Scorpio/People’s Spring
စစ်ကိုင်းငလျင်ကြီးကြောင့်ပြိုပျက်ထားတဲ့မန္တလေး တနေရာက ဘုရားပြိုဘုရားပျက်တွေရဲ့အစွန်မှာ ယာယီထိုးထားတဲ့ မိုးကာတဲတန်းလေးတခုရှိတယ်။
မိုးကာတဲတန်းရဲ့ အစွန်မှာ အမိုးအကာတွေစုတ်ပြဲပြီး ယိုင်နဲ့နေတဲ့ လက်တွန်းလှည်းလေးတစီး ရပ်ထားတယ်။ လက်တွန်းလှည်းလေးထိပ်က ဆိုင်းဘုတ်လေးမှာ ဗန်းမော်သူဆိုတဲ့ စာလေးရေးထိုးထားတယ်။ “စျေးရောင်းတာမှ တပတ်ပဲ ရှိသေးတယ်။ ငလျင်နဲ့တိုးတာ။”လို့ အသက် ၃၀ ကျော်မသီရီ(အမည်လွှဲ)က ပြောပြတယ်။
မသီရိက လက်ရှိ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကပါ။ တိုက်ပွဲတွေကြောင့် ဆက်နေထိုင်ဖို့ ဘယ်လိုမှမဖြစ်တော့တာကြောင့် ဒီနှစ် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက မန္တလေးကို ပြောင်းလာခဲ့ကြတယ်။

Public Service Announcement
ပြောင်းရွှေ့တော့ အိမ်ထောက်ပရိဘောဂတွေ၊ အိုးတွေခွက်တွေကအစ ရသလောက်သယ်လာခဲ့တယ်။ လမ်းမှာ စရိတ်ပြတ်တော့ ရသလောက်စျေးနဲ့ ရောင်းချပြီး ခရီးဆက်ခဲ့ရတယ်လို့ မသီရိက ပြောပြတယ်။
မသီရိတို့ မန္တလေးရောက်တော့ အသိဘုန်းတော်ကြီးကျောင်းတကျောင်းမှာ ဝင်ခိုကပ်နေရတယ်။ အဲဒီဘုန်းကြီးကျောင်းမှာပဲ မသီရိတို့လို ဗန်းမော်ဘက်ကနေ လာရောက်စစ်ရှောင်ကြတဲ့သူတွေနဲ့ပါဆုံရတယ်။
မသီရိတို့အလုပ်တခုခုလုပ်ဖို့ကြိုးစားပေမဲ့မန္တလေးလမ်းတွေ မကျွမ်းကျင်တာကြောင့် အလုပ်ထွက် လုပ်ဖို့အဆင်မပြေခဲ့ဘူး။ ရှိတာလေးထုခွဲရောင်းချရင်းနေလာလိုက်တာမတ်လထဲရောက်လာခဲ့တယ်။ မတ်လ တတိယပတ်ထဲမှာ မသီရိတို့တတွေ စုပေါင်းပြီး လမ်းဘေးအစားအသောက်ဆိုင်လေးတဆိုင်ဖွင့်ဖို့ ကြိုးစားကြတယ်။မသီရိကတော့အဓိကပေါ့။
အိုးခွက်ပန်းကန်တွေဝယ်ရတယ်။လှည်းရိုက်ရတယ်။ ရှိသမျှပိုက်ဆံကုန်တာပဲ။
ထမင်းကြော်တို့၊ငါးပေါင်းတို့ အအေးတို့ရောင်းတယ်။ စရောင်းခါစဆိုတော့ သိပ်မရောင်းရသေးဘူး။ လိမ်ဖယ်လိမ်ဖယ်နဲ့ ရောင်းနေတုန်း တပတ်လောက်ရှိသေး မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခါယမ်းတော့တယ်။မသီရိတို့ဆိုင်လေး ရမ်းခါသွားတော့တယ်။ ပန်းကန်တွေကော အအေးခွက်တွေကော ရစရာမရှိအောင်ကွဲခဲ့တယ်။ ခြေထောက်တွေလည်း ဖန်ကွဲစတွေထိခဲ့တယ်။ ထီးတွေလည်း ကျိုးသွားခဲ့တယ်။
ငလျင်လှုပ်တဲ့အချိန်ဘုန်းကြီးကျောင်းသိမ်ကျောင်းနားပြေးရှောင်တဲ့ မသီရိတို့အဖွဲ့ထဲက အသက် ၈၅ နှစ်အရွယ် စစ်ရှောင်အဘိုးအိုတဦးလည်း ကျောင်းပြိုလို့ အသက်တိမ်းပါးခဲ့ရတယ်။ သူ့ဇနီးသည် အဘွားအိုက နှလုံးရောဂါသည်မို့ မသီရိတို့တတွေ အဘိုးဖြစ်စဥ် ပြောမပြရဲကြဘူး။ ကျောင်းပေါ်မှာ အိပ်နေတယ်လို့ ညာကြတယ်။ နောက်ဆုံး မြေချတော့မှ မဖြစ်မနေမို့ ဖွင့်ပြောလိုက်ရတယ်။ စစ်ရှောင်အဘွားအိုခမျာ ရင်ကွဲရပါတယ်။
ငလျင်ကြောင့် မသီရိတို့ ယာယီနေတဲ့ ကျောင်းကြီးပါ ပြိုသွားတာကြောင့် ကျောင်းအမှိုက်ပုံကြီးနား သွားနေရတယ်။ ငလျင်လှုပ်ပြီးမကြာခင် မိုးတွေလည်းရွာတော့ တော်တော်လေး ဒုက္ခရောက်ကြတယ်။
“မိုးကပါရွာချတော့ အစိုကြီးအတိုင်းနေရတော့တာ။”လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောတယ်။
ဒါ့အပြင်အမှိုက်ပုံနားနေကြရပြီးအိမ်သာပါမရှိတော့ ဝမ်းပျက်ဝမ်းလျှောတွေပါ ဖြစ်ခဲ့ကြတယ်လို့ စစ်ရှောင်တွေကရင်ဖွင့်ပါတယ်။ “ဆေးဝယ်ဖို့တောင် ပိုက်ဆံမရှိဘူး။”လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပြတယ်။
ဒါနဲ့ နောက်ဆုံးတော့ မသီရိတို့ စစ်ရှောင်တွေ ကျောင်းဝင်းထဲမှာ ယာယီတဲထိုးဖို့ ပြင်ကြတယ်။ ရပ်ဝေးရပ်နီးလာလှူတာနည်းနည်းရယ်၊ အတူနေ စစ်ရှောင်မိသားစုတွေရှိတဲ့ငွေလေးရယ်စုပေါင်း
ပြီး မိုးကာတွေဝယ်၊ ဝါးလုံးတွေဝယ်ပြီး ယာယီတဲထိုးကြတယ်။ ဝါးတလုံးငါးထောင်၊ တိုင်တစ်လုံး ရှစ်ထောင်၊ ထရံတချပ် လေးသောင်းခွဲနဲ့ ယာယီတဲတန်းလေးဟာ သိန်းချီကုန်ကျခဲ့တယ်လို့ ပြောပြတယ်။
မသီရိတို့လို စစ်ရှောင်ရင်း ငလျင်နဲ့တည့်တည့်တိုးပြီး ထိခိုက်သေဆုံးသူတွေ မန္တလေးနဲ့ စစ်ကိုင်းမှာ အများအပြား ရှိနေပါတယ်။ ထောင်ချီတဲ့သေဆုံးသူတွေထဲမှာ စစ်ရှောင်တွေ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းမြောက်က စစ်ရှောင်တွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကူညီရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။
စစ်ရှောင်တွေဟာရပ်ကွက်စာရင်းထဲမပါတာကြောင့် ငလျင်ဘေးသင့်ပြည်သူတွေလာလှူရင်မရဘူးလို့ စစ်ရှောင်တွေက ပြောပြပါတယ်။
မသီရိတို့တတွေကို ဘုန်းကြီးက အလုပ်ကလေးရပါစေဆိုပြီးပြိုကျသွားတဲ့အုတ်ချပ်တွေကအင်္ဂတေတွေကို တခဲတရာနှူန်းနဲ့ ခွာခိုင်းတယ်။ သို့ပေမဲ့ မသီရိတို့တတွေ မယူကြပါဘူး။ နေစရာပေးထားတာတောင် လွန်လှပြီလို့ စစ်ရှောင်တွေက ပြောပြတယ်။
မြန်မာနိုင်ငံမှာ ငလျင်ကြီး မလှုပ်ခတ်ခင်ကတောင် လူဦးရေ ၁၉.၉ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ရှိနေခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး(OCHA)က ဆိုပါတယ်။
ဘေးအန္တရာယ်ကြောင့် နောက်ထပ် လူဦးရေ ၂ သန်းကျော်ဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ငလျင်ဘေး အထိခိုက်ခဲ့ဆုံးဒေသတွေမှာရှိတဲ့ လူဦးရေ ၆ ဒသမ ၃ သန်းဟာ အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးမှုတွေ အရေးတကြီး လိုအပ်လျက်ရှိနေတယ်လို့ OCHA က ထုတ်ပြန်ပါတယ်။ အကူအညီလိုအပ်နေတဲ့ ၆ ဒသမ ၃ သန်းဟာ ချင်းပြည်နယ်ရဲ့ လူဦးရေထပ်တောင် ပိုများနေတာပါ။
ငလျင်လှုပ်ပြီးတာ တစ်လကျော်ခဲ့ပေမဲ့ မသီရိတို့တတွေ ကြောက်တဲ့စိတ်မပျောက်သေးဘူး။ ပိုဆိုးတာက တံတားဦးလေဆိပ်ကနေလည်း စစ်ကောင်
စီရဲ့လေယာဥ်တွေဟာ မကြာခဏ တက်နေတာမို့ စခန်းက ကလေးငယ်တွေဟာ ကြောက်နေကြတယ်လို့ ပြောပြတယ်။
“လေယာဥ်သံကြားလည်း ဟော။ ငလျင်သံကြားလည်း ဟောဆိုပြီး ကလေးက လန့်လန့်နေတာ။”လို့ စစ်ရှောင်ကလေးမိခင်တဦးက ဆိုလိုက်ပါတယ်။
