စာသင်ကျောင်းတွေမှာ ကလေးတွေကို အစားအသောက်တွေ အခမဲ့ ထောက်ပံ့ ကျွေးမွေးမယ့် အင်ဒိုနီးရှား အစိုးရရဲ့ အစီအစဉ်ဟာ ကလေးတွေ အစာအဆိပ်သင့်မှု ပြဿနာတွေကြောင့် ပုံရိပ် ထိခိုက်မှုတချို့ ဖြစ်လာရပါတယ်။
အင်ဒိုနီးရှးဟာ နိုင်ငံရဲ့ ကျောင်းနေအရွယ် ကလေး သန်း ၈၀ ကို စာသင်ကျောင်းတွေမှာ အခမဲ့ အစားအသောက် ကျွေးမွေးဖို့ ရည်မှန်းချက်ကြီးကြီး အကောင်အထည် ဖော်နေတာပါ။ ဒါဟာ ကောင်းမွန်တဲ့ ကိစ္စမျိုး ဖြစ်ပေမယ့် အခုသီတင်းပတ်ထဲမှာ စာသင်ကျောင်း နှစ်ခုက ကလေးတွေ အစာအဆိပ်သင့်ကြတဲ့ အခြေအနေကတော့ စီစဉ်ထားတာတွေအတိုင်း ဖြစ်မနေဘူး ဆိုတာကို ညန်ပြခဲ့ပါတယ်။
ဂျကာတာမြို့တော် တောင်ပိုင်း ဆီယန်ဂျာမှာရှိတဲ့ ကျောင်းနှစ်ကျောင်းက စုစုပေါင်း ကလေး ၈၀ နီးပါးဟာ ကျောင်းတွေက ကျွေးမွေးတဲ့ အစားအသောက်တွေ စားမိပြီး အစာအဆိပ်သင့်ခဲ့ကြတာ ဖြစ်ပါတယ်။ တော်တော်များများဟာ ဆေးရုံတက်ခဲ့ရပြီး အခုတော့ သက်သာ ပျောက်ကင်းလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အထူးအလေးပေး အကောင်အထည် ဖော်နေတဲ့ အဲဒီ အစီအစဉ်နဲ့ ဆက်စပ်ပြီး အစာအဆိပ်သင့်မှု ပြဿနာတွေ အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ အဲဒီ ဖြစ်စဉ်တွေရဲ့ အဓိက အကြောင်းရင်းဟာ အစားအသောက်တွေ ပြင်ဆင်ချိန်မှာ ပေါ့ဆမှုတွေကြောင့်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Public Service Announcement
ကျောင်းသူကျောင်းသားတွေ စားသောက်မိတဲ့နောက် အော့အန်တာ၊ နာမကျန်းဖြစ်တာတွေ ခံစားခဲ့ရတဲ့ အစားအသောက် နမူနာတွေကိုတော့ ဓာတ်ခွဲခန်းတွေဆီ ပို့ဆောင်ထားပါတယ်။ ရဲတွေက အဲဒီ အစားအသောက်တွေ စီမံရာမှာ အဆင့်ဆင့် ကိုင်တွယ်ရတဲ့ မီးဖိုချောင် ဝန်ထမ်းတွေ၊ ချက်ပြုတ်သူတွေ၊ ထုပ်ပိုးသူတွေကိုပါ စစ်ဆေး မေးမြန်းနေပါတယ်။
အစာအဆိပ်သင့်မှု ကြုံခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးက သူ့ထမင်းဘူးထဲက ကြက်သား နုပ်နုပ်စင်းကြော်ဟာ ပုံမှန်မဟုတ်တဲ့ အနံ့တစ်ခု ရနေတယ်လို့ ခံစားမိခဲ့ကြောင်း၊ စားပြီး သိပ်မကြာခင်မှာပဲ ခေါင်းမူးလာ၊ နုံးချိလာပြီး ထိုးအန်မိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာတလွှားမှာ ကလေးတွေကို ကျွေးမွေးနေတဲ့ ကျောင်း အစားအသောက်တွေဟာ ကျန်းမာရေးအတွက်၊ ပညာရေးဆိုင်ရာနဲ့ ကာယဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် ရည်ရွယ် စီစဉ်လေ့ ရှိပါတယ်။
အင်ဒိုနီးရှားက စီစဉ်ထားတဲ့ ဒေါ်လာ ၂၈ ဘီလီယံတန် အစီအမံကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ကျောင်းတွင်း အစားအသောက် အစီအမံ တစ်ခုလို့တောင် သတ်မှတ်နိုင်ပြီး အရင်ကတည်းက အရည်အသွေးပိုင်းနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်တကြီး မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။ နောက်ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အဲဒီ အစီအမံက ပစ်မှတ်ထား ဝေဖန်စရာ ခေါင်းစဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဥပမာ ဖေဖော်ဝါရီလတုန်းက လူတွေ ထောင်သောင်းချီပြီး ချီတက် ဆန္ဒပြခဲ့ရာမှာ သမ္မတ ပရာဘိုဝို ကျောင်းအစားအသောက်တွေ စရိတ်အတွက် ငွေတွေအများကြီး သုံးထားတဲ့အပေါ် ဝေဖန်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ကလေးတွေက အခမဲ့ စားသောက်နေပေမယ့် မိဘတွေက အလုပ်တွေ ပြုတ်ကုန်ကြတယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။
ပရာဘိုဝိုဟာ သူ့ရဲ့ ရွေးကောက်ပွဲကြို ကတိတွေထဲမှာ နိုင်ငံရဲ့ ၅ နှစ်အောက် ကလေးတွေထဲက ၅ ပုံ ၁ ပုံဟာ အာဟာရ မပြည့်လို့ ဖွံ့ဖြိုးမှု အားနည်းနေတဲ့ ပြဿနာကို ကျောင်းတွင်း အခမဲ့ ကျွေးမွေးမှုတွေနဲ့ တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားခဲ့ပါတယ်။ ဒီအစီအစဉ်အရ အနာဂတ်မှာ အင်ဒိုနီးရှား ကလေးငယ်တွေဟာ အရပ်ပိုရှည်လာပြီး နယ်ပယ်အသီးသီးမှာ ချန်ပီယံတွေအဖြစ် ထွက်ပေါ်လာနိုင်မယ်လို့ ပရာဘိုဝိုက ပြောကြားခဲ့ပါတယ်။
ကိုးကား: BBC
