မေ ၉၊ ၂၀၂၅။ကျော်ဇော/People’s Spring
တနင်္သာရီတိုင်း၊ ပုလောမြို့အဝင်၊ တောင်ယာကမ်းကျေးရွာရှိ စစ်ကောင်စီ၏ နယ်မြေရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ သေနတ်တစ်လက်သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(မေလ ၉ ရက်)နံနက် ၆နာရီခွဲခန့်က တောင်ယာကမ်းကျေးရွာရှိ နယ်မြေရဲစခန်းကို မိနစ် ၃၀ခန့်ကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသေဆုံး၍ ခြောက်ဦးထက်မနည်းဒဏ်ရာရသွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။
“အဓိကအားဖြင့် အချုပ်သားတွေ ထားတဲ့နေရာပါ။ သူက ပုလောမြို့အဝင်မှာ ရှိတာခင်ဗျ။ အင်အား ၂၀ ဝန်းကျင်ပါ”ဟု စစ်ကောင်စီရဲစခန်းအခြေအနေကို မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန် ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ချိန်တွင် အဆိုပါ တောင်ယာကမ်းရဲစခန်း၌ ဖမ်းဆီးအချုပ်ချခံထားရသည့် အချုပ်သားများ ရှိ၊မရှိကို မသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
ပုလောမြို့အဝင်မှ တောင်ယာကမ်းနယ်မြေရဲစခန်းတိုက်ခိုက်မှုတွင် G3 အမျိုးအစားသေနတ်တစ်လက်၊ ခဲယမ်းများ၊ ခက်ကိုင်ဖုန်းနှစ်လုံးနှင့် ရဲအသုံးအဆောင်ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)က အသိပေးသည်။
“စစ်ဆင်ရေးအရ မူလကတည်းက ရဲစခန်းကို သိမ်းပိုက်ထိန်းချုပ်ဖို့အထိ အစီအစဉ်မရှိခဲ့ဘူး။ အခြေအနေအရလည်း အကျိုးအမြတ်ရနေပြီဆိုတော့ ပြန်ဆုတ်လိုက်တာပါဗျ”ဟု နာရီဝက်ကြာတိုက်ခိုက်ပြီးနောက် တပ်ဆုတ်ခဲ့ပုံကို တပ်ရင်းမှ တာဝန်ရှိသူက ရှင်းပြသည်။
တော်လှန်ရေးတပ်ဖွဲ့များ တပ်ပြန်ဆုတ်ပြီးချိန်တွင် ပုလောမြို့နယ် ခမရ(၂၈၅)တပ်ရင်းမှ စပူပြင်ကျေးရွာဘက်သို့ လက်နက်ကြီး ၁၅ လုံးခန့်ပစ်ခတ်ခဲ့သည့်အပြင် အောက်ပေါင်းကျေးရွာမှ ပြည်သူ ငါးဦးကိုလည်း ဖမ်းဆီးသွားကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)နှင့် ဒေသခံများက ပြော သည်။
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်−ထားဝယ်ခရိုင်၊ ထီးခီးဒေသ အတွင်းရှိ ထီးထာဗျူဟာစခန်းအား ပြီးခဲ့သည့် ဧပြီ ၁၉ရက် နှင့် ထီးခီးဗျူဟာစခန်းအား ယနေ့(မေ ၉ရက်) နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက အလုံးစုံသိမ်းပိုက် ရရှိခဲ့သည်ဟု KNUက ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။
