စစ်ကိုင်းငလျင်ကြီးအပြီးမှာ တော်လှန်ရေးတပ်တွေ နဲ့ စစ်ကောင်စီတို့က ယာယီအပစ်ရပ်တယ်လို့အသီးသီးကြေညာခဲ့ပေမယ့် မြေပြင်မှာတော့တိုက်ပွဲတွေပိုပြင်းထန်လာတဲ့အကြောင်း ဒီတစ်ပါတ်ပြောပြပါမယ် ။
စစ်ကိုင်းငလျင်နောက်ဆက်တွဲ အဆောက်အအုံရှင်းလင်းတာတွေ နဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေဆက်လုပ်နိုင်ဖို့အတွက်ဆိုပြီးမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က မေလအကုန်အထိ တစ်လကိုထပ်တိုးပြီး တစ်ဖက်သတ်အပစ်ရပ်တယ်လို့မေ ၁ ရက်နေ့ကကြေညာပါတယ် ။နိုင်ငံတစ်ဝန်းထိုးစစ်တွေကြောင့် စစ်ကောင်စီ အထိနာပြီး အင်အားချိနဲ့ နေတဲ့အချိန်မှာ အပစ်ရပ်တာဟာ စစ်ကောင်စီကို အားမွေးဖို့ ၊အခြားဒေသတွေကို ဖိနိုင်ဖို့အတွက် အခွင့်အရေးပေးသလိုဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ပြည်သူလူထူကြားမှာဖြစ်ပေါ်နေပါတယ် ။
အထူးသဖြင့် စစ်ကောင်စီက ၂၀၂၅ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေးအရ ထွက်ပေါက်ရဖို့ကြံစည်နေချိန်မှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီကို အချိန်မပေးသင့်တော့ဘူးလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

Public Service Announcement
ဒါပေမယ့် မြေပြင်မှာတော့ ပြည်သူလူထုစိုးရိမ်သလိုဖြစ်နိုင်လား ၊ဘယ်လိုဖြစ်နေလဲ ဆိုတဲ့အကြောင်းကိုဒီတစ်ပါတ် လေ့လာကြည့်ရအောင်ပါ။
၂၀၂၅ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး ရက်ပိုင်းအတွင်းမှာတော်လှန်ရေးအဖွဲ့တွေ နဲ့ စစ်ကောင်စီတို့က ယာယီအပစ်ရပ်ကြောင်း အသီးသီးကြေညာပါတယ်။ဒါပေမယ့် စစ်ကောင်စီကတော့ ငလျင်လှုပ်ပြီး နာရီပိုင်းအတွင်း နောင်ချိုကို ဗုံးကြဲသလို အပစ်ရပ်ကြေညာထားပေမယ့် နေ့တိုင်း နိုင်ငံတစ်ဝန်း ဗုံးပတ်ကြဲခဲ့ပါတယ် ။
ယာယီအပစ်ရပ် သက်တမ်းကုန်ဆုံးချိန်ဧပြီ နောက်ဆုံးပါတ်ရောက်တဲ့အခါ KIA နဲ့ပူးပေါင်းတပ်တွေက ဗန်းမော်မြို့သိမ်းတိုက်ပွဲကို လက်စသတ်နိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်ပါတယ် ။ စစ်ကောင်စီကလည်း ဖားကန့်ကို စစ်ကူတွေပို့နိုင်ဖို့စစ်ကြောင်းထိုးရင်းတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ပြန်ပါတယ် ။KNU/KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကလည်း မြန်မာ-ထိုင်းနယ်စပ် နဲ့ တပ်မဟာ (၆ ) ၊တပ်မဟာ ( ၄ ) စတဲ့ဒေသတွေမှာ စစ်တပ်စခန်းတွေ ၊တပ်ရင်းတွေကို အပြင်းအထန်ထိုးစစ်ဆင်လိုက်ပါတယ် ။
စစ်ကောင်စီကလည်း ဆုံးရှုံးထားတဲ့ မိုးဗြဲမြို့ ၊နောင်ချိုမြို့ တို့ကို ပြန်သိမ်းနိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်ပြန်ပါတယ် ။ ရခိုင်ပြည်နယ် နဲ့ ဧရာဝတီအစပ် ၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က စစ်တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေက အရှိန်မြှင့်ထိုးစစ်ဆင်ပါတယ် ။
အလားတူ စစ်အုပ်စုကလည်း မန္တလေးတိုင်း ၊မတ္တရာမြို့နယ် အရှေ့ခြမ်းကိုပြန်သိမ်းပိုက်နိုင် တန်ပြန်ထိုးစစ်ဆင်ပါတယ် ။ပဲခူးတိုင်း ၊စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းတို့မှာလည်း ကြိုကြားတိုက်ပွဲတွေဖြစ်နေပြန်ပါတယ် ။
ဒါကြောင့် တစ်နိုင်ငံလုံးအနေနဲ့ ခြုံကြည့်လိုက်တဲ့အခါ စစ်ကိုင်းငလျင်ကြီးလှုပ်ခဲ့ပေမယ့်လည်း ဧပြီလနောက်ဆုံးပါတ်ကစပြီး တိုက်ပွဲတွေဟာပိုပြင်းထန်လာပါတယ် ။ တချို့ဒေသတွေဟာ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တာဖြစ်သလို ၊တချို့ဒေသတွေမှာတော့ စစ်ကောင်စီက ဆုံးရှုံးထားရတဲ့ ဒေသတွေကို ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်တာဖြစ်ပါတယ် ။
●ဗန်းမော်မြို့သိမ်းတိုက်ပွဲ နဲ့ ဖားကန့်တိုက်ပွဲ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ပူးပေါင်းတပ်တွေက ဧပြီ ၂၅ ရက်ကစပြီးစစ်ရှိန်မြှင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သလို စစ်ကောင်စီကလည်း ဖားကန့်ဒေသ ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်ကူတွေအများအပြားပို့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
KIA နဲ့ပူးပေါင်းတပ်တွေဟာ ဗန်းမော် မြို့သိမ်းတိုက်ပွဲ ကို၂၀၂၄ ဒီရက်မှာ စတင်ခဲ့တာပါ ။အခုနောက်ဆုံးအခြေအနေက ဗန်းမော်မြို့ရဲ့ အဓိက စစ် စခန်း ဖြစ်တဲ့ စကခ (၂၁)ကိုသိမ်းနိုင်ဖို့နီးစပ်နေပြီလို့ စစ်ရေးရင်းမြစ်တွေကပြောပါတယ် ။ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ကိုသိမ်းနိုင်ရင် ပြည်နယ်အတွင်းစစ်ရေးအရှိန် ပိုမြင့်လာလိမ်မယ်လို့ တော်လှန်ရေးတပ်တွေကသုံးသပ်ပါတယ် ။
ဖားကန့်လမ်း မအူပင် ရေကာတာ ဒေသ တိုက်ပွဲမှာ စစ်တပ်ထိနာခဲ့သလို ဖားကန့် လဝါးရွာ တိုက်ပွဲမှာလည်း စစ်ကောင်စီနဲ့ မင်းဇေသန့် ပြည်သူ့စစ်တွေ အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောပါတယ်။ စစ်သုံ့ပန်းအချို့ ဖမ်းမိတာ ၊ လက်နက်ခဲယမ်းတွေလည်း KIA က သိမ်းဆည်းရရှိခဲ့ပါတယ်။ ဖားကန့်လမ်းမှာ စစ်ကောင်စီတပ်အင်အားအများအပြားနဲ့ စစ်ရေးလှုပ်ရှားနေသလို မြစ်ကြီးနား မြို့နယ် မြစ်ဆုံဒေသမှာလည်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲတွေ ဆက်ရှိခဲ့ပါတယ်။
●မိုးဗြဲ နဲ့ ဖားဆောင်းတိုက်ပွဲ
ရှမ်းတောင်နဲ့ ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲ မြို့ တိုက်ပွဲဟာ လေးလေကျော်ရှိလာပါပြီ။ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားတဲ့ မိုးဗြဲ မြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီက လေကြောင်းကနေပါ အကြိမ်ရေ ရာနဲ့ချီ ဗုံးကြဲနေပါတယ်။
စစ်ကောင်စီက မိုးဗြဲမြို့နဲ့ နှစ်မိုင်ကျော်သာဝေးတဲ့ ခမရ ၄၂၂ ကို အခြေပြုပြီးအင်အား ၅၀၀ လောက်နဲ့ မိုးဗြဲ မြို့တွင်းကို ဝင်ရောက်နိုင်ဖို့ကြိုးစားနေဆဲ ရှိပါသေးတယ်။
စစ်ရေးအချက်တွေအရ မိုးဗြဲ မြို့တွင်းကို စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ခဲ့တဲ့ ဒါမှမဟုတ် ဝင်လာနိုင်မယ့် နေရာ ၁၃ခုလောက်ရှိပါတယ်။
ဧပြီလမတိုင်ခင်အထိ စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံရာမှာ စစ်ကောင်စီတပ်သား ၆၀ ကျော်အထိ သေဆုံးပြီး လက်နက် ၁၆ လက်ရရှိထားတယ်လို့လည်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ဆိုပါတယ်။
ဧပြီလထဲမှာတော့ စစ်ကောင်စီကသုံးရင်းတစ်ဗျူဟာ သုံးပြီး အင်အားသုံးရာလောက်နဲ့ ထိုးစစ်ဆင်တာတွေ့ရပါတယ်။ဧပြီ ၁၈ ရက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားသုံးဦးထက်မနည်းသေပြီးတော့ လက်နက် နှစ်လက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေရခဲ့ပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီရဲ့ နောက်တစ်ကြိမ် ဧပြီ ၂၇ ၊၂၈ ရက်မှာ ထိုးစစ်ဆင်တာက အရင်အကြိမ်တွေထက် လေကြောင်း၊မြေပြင် လက်နက်ကြီး တွေ ပိုသုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်တွေက ကာကင်းစခန်းတစ်ခုကိုစွန့်လွှတ်လိုက်ရပြီး ရဲဘော်တစ်ဦးကျခဲ့ပါတယ်။
“လေကြောင်းရော လွိုင်ကော်၊ဖယ်ခုံ ဘက် အခြေစိုက်တပ်တွေရောကပါ လက်နက်ကြီး ပစ်တာက မိုးရွာသလိုကိုပစ်တာ။တရစပ်ပဲ။ပေးလိုက်ရတာတော့ ၄၂၂ တပ်ကို မျက်နှာချင်းဆိုင်ထားတဲ့ကာကင်းပဲ”ဟု မိုးဗြဲ မြို့ခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဘက်က မိုးဗြဲ မြို့ကို အလုံးအရင်းနဲ့ထပ်ပြီးထိုးစစ်ဆင်နိုင်ဖို့ မြေပြင်စစ်အင်အားတွေ ဖြည့်တာနဲ့ PNO ပြည်သူ့စစ်တွေပါ ခေါ်သုံးဖို့စီစဥ်နေတယ်လို့ ရှမ်းတောင်စစ်ဒေသဗျူဟာ ၁ ရဲ့ တာဝန်ရှိသူက အသိပေးပါတယ်။
“လွန်ဆွဲ ပွဲတစ်ခုလိုပါပဲ။အားနဲ့ပြိုင်ကြရတဲ့အခါ စိတ်ဓာတ် ပိုင်းအရ အရေးကြီးသလို လက်နက်ခဲယမ်းက အလျင်မီဖြည့်တင်းနိုင်ဖို့ကလည်းလိုပါတယ်”လို့ ရှေ့တန်းရဲ ဘော်တစ်ဦးက မိုးဗြဲ အခြေအနေကိုပြောပါတယ်။
တစ်လေးလုံးစစ်ဆင်ရေး ကာလဖြစ်တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်က မြို့စောင့်တပ် ခမရ ၄၂၂ (လက်ရှိ မိုးဗြဲထိုးစစ်တွင် စစ်ကောင်စီအထိုင်ချ တပ်စွဲထားသည့်နေရာ)ကလွဲလို့ စစ်ကောင်စီတပ်စွဲခဲ့တဲ့ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင် ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း နှင့် စည် ကား၂ နဲ့ စက်တော်ရာတောင်ကုန်း (ခ)ဗျူဟာကုန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့တာပါ။
မိုးဗြဲမြို့ကို စစ်ကောင်စီရချင်တာက ကရင်နီရဲ့ မြို့တော်လွိုင်ကော် နဲ့ မိုးဗြဲ ဆက်ထားတဲ့ လမ်းမကြီးကို ထိန်းချုပ်ပြီးတော့ ရှမ်းတောင်ကနေ ကရင်နီပြည်နယ်ထဲကို အလွယ်တကူ စစ်ကူပို့နိုင်တဲ့ အခြေအနေမျိုးကြောင့်လို့ စစ်ဘက်သတင်းရင်းမြစ်အချို့ကသုံးသပ်ပါတယ်။
“ကရင်နီပြည်နယ်ထဲမှာ လူသိတာရော၊မသိတာရော ပိတ်ဆို့ခံထားရတဲ့ တပ်တွေများတယ်။ဒီတပ်တွေဆီ လေကြောင်းကနေပဲ သူတို့(စကစ) ရိက္ခာပို့နေရတဲ့ အခြေအနေကို ဖောက်ထွက်ဖို့ အုံနဲ့ကျင်းနဲ့ မိုးဗြဲကို ဖိနေတာ”လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။
အလားတူ ကရင်နီပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေတဲ့ ဖားဆောင်းမြို့ရဲ့ နောက်ဆုံးလက်ကျန် ခလရ ၁၃၄ နဲ့ ၁၃၅ တပ်အတွက် ရေကိုတောင် လေယာဥ်အသုံးပြုပြီး စစ်ကောင်စီက ပို့ပေးနေရတယ်လို့ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ဦးစီးတပ်ရင်းအမှတ် ၆၂၆ တာဝန်ရှိသူက ပြောပါတယ်။
ဖားဆောင်းမြို့မကျရေးအတွက် စစ်ကောင်စီဟာ ထောက်ပို့လေယာဥ်နဲ့ ရိက္ခာခဲယမ်းဖြည့်တင်းမှုတွေ လုပ်ဆောင်နေပြီး ကင်းထောက်ဒရုန်းနဲ့လည်း ထောက်လှမ်းကာ လက်နက်ကြီးတွေ နေ့စဥ်ရက်ဆက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒုရုန်းနဲ့ ဗုံး ချတိုက်ခိုက်တာတို့ကိုလည်း ပြုလုပ်နေပြီး တိုက်လေယာဥ်နဲ့ စစ်မြေပြင်မဟုတ်တဲ့ အရပ်သားပြည်သူနေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ အမှတ် ၆၂၆ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီလကုန်မှာ စတင်တဲ့ ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီစခန်း ၉ ခု နဲ့ ကာကင်းနေရာ သုံးခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး အခြေစိုက်တပ်ရင်းနှစ်ခုဖြစ်တဲ့ ခလရ ၁၃၄ နဲ့ ခလရ ၁၃၅ တို့သာ ကျန်ရှိနေတာဖြစ်ပါတယ်။
အခုဆိုရင် ခလရ ၁၃၄ နဲ့ ၁၃၅ တပ်တွင်းမှာစစ်သားတွေဟာ စိတ်ဓာတ် ပျက်ပြားနေကြပြီး အထက်လူကြီးရဲ့ ဖိအားကြောင့် ထွက်ပြေးချင်သူတွေရဲ့ အခက်အခဲကိုကူညီကာ ကြိုဆိုသွားမယ်လို့ သူက ပြောပါတယ်။
●နောင်ချို ၊ တောင်းခမ်းတိုက်ပွဲ
ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ် တောင်းခမ်းဒေသမှာလည်းတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဟာ နောင်လင်ကျေးရွာကိုသိမ်းပိုက်ပြီး နောင်ချိုမြို့ဆီကို တစ်မိုင်ကျော်ရှေ့တိုးလာနိုင်ခဲ့ပါတယ်။
အမြောက်တပ်ရင်းတွေရှိတဲ့ တောင်းခမ်းဒေသက စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့မတ်လတတိယပါတ်မှာ တောင်းခမ်းကျေးရွာအနီးက မဲပုတ်ရွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။နောက်တစ်လအကြာမှာ မဲပုတ်ရွာကနေ (၁)မိုင်ကျော်ဝေးတဲ့ နောင်လင်ရွာကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
နောင်ချိုဒေသမှာ နောင်လင်ရွာအမည်တူ ၂ ရွာရှိပါတယ်။ နောင်ချိုမြို့တောင်ဘက် ကပ်လျက်နားမှာလည်း နောင်လင်ရွာဆိုပြီး ရှိပါသေးတယ်။ အဲဒီ နောင်လင်ကို ကံကြီးနောင်လင်လို့ ခေါ်ဝေါ်ပြီး အခု စစ်တပ် သိမ်းရတဲ့ နောင်လင်က မဲပုတ်ရွာနားကဖြစ်လို့ မဲပုတ်နောင်လင်လို့ ဒေသခံတွေက ခေါ်ဝေါ်ကြပါတယ်။
အခု စစ်ကောင်စီတပ် သိမ်းရတဲ့ ကျေးရွာတွေက နောင်ချို − တောင်းခမ်းလမ်းပိုင်းရဲ့ ဘေးမှာ တည်ရှိတာ မဟုတ်ဘဲ လမ်းပိုင်းရဲ့ အရှေ့ဘက် အတွင်းပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိ စစ်ကောင်စီတပ် ရောက်နေတဲ့ နောင်လင်ကျေးရွာဟာ နောင်ချိုမြို့နဲ့ (၁၆)မိုင်ကျော်ကွာဝေးပါသေတယ်။
တကယ်က စစ်တပ်ဟာ တောင်းခမ်းနဲ့ (၆)မိုင်ကျော်ပဲဝေးတဲ့ နောင်လင်အထိပဲ ရောက်နေတာဖြစ်ပါတယ်။
ဒါပေမယ့် တောင်းခမ်းဒေသမှာ စစ်ကောင်စီတပ်တွေ အသာရလာတာ၊ တော်လှန်ရေးတပ်တွေက အမြောက်တပ်ရင်းတွေကို ပိတ်ဆို့ထားရာကနေ ဆုတ်ခွာပေးလာရတာ ၊ နောင်ချိုမြို့နဲ့ဝေးသေးပေမယ့် မြို့ဘက်လာရာ လမ်းပိုင်းက မဲပုတ်ရွာကို စစ်ကောင်စီတပ်တွေ ရောက်လာတာတွေက စိတ်ပူနေရတဲ့ အခြေအနေတော့ဖြစ်လာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တအာင်းတပ်မတော်(TNLA)၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ ပူးပေါင်းတပ်တွေက နောင်ချို မြို့နဲ့မိုင်(၂၀)ခန့်ဝေးတဲ့ စစ်ကောင်စီရဲ့ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြောက်တပ်ရင်း လေးခုအထိရှိနေတဲ့ တောင်းခမ်းဒေသတိုက်ပွဲဟာ ကိုးလဝန်းကျင်ကြာမြင့်လာပြီ ဖြစ်ပါတယ်။
၉ လတိုင် ထိုးစစ်ဆင်ခဲ့ပြီး အမတ(၄၀၆)နဲ့ အမတ(၂၀၆) အမြောက်တပ်ရင်းနှစ်ခုကို ၂၀၂၄ သြဂုတ် ၂၈ရက်မှာ TNLA နဲ့ပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ကျန်အမြောက်တပ် နှစ်ခုကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပေ
မယ့် မသိမ်းပိုက်နိုင်ခဲ့ပါဘူး ။ နောက်ပိုင်းမှာစစ်တပ်ကတောင်းခမ်းမှာတန်ပြန်ထိုးစစ်ဆင်ပြီး နောင်ချိုမြို့အထိ့ချီတက်ပြီး နောင်ချို့ကိုပြန်သိမ်းဖို့ကြိုးစားနေတာဖြစ်ပါတယ် ။
●ကော့ကရိတ် ၊ကျုံဒိုးတိုက်ပွဲ
ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်းမှာလည်း KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာမြန်မာ-ထိုင်းနယ်စပ်က စစ်တပ်စခန်းတွေကိုဆက်တိုက်သိမ်းယူနေသလို ၊ကော့ကရိတ်နဲ့ ကျုံဒိုးမြို့ဝန်းကျင် ၊အာရှလမ်းတလျှောက်မှာလည်းဧပြီလကစပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ် ။
ကော့ကရိတ်မြို့တောင်ပိုင်း နဲ့ မြောက်ပိုင်း နေရာတွေမှာ တိုက်ပွဲပြင်းထန်နေသလို ကော့ကရိတ်နဲ့ ကျုံဒိုးမြို့လမ်းပိုင်း တလျှောက်နဲ့ မြို့အနီးဝန်းကျင်တွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာပါ။
ဒါအပြင် တော်လှန်ရေးပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့ နဲ့ ကျုံဒိုးမြို့တွေကို ဝန်းရံပိတ်ဆို့ထားတယ်လို့ အဲဒီဒေသမှာရှိတဲ့ PDF တပ်ရင်းမှူးတစ်ဦးက ပြောပါတယ် ။
ဒေါနတောင်ပေါ်မှာ ရောက်နေတာတစ်နှစ်ကျော်ပြီဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းဟာလည်း အပိုင်းပိုင်းပိတ်ဆို့ခံနေရပါတယ်။ဒါအပြင် တနသာ်ရီတိုင်းမှာလည်း KNLA ၊ PDF နဲ့ ပူးပေါင်းတပ်တွေဟာ စစ်တပ်စခန်းတွေ ၊ဗျူဟာတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်နေပါတယ် ။
ဒါကြောင့် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်မှာ နိုင်ငံမြောက်ပိုင်းမှာ KIA နဲ့ နိုင်ငံတောင်ပိုင်းမှာ KNU နဲ့ပူးပေါင်းတပ်တွေက စစ်တပ်စခန်းတွေ ၊တပ်ရင်းတွေ ၊ဌာနချုပ်တွေကို တချိန်တည်းထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်ပိုင်းမှာ ၂၀၂၅ ဧပြီလမှ စတင်အရှိန်မြှင့် တဲ့ KNLA နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ အပြင်းထန်ဆုံးဖြစ်ပါတယ် ။
KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေဟာနွေဦးတော်လှန်ရေးမှာစစ်တပ်စခန်းပေါင်း ရာချီသိမ်းပိုက်ပြီးဖြစ်ပါတယ် ။
●တိုက်ပွဲတွေပြင်းထန်နေပေမယ့် စစ်ကောင်စီကိုအလဲထိုးနိုင်မယ့်ပူးပေါင်းထိုးစစ်ကြီးလိုအပ်နေ
အထက်ပါအခြေအနေတွေကြောင့် နိုင်ငံတစ်ဝန်းတိုက်ပွဲတွေပြင်းထန်နေဟာမြင်သာတဲ့အချက်ဖြစ်ပါတယ် ။ဒါအပြင် ကျန်ဒေသတချို့မှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပါသေးတယ်။
ဒါကြောင့် ညီနောင် မဟာမိတ် ၃ ဖွဲ့အပစ်ရပ်ပေမယ့်တိုက်ပွဲအရှိန်တွေလျော့ကျမသွားနိုင်ဘူးလို့စစ်ရေးလေ့လာသူတွေကပြောပါတယ် ။
MNDAA ဟာ ၂၀၂၄ သြဂုတ်လဆန်းမှာ လားရှိုးမြို့သိမ်းပြီးတဲ့နောက်ပိုင်းတိုက်ပွဲမဖော်ဆောင်တော့ပါဘူး ။ TNLA ကလည်း ကျောက်မဲသိမ်းပြီးနောက်ပိုင်း တောင်းခမ်းတိုက်ပွဲအပြင်တခြားဒေသတွေမှာ ထိုးစစ်ဆင်တာမရှိပါဘူး။ဒါပေမယ့်စစ်တပ်က တောင်းခမ်း ၊နောင်ချို ၊ သပိတ်ကျင်းမြို့နယ်တွေမှာ ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပါတယ် ။
ဒါအပြင်တရုတ်အစိုးရရဲ့ ကြားဝင်စီစဉ်မှုနဲ့PSLF/TNLA နဲ့စစ်ကောင်စီတို့ဟာဧပြီ ၂၈ရက်နဲ့ ၂၉ရက်တို့မှာ အပစ်အခတ်ရပ်စဲနိုင်ဖို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကိုယ်စားလှယ်က TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ် စတဲ့ဒေသတွေကနေ ဆုတ်ခွာဖို့ တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို PSLFကိုယ်စားလှယ်တွေက သဘောမတူနိုင်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ ဖြစ်ခဲ့တယ်လို့ မေ ၂ ရက်မှာ TNLA ကထုတ်ပြန်ပါတယ်။
ဒါကြောင့်စစ်အုပ်စုက သူလိုချင်တဲ့ဒေသတွေကိုပြန်ရဖို့ဖိအားပေးနိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်တာ၊လေကြောင်းကနေ ဗုံးကြဲမှာတွေဆက်လုပ်နေမှာမို့TNLA ကအပစ်ရပ်တယ်ဆိုပေမယ့်တိုက်ပွဲတွေဆက်ရှိနေမှာဖြစ်ပါတယ် ။
အလားတူ AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ နဲ့စစ်ကောင်စီတပ်တို့ဟာ ရခိုင် နဲ့ ဧရာဝတီအစပ် ၊ရခိုင်နဲ့ ပဲခူးအစပ် ၊ရခိုင် နဲ့ မကွေးအစပ်တွေ မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဆက်လက်ဖြစ်နေပါတယ်။ ဒါအပြင် စစ်တွေ ၊ကျောက်ဖြူမြို့နယ်တို့မှာလည်းတိုက်ပွဲဖြစ်နေပါတယ် ။ AA ကအပစ်ရပ်ပေမယ့် စစ်ကောင်စီက တိုက်နေမှာဖြစ်တဲ့အတွက်တိုက်ပွဲတွေက လျော့သွားဖို့မရှိဘူးလို့စစ်ရေးလေ့လာသူတွေကသုံးသပ်ပါတယ် ။
ဒါအပြင် နိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြန့်ကျဲနေတာကြောင့် စစ်တပ်ကိုအင်အားချီနဲ့အောင်လုပ်နိုင်ပေမယ့် စစ်ကောင်စီ ပြုတ်ကျဖို့ဆိုရင်တော့ စစ်တပ်အထိနာဆုံးဖြစ်စေမယ့်နေရာတွေကိုတော်လှန်ရေးတပ်တွေက ပူးပေါင်းထိုးစစ်ဆင်ဆင်တဲ့ထိုးစစ်ကြီးလိုအပ်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်ပါတယ် ။
တဖက်မှာလည်းစစ်ကောင်စီက ဆုံးရှုံးထားတဲ့မြို့တွေ ကိုပြန်သိမ်းပိုက်မယ်လို့ကြုံးဝါးထားပါတယ်။ဒါပေမယ့်စစ်ကောင်စီဟာ ဒီပဲယင်းမြို့ကို နာရီပိုင်းဆုံးရှုံးပြီး ပြန်သိမ်းပိုက်ပြီးနောက်ပိုင်းဆုံးရှုံးပြီးမြို့တွေကို ပြန်တိုက်သိမ်းနိုင်တာမရှိပါဘူး။လားရှိုးမမြို့ကိုလည်း တရုတ်စွက်ဖက်မှုကြောင့် MNDAA ကကျည်တချက် မဖောက်ရပဲ ပြန်လွှဲပေးခဲ့ရတာပါ။
အခုလည်း တိုက်ပြီးမသိမ်းနိုင်လို့ TNLA သိမ်းထားတဲ့မြို့ငါးမြို့ကို တရုတ်အားကိုးနဲ့ တောင်းယူနေတာဖြစ်ပါတယ်။
ဒါကြောင့်စစ်ကောင်စီကြုံးဝါးပေမယ့်ဆုံးရှုံးထားတဲ့မြို့တွေ တိုက်သိမ်းနိုင်ဖို့က မဖြစ်နိုင်ဘူးလို့ CDM စစ်သားဇင်ယော်ကသုံးသပ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီက ၂၀၂၅ နှစ်ကုန်ရွေးကောက်ပွဲလုပ်မယ်ကြေညာထားပြီး လက်တွေ့လုပ်နိုင်ခဲ့ရင် စစ်အုပ်စုလိုချင်တဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ကိုအထိုက်အလျောက်ရသွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူအချို့ကသုံးသပ်မှုတွေရှိပါတယ် ။ဒါကြောင့်စစ်အုပ်စု ကြံစည်သလိုမဖြစ်ဖို့ စစ်ကောင်စီကို စစ်ရေးအရ ချေမှုန်းဖို့ဆိုရင် တော်လှန်ရေးတပ်တွေအတွက်အချိန်အများကြီးမကျန်တော့ဘူးလို့ စစ်ရေးလေ့လာသူတွေကသုံးသပ်ပါတယ်။
အခုမေလကနေဆိုရင် အချိန် ၇ လပဲကျန်တော့တာမို့ ဒီကာလအတွင်းမှာ တော်လှန်ရေးတပ်တွေပူးပေါင်းပြီး တစ်နိုင်ငံလုံးအဆင့် ပူးပေါင်းထိုးစစ်ကြီးဆင်နွဲပြီး စစ်အုပ်စုကို အဆုံးသတ်ဖို့လိုတယ်လို့ စစ်ရေးလေ့လာသူတွေကသုံးသပ်ပါတယ်။ဒါအတွက်တော်လှန်ရေးတပ်တွေကြားမှာ စည်းလုံးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ သူတို့ကသုံးသပ်ပါတယ် ။ ။
