နှစ်နိုင်ငံ နယ်စပ်ထိစပ်ရာ ကက်ရှ်မီးယား ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန် စစ်သားတွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်နေရာ ကက်ရှ်မီးယား ဒေသရဲ့ နှစ်နိုင်ငံ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားရာ တစ်နေရာမှာ ပစ်ခတ်မှု ဖြစ်ခဲ့ပေမယ့် အချိန်တိုအတွင်း အဆုံးသတ်သွားခဲ့တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။ ကက်ရှ်မီးယားဟာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေရာ ဒေသဖြစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ အစိတ်အပိုင်းကိုတော့ အိန္ဒိယက ထိန်းချုပ်ထားပါတယ်။
အိန္ဒိယပိုင် ကက်ရှ်မီးယားဖက်ခြမ်းမှာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုရဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားဧည့်သည် ၂၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အပြီး နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို အခြေအနေနဲ့ ကြုံလာရတာပါ။ အခု သီတင်းပတ် အစောပိုင်းက တိုက်ခိုက်မှုဟာ ကက်ရှ်မီးယား သမိုင်းကြောင်းမှာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အဆိုးရွားဆုံး လုပ်ရပ် တစ်ခု ဖြစ်လာပြီး ပါကစ္စတန် ကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစုတွေ လက်ချက်လို့ အိန္ဒိယက ယုံကြည်နေပါတယ်။
ပါကစ္စတန်ကတော့ သဘာဝ ရှုခင်းတွေ သာယာလှပတဲ့ ပါဟယ်လ်ဂမ်မြို့မှာ ဧပြီ ၂၂ ရက်က ဖြစ်ပွားတဲ့ တိုက်ခိုက်မှုနဲ့ ဘာပတ်သက်မှုမှ မရှိဘူးလို့ အတိအလင်း ငြင်းဆိုထားပါတယ်။

Public Service Announcement
အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အာရှတောင်ပိုင်းက နျူကလီးယား လက်နက် အသီးသီးပိုင်တဲ့ ပြိုင်ဘက် အိမ်နီးချင်း နိုင်ငံတွေဖြစ်ပြီး အရင်ကတည်းက ခါးသီးတဲ့ ဆက်ဆံရေးမျိုး ရှိနေခဲ့ပါတယ်။ ပါဟယ်လ်ဂမ်မြို့ ပစ်ခတ်မှုကတော့ ရှိရင်းစွဲ တင်းမာမှုတွေကို ပိုပြီး ဒီဂရီ မြင့်တက်သွားစေခဲ့တာပါ။
အိန္ဒိယက ပါဟယ်လ်ဂမ် တိုက်ခိုက်မှုကို အကြမ်းဖက်မှု တစ်ခုအဖြစ် ကြေညာပြီး ပါကစ္စတန်နဲ့ အဓိက နယ်စပ်ဂိတ်ကို ပိတ်ပစ်တာ၊ ပါကစ္စတန် သံအရာရှိတွေကို နှင်ထုတ်တာမျိုးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ အရင်က မကြားဖူးဘဲ ကိုယ့်ကိုယ်ကိုယ် ကက်ရှ်မီးယား ခုခံရေး အင်အားစုလို့ ကြေညာထားတဲ့ အဖွဲ့အစည်း တစ်ခုက အဲဒီ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ပြီး ပါကစ္စတန်က အဲဒီအဖွဲ့နဲ့ ဘာအဆက်အစပ်မှ မရှိဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။
ဧပြီ ၂၄ ရက်နေ့မှာတော့ ပါကစ္စတန် စစ်သားတွေဟာ ကက်ရှ်မီးယားမှာရှိတဲ့ အိန္ဒိယ စစ်တပ်တွေ ဖြန့်ကျက်ထားရာ နေရာတစ်ခုကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အိန္ဒိယ စစ်တပ် အရာရှိ သုံးဦးက ပြောပါတယ်။ နာမည်ဖော်ပြဖို့ ငြင်းဆန်တဲ့ အဲဒီ အရာရှိတွေက အိန္ဒိယ စစ်သားတွေဟာလည်း လက်နက်ငယ်တွေနဲ့ တုံ့ပြန်ခဲ့ကြောင်း၊ ဒီဖြစ်စဉ်မှာ ထိခိုက်သေကြေမှုတော့ မရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အတည်လည်း မပြုသလို ငြင်းလည်း မငြင်းခဲ့ပါဘူး။ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရှက်ကက် အလီခန်းက သူဟာ ပါကစ္စတန် စစ်တပ်ဆီက တရားဝင် အစီရင်ခံချက်ကို စောင့်ဆိုင်းနေဆဲလို့သာ ပြောကြားသွားပါတယ်။
အရင်က ကက်ရှ်မီးယားမှာ အခုလို အသေးစား လက်နက်ကိုင် ထိတွေ့မှုတွေ ဖြစ်ပေါ်တဲ့ အခါတိုင်း နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲတာတွေ လုပ်လေ့ ရှိပါတယ်။
ကုလသမဂ္ဂ (UN)ကတော့ အိန္ဒိယရော၊ ပါကစ္စတန်ပါ လက်ရှိ ပြဿနာတွေကို ကြီးထွားမလာအောင် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။ ကိစ္စတိုင်းကို ငြိမ်းငြိမ်းချမ်းချမ်း၊ အဓိပ္ပါယ်ရှိရှိနဲ့ နှစ်ဖက်ကြား ညှိနှိုင်းဖြေရှင်းဖို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ လုပ်ဆောင်နိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်ကြောင်း UNက ဧပြီ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဧပြီ ၂၄ ရက်နေ့မှာ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ဘီဟာမြို့မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောမှု တစ်ခုမှာ သူ့အနေနဲ့ ပါဟယ်လ်ဂမ်မြို့ တိုက်ခိုက်မှုရဲ့ တာဝန်ရှိသူတွေကို ကမ္ဘာဆုံးတဲ့ထိ ရှာဖွေ ချေမှုန်းသွားမယ်လို့ ကြုံးဝါးသွားပါတယ်။ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ် မစီရင်ဘဲ ခွင့်လွှတ်ပေးလိုက်စရာ အကြောင်းမရှိဘူးလို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။
လက်ရှိမှာတော့ အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသ ရဲတပ်ဖွဲ့က မျက်မြင်တွေရဲ့ ထွက်ချက်တွေကို ရယူပြီး ပစ်ခတ်မှုရဲ့ အဓိက သံသယ တရားခံတွေလို့ ယူဆရသူ သုံးဦးရဲ့ ခဲခြစ် ဓာတ်ပုံတွေကို ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။
ကိုးကား: The Star
