မေ ၆၊၂၀၂၅။နေ့သစ်/People’s Spring
ရန်ကုန်မြို့၌ ယနေ့(aမေ ၆ရက်) ည ၁၀နာရီ ၅၆ မိနစ်တွင် ငလျင်လှုပ်ခတ်သွားပြီး စမ်းချောင်း၊ လှိုင်မြို့နယ်အပါအဝင် မြို့နယ်အချို့ အထက်မြင့်တိုက်ခန်းနေထိုင်သူများ လမ်းမပေါ်ပြေးဆင်းခဲ့ကြသည်။
ငလျင်သည် ည ၁၀နာရီခန့်က တစ်ကြိမ်လှုပ်ခတ်သွားခဲ့ပြီး ၁၀နာရီ ၅၆ မိနစ်တွင် လှုပ်သောငလျင်မှာ သိသိသာသာခံစားလိုက်ရ၍ လမ်းမပေါ်သို့ ထွက်နေခြင်းဖြစ်ကြောင်း စမ်းချောင်းတွင်နေထိုင်သူ တစ်ဦးက ပြောသည်။

Public Service Announcement
“မြို့ထဲမှာလည်း လှုပ်တယ်တဲ့။ ၁၅ လမ်း ၊ ၁၇ လမ်း လူတွေအများကြီးပဲတဲ့။ ဒီညတော့ မအိပ်ရဲတော့ဘူး။”ဟု စမ်းချောင်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
“မစိုးရိမ်တိုက်တုန်းကတောင် ပထမတစ်ခါလှုပ်ပြီးတော့ ဆင်းပြေးရင်မှီတာကို ဆက်ထိုင်နေကြတာ ။အသက်ကိုဉာဏ်စောင့်တဲ့။ ကံလည်းပါတာပေါ့”ဟု လှိုင်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
ငလျင်မှာ တစ်ချက်တည်းလှုပ်ခတ်ခြင်းဖြစ်သော်လည်း တိုက်အမြင့်ပေါ်တွင် နေထိုင်သူများစိုးရိမ်ထိတ်လန့်ကာ တိုက်အောက်သို့ ဆင်းနေကြသည်ကို တွေ့ရသည်။
လူအများစုသည် အရေးပေါ်အထုပ်များပြင်ဆင်ထားကာ တိုက်အောက်သို့ဆင်းနေကြခြင်း ဖြစ်သည်။
ည ၁၀နာရီ ၅၅ မိနစ်အချိန်ခန့်တွင် လှုပ်ခတ်သောငလျင်သည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီ
တာ (၆ မိုင်ကျော်)ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၃.၇ ရှိသောအင်အားအနည်းငယ်ရှိသည့် မြေငလျင်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM) ကထုတ်ပြန်သည်။
ထို့အပြင် ည ၉ နာရီ ၄၀ မိနစ်အချိန်ကလည်းအဆိုပါနေရာအနီး၌ပင် ရစ်ခ်တာစကေး ၂.၉ အဆင့်နှင့် ငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့သည်ဟုအသိပေးထားသည်။
ယေဘုယျအားဖြင့် ရစ်ခ်တာစကေး၄နှင့်အထက်ငလျင်များသည် ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပေးချက်ထုတ်ပြန်သော်
လည်း ရန်ကုန်တိုင်းအတွင်းလှုပ်ခတ်သည့် ငလျင်ငယ်များအတွက်အများပြည်သူ စိုးရိမ်ပူပန်မှုများရှိခြင်းကြောင့် သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်ဟုဖော်ပြထားသည်။ထိုအပြင် မြေငလျင်တိုင်းတာစက်များနှင့် ငလျင်ဗဟိုချက်၏အနီးအဝေးပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်းလည်းသိရသည်။
မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့တွင် နောက်ဆက်တွဲငလျင်များ မကြာခဏလှုပ်ရှားနေသည်။ယင်းငလျင်၏နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် MOHADMက သတိ ပေးထားသည်။
ရန်ကုန်မြို့အနီးတွင် ငလျင်ပြတ်ရွေ့အချို့ရှိပြီး ဒေဒရဲ့ပြတ်ရွေ့လှုပ်ရှားပါကလည်း ရန်ကုန်တွင်လည်း မြေလွှာလှုပ်ရှားမှုရှိသည်။
ထို့အပြင် စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်ပိုင်းဟု ဘူမိဗေဒပညာရှင်များက သတ်မှတ်ထားသည့် ပဲခူးမြို့အနီးတွင် ငလျင်လှုပ်ရှားပါက ရန်ကုန်တွင်လည်း သတိပြုရန်လိုအပ်သည်ဟု ပညာရှင်များကသတိပေးထားသည်။ ရန်ကုန်တွင် ယနေ့ညလှုပ်သည့်ငလျင်နှင့်ပတ်သက်၍ အသေးစိတ်ကို မသိရသေးပေ။
