Scorpio/People’s Spring
ပူပြင်းလှတဲ့မန္တလေးရဲနေ့လယ်ခင်းရာသီဥတုအောက်မှာ ကွင်းပြင်ကျယ်ကြီးထဲက အပြိုအပျက် အုတ်တွေ၊ အင်္ဂတေပုံကြီးကြားထဲမှာ လူတွေ လသာနေတဲ့အလား ပြေးလွှားနေကြတယ်။
အင်္ဂတေတုံးကြီးတွေကို တူနဲ့ထုသူကထု၊ အင်္ဂတေကြားကထွက်လာတဲ့ သံချောင်းတွေကို ဆွဲထုတ်သူကထုတ်နဲ့ အလုပ်များနေကြတယ်။ ချွေးတွေရွှဲနစ်နေကြပေမဲ့ မျက်နှာတချက်မပျက်ဘဲ ကြိုးစားပန်းစား လုပ်နေကြတယ်။
ပြီးခဲ့တဲ့ မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမြို့မှာ အိမ်ပေါင်း လေးထောင်ဝန်းကျင် ပျက်စီးခဲ့ပါတယ်။ အဲဒီအိမ်တွေကအင်္ဂတေတုံးတွေ၊အပျက်အစီးတွေကိုသတ်မှတ်ပေးထားတဲ့ မြို့ပြင်က ကွင်းပြင်ကျယ်တွေမှာ လာရောက်စွန့်ပစ်ရတယ်။ အဲဒီစွန့်ပစ်အပျက်အစီးတွေထဲကနေ သံချောင်းတွေအပါအဝင် ပြန်ရောင်းလို့ရမယ့်ပစ္စည်းတွေကို လာရှာကြတာလို့ လာရောက်ရှာဖွေနေသူတွေက ပြောပါတယ်။

Public Service Announcement
လာရှာကြသူတွေကအရင်ကတော့စျေးရောင်း၊ ကုန်ထမ်း၊ ပန်းရံလိုက် စတဲ့အလုပ်တွေလုပ်ခဲ့ကြသူတွေပါ။ငလျင်လှုပ်ပြီးနောက် အလုပ်အကိုင်တွေရပ်နားထားကြတော့အလုပ်ကမရှိတော့ဘူး။ ငလျင်လှုပ်ပြီးခါစက လှူတာဒါန်းတွေလာလို့
တပါတ်နှစ်ပါတ်လောက် အဆင်ပြေခဲ့ကြပေမဲ့တလကျော်လာတော့ အလှူရှင်လည်း ပါးသွားခဲ့တယ်။ ဒါကြောင့် တိုက်ပြိုတွေပုံထားတဲ့နေရာကိုလာပြီး လာကောက်ကြတာလို့ဒေသခံတွေက ပြောပြတယ်။
“အလုပ်ကနားထားရတာ။အလုပ်နားတော့လင်ကောမယားကော ဒီမှာလာလုပ်နေတာ။”လို့ အသက် ၂၀ အရွယ် မငယ်(အမည်လွှဲ)က ပြောပါတယ်။
မငယ်ကော သူ့အမျိုးသားပါ နှဦးလုံး ပိန်ပိန်ပါးပါးတွေ ဖြစ်ကြပေမဲ့ အင်္ဂတေတုံးကြီးတွေကို အားရပါးရ မာန်ပါပါ ခွဲနိုင်ကြတယ်။ “ဒါလေးရှိနေတော့ လောလောဆယ် အဆင်ပြေတယ်”လို့ မငယ်ကဆက်ပြောပါတယ်။
မငယ်တို့လို အပြိုအပျက် စွန့်ပစ်အပုံထဲ လာရှာကြသူတွေဟာလုပ်နိုင်ရင်လုပ်နိုင်သလိုဝင်ငွေကောင်းနေတယ်လို့ သူတို့တွေက ပြောပြတယ်။ “တရက်တရက် လေးငါးသောင်းလောက်အထိရတယ်”လို့ မငယ်က ပြောတယ်။
ဝင်ငွေကောင်းတဲ့အတွက်ကားတစီးဝင်လာပြီဆိုတာနဲ့ ဖားကန့်မြေစာပုံက ရေမဆေးရှာတဲ့ လူတွေလိုပဲ ကားနောက် အပြေးအလွှားလိုက်ကြတယ်။ အင်္ဂတေထုရင်း ခြေထောက်လာစင်ပြီး ဒဏ်ရာရသူတွေရှိတယ်။ နေရာလုရင်း စကားများရန်ဖြစ်ပြီး ထိုးကြနှက်ကြတာတွေလည်း ရှိနေတယ်လို့ သံထည်လာရှာသူတွေက ပြောတယ်။
“တယောက်ဆိုဝိုင်းရိုက်ခံလိုက်ရတာခေါင်းပေါက်သွားတယ်။”လို့ သံထည်လာရှာတဲ့ အမျိုးသမီးတဦးက ပြောပြတယ်။
ဒါ့အပြင်စစ်ကောင်စီလက်အောက်ခံအပြာဝတ်လုံကြမ်းလို့ခေါ်တဲ့ လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တွေ၊ပျူစောထီးတွေ ရန်ကိုလည်း ကြောက်နေရတယ်လို့ ဒေသခံတွေက ပြောတယ်။ အဲဒီပျူတွေဟာ သူတို့နဲ့နီးစပ်ပတ်သက်သူတွေကို ဦးစားပေးပြီး သံထည်ရှာဖွေခွင့်အရင်ပေးတယ်လို့လည်းသိရတယ်။ မငယ်ကတော့ သူတို့ကို ပျူတွေလို့ မသိရှာဘူး။ သူတို့ဝတ်ထားတဲ့ အပြာရောင်ကိုကြည့်ပြီး”သူတို့ကစည်ပင်တွေလေ”လို့ပြောတယ်။
အိမ်ပြိုသူတွေဟာ စက္ကန့်ပိုင်းအတွင်းမိမိတို့ရဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ရတယ်။ တချို့ဆို မိသားစုဝင်တွေပါ အိမ်ပြိုတဲ့အထဲ ပါသွားခဲ့တယ်။ပထမတုန်းကတော့ အဲဒီအပြိုအပျက်တွေလာပုံတုန်းကဆို ငလျင်ရှောင်ပြည်သူတွေဟာ ကြောက်ပြီး အပြိုအပျက်တွေနဲ့ဝေးရာ ရွေ့အိပ်ရတယ်လို့ ပြောပြတယ်။ “လူတွေဘာတွေလည်း သေထားတာဆိုတော့ အဲဒါတွေလာပုံပြီးနောက်ပိုင်း မအိပ်ရဲတော့ဘူး။ နေရာရွေ့သွားကြတယ်။”လို့ ရပ်ကွက်ခံ အမျိုးသားတဦးက ပြောပြတယ်။
နောက်တော့ အပြိုအပျက်တွေကြား သံထည်တွေလည်း ပါတာမို့ လာရောက်ရှာဖွေကြရင်း သံထည်ရှာသူတွေ တနေ့တခြားများများလာတယ်လို့ ဒေသခံတွေက ပြောပြတယ်။
အလယ်အလတ်တန်းစား အိမ်ပြိုသူတွေကတော့ ကိုယ့်အိမ်ကထွက်လာတဲ့အပြိုအပျက်တွေကို ကိုယ့်အိမ်နေရာမှာတင် အရင်ရှင်းလင်းပြီး သံထည်တွေ၊ အုတ်တွေ ရနိုင်သမျှလူငှားပြီး ပြန်ရှာယူနေရတယ်လို့ ဒေသခံတွေက ပြောတယ်။
“အုတ်တွေလည်း ပြန်ရတယ်။သံထည်တွေကောပေါ့။ စက်ယန္တရားဖိုးကအခမဲ့လာကူညီတာတောင် အလုပ်သမားခက သိန်း၂၀ လောက်ရှင်းလိုက်ရတာ။ ဒါကြောင့်ရသလောက်လေးပြန်ရှာရတယ်။”လို့ အိမ်ပြိုသွားတဲ့ အမျိုးသမီးတဦးက ပြောပြတယ်။
တချို့ဆိုရင်အပြိုအပျက်ကထွက်လာတဲ့အုတ်တွေကို တစ်ခဲငွေတစ်ရာနှုန်းနဲ့ ခွာခိုင်းပြီး အုတ်ချပ်တွေ ရသလောက် ပြန်ယူနေရသူတွေလည်း ရှိပါတယ်။ တချို့ကတော့ ထွက်လာမယ့် သံထည်တွေနဲ့ တခြားရောင်းလို့ရတာလေးတွေရောင်းပြီး အပြိုအပျက်ရှင်းလင်းဖို့ ကုန်ကျစရိတ် ရှာနေကြရတယ်လို့ မန္တလေးမြို့ခံတွေက ပြောပြပါတယ်။
မန္တလေးမှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာတစ်လကျော်ခဲ့ပေမဲ့ ဒီကနေ့အထိ အပြိုအပျက်တွေ ရှင်းလင်းနေရဆဲပါ။ စက်ယန္တရားလိုအပ်ချက်တွေလည်း ရှိနေတာကြောင့်စာရင်းပေးထားပေမဲ့စောင့်ဆိုင်းနေရတယ်လို့အိမ်ပြိုအမျိုးသားတဦးက ပြောပြပါတယ်။
ဘာပဲဖြစ်ဖြစ် အပြိုအပျက်တွေကထွက်လာတဲ့ ပစ္စည်းတွေကို လာရောက်ရှာဖွေနေသူတွေဟာ အပြိုအပျက်တွေကြောင့်ပဲ လက်တလောစားဝတ်နေရေး ဖြေရှင်းနေနိုင်ကြတယ်။ ဒါကြောင့် စွန့်ပစ်အပြိုအပျက်ပုံကြီးဟာ စားဝတ်နေရေးခက်ခဲသူ အခြေခံလူတန်းစားတွေအတွက် တိုက်ပြိုသူတွေလာလှူပေးတဲ့အလှူလို့ သဘောထားကြတယ်။
“ဆုံးရှုံးလိုက်ရတဲ့သူတွေအတွက်နစ်နာမှူအများကြီးဖြစ်ပေမဲ့ တခြားမိသားစုတွေအတွက် စားဝတ်နေရေးအဆင်ပြေသွားလို့ အဆိုးထဲက အကောင်းလို့ပဲ မြင်ကြည့်မိတယ်။”လို့ အိမ်ပြိုခဲ့သူတဦးက ပြောလိုက်ပါတယ်။ ။
