ဂါဇာ ကမ်းမြှောင် ဒေသကို သိမ်းယူဖို့ အစီအစဉ် အပါအဝင် ဟားမားစ် ပြောက်ကျားတွေကို တိုက်ခိုက်မယ့် စစ်ဆင်ရေး အစီအစဉ်တွေ ချဲ့ထွင်ဖို့ အစ္စရေး အစိုးရအဖွဲ့က ညှိနှိုင်း သဘောတူထားပြီးဖြစ်ကြောင်း အစိုးရ အရာရှိ တစ်ဦးက ပြောပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းမှာ ဟားမားစ်တွေက အစ္စရေးတောင်ပိုင်း နယ်မြေတွေကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ချိန် ကတည်းက စစ်ကာလအတွက် ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ အစ္စရေး လုံခြုံရေး အစိုးရ အဖွဲ့ရဲ့ ဆွေးနွေးမှုတွေအတွင်း ဂါဇာမှာ စစ်ဆင်ရေးတွေ လက်ရှိထက် ချဲ့ထွင်ဖို့၊ ဂါဇာကို အစ္စရေး လက်အောက်မှာ ထိန်းချုပ် သိမ်းယူထားဖို့ သဘောတူခဲ့ကြကြောင်း အဲဒီ အရာရှိက ဆိုပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာကို သိမ်းယူမယ်ဆိုတဲ့ ကိစ္စကို တိုက်ရိုက် မှတ်ချက် မပေးခဲ့ပေမယ့် ဟားမားစ်တွေကို ဖျက်ဆီးပစ်ဖို့၊ ပြီးတော့ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေကို ကယ်ထုတ်ဖို့အတွက် အင်အားသုံး စစ်ဆင်တိုက်ခိုက်ရမယ် ဆိုတာကို အစိုးရအဖွဲ့ ဆွေးနွေးမှုမှာ သဘောတူခဲ့ကြောင်း ပြောကြားသွားပါတယ်။
အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် ဂါဇာ လူဦးရေ ၂.၁ သန်းဟာ ရွှေ့ပြောင်းရမယ့် အခြေအနေတွေ ရှိလာမယ်လို့လည်း နေတန်ညာဟုက ဆိုပါတယ်။ ဒါ့အပြင် အစ္စရေး တပ်တွေဟာ ဂါဇာကို ခဏတဖြုတ် ဝင်တိုက်ပြီး ပြန်ထွက်လာတာမျိုး မဟုတ်မှာတော့ သေချာတယ်လို့ ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

Public Service Announcement
အစ္စရေး အစိုးရက ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေမှုကို ပုဂ္ဂလိက ကုမ္ပဏီတွေနေတဆင့် လုပ်ဆောင်သင့်တယ် ဆိုတဲ့အချက်ကိုလည်း ဆွေးနွေး သဘောတူခဲ့ပါတယ်။ အစ္စရေးရဲ့ ၂ လတာ ပိတ်ဆို့မှုကြောင့် ဂါဇာပြည်သူတွေ ထိခိုက်ကျပ်တည်းနေကြောင်း ကုလသမဂ္ဂက ဝေဖန်နေတဲ့နောက် အစ္စရေး အစိုးရက အခုကိစ္စကို အဆိုပြုလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂနဲ့ တခြား ထောက်ပံ့ရေး အေဂျင်စီတွေကတော့ အစ္စရေးရဲ့ အဆိုပြုချက်ဟာ လူသားချင်း စာနာမှုဆိုင်ရာ အခြေခံ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ရာ ကျနေပြီး ပူးပေါင်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဟားမားစ်ဖက်က အရာရှိ တစ်ယောက်ကတော့ အစ္စရေး လုပ်နေသမျှဟာ ခြိမ်းခြောက်၊ ဖိအားပေး၊ အကျပ်ကိုင်နေမှုတွေသာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
အစ္စရေးရဲ့ အမာခံ မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အစ္စရေးရဲ့ ဂါဇာထိုးစစ် ပိုမို ချဲ့ထွင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး တိုက်ရိုက် မှတ်ချက်မပေးပေမယ့် ဂါဇာက ပါလက်စတိုင်း ပြည်သူတွေဆီ ရိက္ခာ ထောက်ပံ့ ပို့ဆောင်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ပဲ ပြောကြားခဲ့ပါတယ်။
ဗြိတိန် အစိုးရက ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ချဲ့ထွင်မယ့် ကိစ္စကို ထောက်ခံမှာ မဟုတ်ဘူးလို့ အတိအလင်း ထုတ်ပြန်ထားပြီး ဥရောပ သမဂ္ဂက (EU)တော့ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်စေလိုကြောင်း ကြေညာထားပါတယ်။ ပါလက်စတိုင်း ပြည်သူတွေအတွက် နောက်ထပ် ထိခိုက်နာကျင်မှုတွေ၊ သေကြေပျက်စီးမှုတွေ မကြုံစေသင့်တော့ဘူးလို့ EUက ဆိုပါတယ်။
အစ္စရေး လုံခြုံရေး အဖွဲ့ဟာ မေလ ၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဂါဇာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကိုတော့ နောက်တစ်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟားမားစ်တို့ဟာ ၂ လကြာ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် သက်တမ်းတိုးဖို့ ညှိနှိုင်းမှုတွေ မအောင်မြင်ဘဲ မတ်လ ၁၈ ရက်နေ့မှာ အစ္စရေးရဲ့ ထိုးစစ်တွေ ပြန်စလာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: BBC
