတိယ၊ နွန်သာဘူရီက ၄၉၀ နဲ့ တတိယ အသီးသီး ရပ်တည်ခဲ့ကြပါတယ်။

Public Service Announcement
အသက် ၃၀ နဲ့ ၃၉ နှစ်ကြား အစုအဖွဲ့မှာလူနာ အများဆုံးဖြစ်ပြီး ၁၇၉၄ ဦး ရှိခဲ့ပြီး အသက် ၂၀ နဲ့ ၂၉ နှစ်ကြားက ၁၅၄၀ ဦး၊ အသက် ၆၀ အထက်က ၁၅၃၆ ဦး ရှိခဲ့တယ်လို့ ဒေါက်တာ
သီရာက ဆိုပါတယ်။
နောက်ပြီး မေလ ၄ ရက်နဲ့ ၇ ရက်နေ့ အတောအတွင်းမှာလည်း ထိုင်းနိုင်ငံရဲ့ ကိုဗစ် ကူးစက်မှုတွေဟာ တုပ်ကွေး ကူးစက်မှုတွေထက် နှစ်ဆ ပိုများနေခဲ့တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
ထိုင်းဟာကလေးတွေ၊ ကျောင်းသူကျောင်းသားတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဆေးရုံတက်နေတဲ့ လူနာတွေကို ကိုဗစ်ရောဂါ ကူးစက်မှုဆိုင်ရာ တားဆီးကာကွယ်ရေး ကဏ္ဍတွေမှာ ပိုမို အာရုံစိုက်ထားကြဖို့ တိုက်တွန်းထားပါတယ်။
၂၀၁၉ ခုနှစ် နှောင်းပိုင်းတုန်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ကနေ စတင်ပျံ့နှံ့လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ် အသစ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါကို နောက်ပိုင်းမှာ ကိုဗစ်လို့ နာမည် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ ကိုဗစ်ကြောင့် လူပေါင်း ၇ သန်းကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းတွေ ရရှိထားပြီး တကယ့် အသေအပျောက်ဟာ ၁၈ သန်းနဲ့ ၃၃ သန်းကြားထိ များပြားနိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးတွေနဲ့ ထိရောက်တဲ့ ကုထုံးတွေ ထွက်ပေါ်လာတဲ့နောက် ကိုဗစ်ဟာကပ်ရောဂါ အဆင့်ကနေ လျော့ကျသွားပြီး ရာသီအလိုက် ဖြစ်ပွားတဲ့ ရောဂါအဖြစ်တော့ ဆက်လက် တည်ရှိနေပါတယ်။ ကိုဗစ်ကြောင့် သေနှုန်း သိသိသာသာ ကျဆင်းသွားပေမယ့် သက်ကြီးရွယ်အိုတွေ၊ နာတာရှည် ရောဂါတွေနဲ့ တခြား ကိုယ်ခံအားဆိုင်ရာ ပြဿနာ ရှိနေသူတွေအတွက် ခြိမ်းခြောက်မှုတွေ ရှိနေဆဲလို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ကိုးကား-The Nation
