■ရင်ကွဲတောင်စခန်းအပါအဝင် စစ်ကောင်စီစခန်းအချို့ တော်လှန်ရေးတပ်များ သိမ်းပိုက်
■ကော့ကရိတ်ဒေသ၌ စစ်ကောင်စီတပ်သားအများအပြား အလင်းဝင်လာနေ
ဧပြီ ၂၃၊၂၀၂၅၊ဒီဒီး၊သတိုး/People’s Spring
ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်ပြီး တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းအပါအဝင် တပ်စခန်းအချို့သိမ်းပိုက်ရရှိကာ ကော့ကရိတ်မြို့နယ်မြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၆)နယ်မြေရှိ ကော့ကရိတ်မြို့ဝန်းကျင်နှင့် ကော့ကရိတ်မြို့မှ ဒေါနတောင်ပေါ် တောနောရေတံခွန်အထိ နေရာယူထားသော အောင်ဇေယျစစ်ကြောင်းအား အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDFပူးပေါင်းတပ်များက အပိုင်းလိုက်ဖြတ်တောက်ထားပြီး ယခုရက်ပိုင်းအတွင်း အဆိုပါနေရာများတွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကော့ကရိတ်မြို့တောင်ပိုင်းနှင့် မြောက်ပိုင်း နေရာများတွင် တိုက်ပွဲပြင်းထန်နေပြီး ကော့ကရိတ်နှင့် ကျုံဒိုးမြို့လမ်းပိုင်း တလျှောက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်များသည် ကော့ကရိတ်မြို့အား ဝန်းရံပိတ်ဆို့ထားပြီဟု အဆိုပါဒေသရှိ PDF တပ်ရင်းမှူးတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ မြို့ကို ပတ်ဝိုင်းထားတယ်။နောက်ပြီး သူတို့ရဲ့ ရိက္ခာလမ်းကြောင်း ခဲယမ်းလမ်းကြောင်းတွေကို အဓိကဖြတ်တောက်လိုက်ပြီ”ဟု အဆိုပါ တပ်ရင်းမှူးက ပြောသည်။
ပြီးခဲ့သည့် လေးရက်ခန့်က ကော့ကရိတ်မြို့အဝင်ရှိ စစ်ကောင်စီ၏ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးတွင် တိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့သည်။ အဆိုပါနေရာအနီးရှိ စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းကိုလည်း KNLA၊PDFပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။
“ရင်ကွဲတောင်စခန်းက ကြာပြီ။ သုံးလေးရက်ရှိပြီ။ လွန်ခဲ့တဲ့ ငါးရက်လောက်ရှိပြီ”ဟု ၎င်းက ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့ဝန်းကျင်နှင့် ကော့ကရိတ်မြို့မှ ဒေါနတောင်ပေါ် တောနောရေတံခွန်အထိ နေရာယူထားသော အောင်ဇေယျစစ်ကြောင်းအား KNLA၊PDFပူးပေါင်းတပ်များက အပိုင်းလိုက်ဖြတ်တောက်ထားပြီး ယခုရက်ပိုင်းအတွင်း အဆိုပါနေရာများတွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ လက်ရှိအောင်ဇေယျစစ်ကြောင်း၏ အနေအထားမှာ ရှေ့ပိုင်း၊အလယ်ပိုင်းနှင့် နောက်ပိုင်းမှာ အချင်းချင်းမကူနိုင်တော့သည့် အခြေအနေဖြစ်နေသည်ဟုလည်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
” အခု အောင်ဇေယျစစ်ကြောင်းဆို တောင်ပေါ်မှာ အနည်းအကျဉ်းကျန်တယ်။ နှစ်ရာကျော်လောက်ကျန်သေးတယ်။အဲဒီဥစ္စာတွေက တကယ်တမ်းဆိုပိတ်မိပြီ။ နောက်ပြီးတော့ ရေတံခွန်ဘက်ခြမ်းမှာ ရှိတဲ့ အဖွဲ့တွေ ဒါတွေက ကျွန်တော်တို့က အားလုံးကိုဖြတ်တောက်လိုက်ပြီ။ ဖြတ်တောက်လိုက်ပြီဆိုတော့ သူတို့က ဆက်တိုးမလား။ အညံ့ခံမလား အဲဒီ့နှစ်လမ်းပဲရှိတယ်”ဟု PDF တပ်ရင်းမှူးက ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်ရှိ ကော့ကရိတ် − ကျုံဒိုးလမ်းပိုင်းတွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေးပူးပေါင်းတပ်များက အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီစခန်းအချို့အား သိမ်းပိုက်ထားသည်ဟု လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။
ကော့ကရိတ် − ကျုံဒိုးလမ်းပိုင်းရှိ သုံးတိုင်၊လေးတိုင်၊ငါးတိုင် စသည့်နေရာများရှိ စစ်ကောင်စီစခန်းများအား သိမ်းပိုက်ရရှိထားပြီး ကျုံဒိုးမြို့အနီးရှိ ကိုးတိုင်၌ စစ်ကောင်စီက ခံစစ်ပြင် ခုခံနေသည်ဟု ဆိုသည်။
” စစ်ကောင်စီဘက်ကတော့ ဒီဘက်ခြမ်းကို သူတို့မျှော်မှန်းချက်ကတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အခုလက်ရှိကတော့ ကျုံဒိုးဘက်ကို ပြန်ပြီးတော့ ခံစစ်ပြင်နေတာပဲရှိတယ်။ခံစစ်ပြင်အားဖြည့်တာပဲရှိတယ်။ အဲဒါပြီးရင် သူကရွာတွေထဲကို လက်နက်ကြီးတွေ ပစ်ထည့်တယ်။ ရွာသားတွေ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ သွားခိုလှုံကြတယ်။ခိုလှုံကြတဲ့အခါကျသူတို့က လေယာဉ်နဲ့ ထပ်မံဗုံးကြဲတယ်။ တော်တော်တော့များတယ်”ဟု လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်မြို့တွင် စစ်ကောင်စီက မြို့ခံပြည်သူတစ်ထောင်ကျော်အား ဓားစာခံအဖြစ် ထိန်းထားပြီး မြို့ပြင်သို့ထွက်ခွင့်မပေးကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KNLA၊PDFပူးပေါင်းတပ်များသည် ကော့ကရိတ်မြို့ဝန်းကျင်အား ပိတ်ဆို့ထား၍ မြို့သိမ်းတိုက်ပွဲဖြစ်လာသည့်အပေါ် ကြောက်လန့်နေသည့် စစ်ကောင်စီက မြို့နေပြည်သူများအား ဓားစာခံအဖြစ် ပိတ်ဆို့ထားခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
ကော့ကရိတ်မြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်း ဆရာတော်က ပြည်သူများအား ထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံ တောင်းဆိုသော်လည်း စစ်ကောင်စီက လက်မခံကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ကော့ကရိတ်ဒေသ၌ စစ်ကောင်စီတပ်သား အများအပြား အလင်းဝင်လာနေကြောင်းလည်း PDF တပ်ရင်းမှူးက ပြောသည်။
“များတယ်။ နေရာစုံပဲ။ တစ်နေရာမှာ လေးငါးယောက် ၊ သုံးလေးယောက် ။ များတာကတော်တော်များတယ်”ဟု ၎င်းက ပြောသည်။
ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ဒီဇင်ဘာ ၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေးလတာတိုက်ခိုက်ပြီးနောက် မြို့၏ ၇၀ရာခိုင်နှုန်းအထိ တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်း ဌာနချုပ်နေရာ၌သာ စုဝေးနေရသည်။ ကျန်အပိုင်းများကို PDFများက ထိန်းချုပ်ထားခဲ့သည်။
သို့သော် ၂၀၂၄ ဧပြီလပိုင်းတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့၍ တော်လှန်ရေးတပ်ဖွဲ့များက မြို့တွင်းမှ ဆုတ်ခွာပေးခဲ့ရသည်။
သို့သော် ၂၀၂၅ ဖေဖော်ဝါရီကစ၍ တော်လှန်ရေးတပ်များက ကော့ကရိတ်မြို့ဝန်းကျင်ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာရာမှ နေ့စဉ် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
