တရုတ်ဆီကနေ မှာယူထားတဲ့ တိုက်လေယာဉ်တွေကို အသုံးပြုပြီး အိန္ဒိယ တိုက်လေယာဉ်တွေကို ပစ်ချနိုင်ခဲ့တာလို့ ပါကစ္စတန် အစိုးရက ပြောပါတယ်။
ပါကစ္စတန် လေတပ်ရဲ့ J-10C တိုက်လေယာဉ်တွေဟာ မေလ ၇ ရက် မနက်အစောပိုင်းက အိန္ဒိယနဲ့ နယ်စပ်ဖြတ်ကျော် ဝေဟင်စီးချင်းမှာ ရန်သူလေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တာလို့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ်ရှရစ်ဖ်က ပြောပါတယ်။
ပါကစ္စတန် ပိုင်နက်နဲ့ ပါကစ္စတန် ထိန်းချုပ်ရာ ကက်ရှ်မီးယား အစိတ်အပိုင်းတွေကို အိန္ဒိယက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့တဲ့ လေကြောင်းစစ်ဆင်ရေးတွေကို ပါကစ္စတန်က တုံ့ပြန်ရာက နှစ်ဖက်ကြား တိုက်လေယာဉ်တွေ ဒုံးကျည်စီးချင်း ထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ပါကစ္စတန်က အဲဒီဝေဟင်တိုက်ပွဲမှာ နှစ်ဖက် တိုက်လေယာဉ်တွေဟာ နယ်စပ်မျဉ်းကို မကျော်ဘဲ ကိုယ်စီ လေပိုင်နက်တွေထဲကနေ အသီးသီး ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပါကစ္စတန် လေယာဉ်တွေက ပစ်ချလို့ အိန္ဒိယ လေတပ်ရဲ့ ပြင်သစ်လုပ် အဆင့်မြင့် Rafale ၃ စီး အပါအဝင် တိုက်လေယာဉ် ၅ စီးနဲ့ ဒရုန်း ၁ စီး ပျက်ကျခဲ့တယ်လို့ ပါကစ္စတန်ဖက်က ကြွေးကြော်ထားပါတယ်။

Public Service Announcement
အိန္ဒိယ စစ်တပ်က တိုက်လေယာဉ်တွေ ဆုံးရှုံးခဲ့တယ် ဆိုတာကို အတည်မပြုသေးပေမယ့် ပြင်သစ် ထောက်လှမ်းရေးကတော့ အနည်းဆုံး Rafaleတစ်စီး ပျက်ကျခဲ့တယ်လို့ ယုံကြည်ရကြောင်း မှတ်ချက် ပေးထားပါတယ်။ ဒါဟာ ပြင်သစ် ကုမ္ပဏီ Dassaultက ထုတ်လုပ်တဲ့ ထိပ်တန်း တိုက်လေယာဉ်တွေရဲ့ ပထမဆုံး စစ်မြေပြင် ဆုံးရှုံးမှု ဖြစ်လာမှာပါ။
ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီး အစ်ရှ်ဒါးကလည်း လွှတ်တော်မှာ သီးခြား မိန့်ခွန်းပြောတဲ့အခါ Rafale ၃ စီးအပါအဝင် အိန္ဒိယ တိုက်လေယာဉ်တွေကို ပစ်ချနိုင်ခဲ့ကြောင်း၊ အဲဒီအတွက် ပါကစ္စတန်က J-10Cတွေကို အသုံးပြုခဲ့ကြောင်း၊ ဒီတိုက်လေယာဉ်တွေကို တရုတ်က ထုတ်လုပ်ပေးထားတာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
တကယ်လို့ ပါကစ္စတန်ရဲ့ စကားသာ မှန်ကန်တယ်ဆိုရင် တရုတ်နည်းပညာနဲ့ ထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေက လက်တွေ့ ဝေဟင်စီးချင်းတိုက်ပွဲမှာ ပထမဆုံးအကြိမ် ရန်သူကို ပစ်ချနိုင်မှုအဖြစ် မှတ်တမ်းဝင်လာမှာ ဖြစ်ပါတယ်။
လောလောဆယ်တော့ Dassaultရဲ့ ရှယ်ယာစျေးတွေက ကျဆင်းနေပြီး J-10Cတွေကို ထုတ်လုပ်တဲ့ တရုတ် ကုမ္ပဏီ Chenduရဲ့ ရှယ်ယာ တန်ဖိုးတွေကတော့ တောက်လျှောက် မြင့်တက်လာနေပါတယ်။
J-10Cတွေဟာ J-10 တိုက်လေယာဉ် မျိုးဆက်တွေမှာ လက်ရှိ အဆင့်အမြင့်ဆုံးဖြစ်ပြီး PL-15 ဝေဟင်ပစ် ဒုံးကျည်တွေ အပါအဝင် စွမ်းဆောင်ရည်မြင့် စစ်လက်နက်တွေ တပ်ဆင်နိုင်စွမ်း ရှိပါတယ်။ အိန္ဒိယနဲ့ ဝေဟင်စီးချင်း ထိုးရာမှာလည်း ပါကစ္စတန် လေတပ်ဟာ အဲဒီဒုံးကျည်တွေကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်။ J-10Cတွေဟာ အင်ဂျင် တစ်လုံးတပ်၊ အလတ်စား ဘက်စုံသုံး တိုက်လေယာဉ်တွေဖြစ်ပြီး လက်ရှိမှာတော့ ပါကစ္စတန်နဲ့ တရုတ် နှစ်နိုင်ငံတည်းမှာပဲ အသုံးပြုနေပါသေးတယ်။
ပါကစ္စတန် လေတပ်ဟာ J-10Cတွေရဲ့ ပြည်ပတင်ပို့တဲ့ ဗားရှင်းဖြစ်တဲ့ J-10CE အစီး ၂၀ ကို ပိုင်ဆိုင်ထားပြီး နောက်ထပ် ၁၆ စီးကို မှာယူထားဆဲလို့ သိရပါတယ်။
ကိုးကား: SCMP
