ရှိန်း/People’s Spring
မြန်မာနှစ်ကူးပြီး တတိယမြောက်နေ့(ဧပြီ ၁၉ရက်နေ့) ဖြစ်ပါတယ်။ဧပြီလနေရောင်ဟာ ပူပြင်းလှပါတယ်။ သပိတ်ကျင်းမြို့နယ်၊ရေထွက်ကျေးရွာဇာတိကိုသန်းမြိုင်ရဲ့နားထဲမှာ လေယာဉ်ဝဲသံမကြာခဏကြား နေရပါတယ်။
အရင်ရက်ကမှ ရေထွက်ရွာလမ်းခွဲဘက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲထားတာမို့သတိတော့ထားနေပါတယ်။ဒါ့အပြင်ဧပြီ ၁၈ရက်နေ့ကပဲ သပိတ်ကျင်းမြို့နယ်လိပ်ကျရွာကိုတိုက်လေယာဥ်နဲ့ ဗုံးလို့ ပြည်သူ၁၃ဦး သေဆုံးထားခဲ့တာမို့ ကိုသန်းမြိုင် စိတ်ချလက်ချမနေရဲပါ။
ကိုယ်တိုင်သတိထားနေထိုင်သလို မိသားစုဝင် တွေကိုလည်း လှမ်းသတိပေးထားပါသေးတယ်။

Public Service Announcement
ပူးပြင်လှတဲ့ ဧပြီ ၁၉ ရက်နေ့ မွန်းလွဲ ၁နာရီကျော်မှာတိုက်လေယာဉ်ခပ်နိမ့်နိမ့်ဝဲသံကြားရပါတယ်။ဗုံးကြောက်လို့မိသားစုနဲ့အတူဗုံးခိုကျင်းထဲအမြန်ဝင်ပြေးခဲ့ကြပါတယ်။ဗုံးခိုကျင်းနဲ့ရောက်ချိန်မှာပဲ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ၂ ကြိမ်နဲ့အတူ မီးခိုးလုံးတွေအူထွက်လာပါတော့တယ်။
မျက်စိတမှိတ်အတွင်းမှာသွေးအလိမ်းလိမ်းနဲ့ပတ်ဝန်းကျင်တစ်ခုလုံးမီးလောင်ကျွမ်းပေါက်ကွဲပြီး ကမ္ဘာပျက်သလိုဖြစ်နေတာကိုသန်းမြိုင် မြင်တွေ့လိုက်ရပါတယ်။
“အပြစ်မရှိတဲ့ပြည်သူတွေကိုပဲ စကစကလုပ်နေတာလား။အပြစ်မရှိတဲ့ကလေးလေးတွေ ကျွန် တော်ရှေ့တင်သေသွားခဲ့တာ”လို့ ကိုသန်းမြိုင်ကပြောပါတယ်။
ကိုသန်းမြိုင်တို့မိသားစုဟာရေထွက်ရွာမှာ မုန့်နဲ့ ကုန်စုံဆိုင်ဖွင့်ထားတာပါ။စစ်ကောင်စီ လေတပ်ကတိုက်လေယာဉ်ကဗုံးလာကြဲတဲ့အချိန်မှာ လမ်း လျှောက်တက်စ ကလေငယ်လေးတွေအပါအဝင် ကလေး ၇ ယောက်လောက်ကအုပ်စုလိုက်ကိုသန်းမြိုင်တို့မုန့်ဆိုင်မှာ ဈေးဝယ်နေကြတာပါ။
တိုက်လေယာဉ်ကနေကြဲချလိုက်တဲ့ဗုံးဟာကိုသန်းမြိုင်တို့ ဆိုင်အနီးကပဲ ကုန်မာဆိုင်ပေါ်ကိုကျခဲ့တာပါ။ကုန်မာဆိုင်က ဝန်ထမ်းတွေအပါအဝင်ဈေးဆိုင်ကတိုင်တွေပါမကျန်အကုန်အပျောက်ကုန်တာဖြစ်ပါတယ်။ကိုသန်းမြိုင်အိမ်ကနေ မုန့်ဝယ်ပြီးထွက်သွားတဲ့ ကလေးငယ်လေးတွေအုပ်စုဟာလည်း အခန္ဒာကိုယ်အပိုင်းပိုင်းပျက်ကုန်တာဖြစ်ပါတယ်။
ဒါ့အပြင်အိမ်နီးနားချင်းမိတ်ဆွေမိသားစု ၇ ယောက်ရယ် ၊သားအမိနှစ်ယောက်ထဲနေထိုင်တဲ့သူတွေရယ်၊ ကွမ်းယာဆိုင်က ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်လေးတွေရယ် အားလုံး စစ်တပ်ရဲ့ လေယာဉ် ဗုံးကြောင့် စက္ကန့်ပိုင်းအတွင်းသေဆုံးသွားကြပါတယ်။
“ဈေးဆိုင်တွေဆိုတော့ဓာတ်ဆီတွေလည်းရောင်းကြတယ်အကုန်ပေါက်ကွဲထွက်ပြီးမီးတွေပါလောင်ကုန်တာ၊”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါအပြင်လက်နက်ကြီးစထိမှန်ပြီးမီးလောင်ပျက်စီးကုန်တဲ့ အိမ်တွေထဲမှာ ကိုသန်းမြိုင်တို့ မုန့်နဲ့ ကုန်စုံဆိုင်ဖွင့်ထားတဲ့တိုက်ကလေး လည်းပါဝင်ပါတယ်။
“ဒါက ပျောက်သွားတဲ့ကွမ်းယာဆိုင်၊ဒါကကျွန် တော်တိုက်လေး ။နေမဖြစ်တော့လို့ဘူဒိုဇာနဲ့ဖြိုချထားတာ”လို့ ကိုသန်းမြိုင်က သူ့အိမ်နေရာလေးကိုလက်ညှိုးထိုးပြရင်းရင်ဖွင့်ပါတယ်။
ရေထွက်ကျေးရွာဟာမန္တလေး- မိုးကုတ်လမ်းမကြီးကနေ တဆင့်တောင်တွေဘက်ကိုသွားရတဲ့ နေရာပါ။လမ်းမပေါ်မှာရှိတဲ့ရွာမဟုတ်ဘဲ အထဲအထိဝင်ရတာမို့ သွားရ ၊ လာရတာ အရမ်းအဆင် ပြေတဲ့နေရာတော့မဟုတ်ပါဘူး။
ဒါပေမယ့် ထာဝရကုမ္ပဏီအပါအဝင်နာမည်ကြီး ရွှေကုမ္ပဏီတွေရှိသလို ရွှေလုပ်ကွက်ရှိတဲ့နေရာမို့ ဒေသခံတွေဟာချမ်းသာကြသလိုစည်ကားတဲ့ရွာလေးဖြစ်ပါတယ်။
ဒီလိုသာယာစည်ကားနေတဲ့ဈေးဟာစစ်တပ်ရဲ့ဗုံးဒဏ်ကြောင့်မိနစ်ပိုင်းအတွင်းမှာသွေးသံတရဲရဲနဲ့သစ်ပင် တွေတက်ချိတ်နေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊အသားတုံးတွေအဖြစ်ပဲကျန်ခဲ့တဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းတွေ ၊မီးလောင်ထားပြီး ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်နေတဲ့ကလေးငယ်တွေ၊သွေးညှီနံတွေ ခပ်ပုတ်ပုတ်အနံ့ တွေထွက်နေတဲ့ တစပြင်အဖြစ်ပြောင်းလဲသွားပါတယ်။
တကယ်တော့ သပိတ်ကျင်းမြို့နယ်ဟာလည်းစစ်ကိုင်းငလျင်ဒဏ်ခံခဲ့ရတဲ့ဒေသဖြစ်ပါတယ်။ဒါအပြင်စစ်တပ်က မြေငလျင်အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ ယာယီအပစ်ရပ်ထားတယ်လို့ကြေညာထားတဲ့ရက်မှာပဲဗုံးကြဲတာဖြစ်ပါတယ် ။ပိုဆိုးတာက မြန်မာနှစ်ဆန်း၁ ရက်နေ့ကပဲ အာဏာသိမ်းခေါင်းဆောင်ကပြည်သူတွေ ဘေးဘယာကင်းဝေးကြပါစေ ပြောပြီး၂ ရက်အကြာမှာ ကလေးငယ်တွေပါမချန် ပြည်သူတွေအစုလိုက်အပြုံလိုက်သေအောင် ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
အခုတော့ရေထွက်ရွာဟာ ကလေးငယ်တွေ ရုတ်တရက်ပျောက်ကုန်လို့ ဖြေဆည်းမရဖြစ်ပြီးပူဆွေးစွာငိုကြွေနေတဲ့မိဘတွေ၊ သားငယ်၊သမီးငယ်လေးသေဆုံး သွားလို့ နေရာမှာတင်တက်သွားတဲ့အမျိုးသမီးတွေ၊ ဝမ်းနည်းပူလောင် လွန်းလို့အသံတောင်မထွက်နိုင်တော့ပဲ ကြောင်တက်တက်ဖြစ်သွားသူတွေ၊ကြောက်လန့်တအား ငိုနေတဲ့အသံတွေဟာ မီးခိုးတလူလူနဲ့ ပတ်ဝန်းကျင်ကို ပဲ့တင်နေပါတယ်။
“ဖြစ်ပြီးမိနစ်၂၀လောက်အကြာမှာကျွန်တော်ရောက်သွားတယ်။မီးသတ်ကားတွေမီးငြိမ်း နေကြတယ်။အကုန်မီးလောင်နေတယ်”လို့သပိတ်ကျင်းမြို့နယ်ပကဖတာဝန်ခံ ကိုနဂါးနီကပြောပါတယ်။
ကိုနဂါးနီအဲဒီကို ရောက်တဲ့အချိန်မှာမိုးလည်းရွာ နေပါတယ်။ဒဏ်ရာရထားတဲ့ အမျိုးသမီးကိုဆေးရုံပို့ဖို့ခေါ်သွားတဲ့ကားဟာ ဒီအမျိုးသမီးလမ်းမှာတင်ဆုံးပါး သွားပါတယ် ။ဒါကြောင့် ကားကိုပြန်ခေါ်လာတဲ့ဘေးမှာငိုကြွေးနေတဲ့သူ့အမျိုးသားကိုလည်းကားဘေးမှာ ကိုနဂါးနီစတွေ့ ရပါတယ်။
အဲဒီနောက် ကလေးငယ်နှစ်ယောက် ပျောက်နေလို့ မိုးရွာထဲမှာ အပူတပြင်းလိုက်ရှာနေတဲ့ အမျိုးသမီးကိုလည်း တွေ့မိတယ်။မေးမြန်းကြည့်ပြီး မီးစွဲနေတဲ့ သွပ်တွေအောက် လှန်လှောပြီး ရဲဘော်တွေ လိုက်လံရှာဖွေပေးခဲ့ပါတယ်။
ဒါပေမယ့် လက်ကလေးပဲကျန်တဲ့၂နှစ်ကျော်အရွယ်ကလေးငယ်တဦး၊ ခေါင်းမပါခြေမပါဘဲ ခန္ဓာကိုယ်တပိုင်းသာကျန်တဲ့ ကလေးငယ်တဦးရဲ့မီးစွဲထားတဲ့ အပိုင်းအစကို သာ ရရှိခဲ့ပါတယ်။
“တော်တော်ကို ဆိုးရွားတယ်။ခြေပျက်၊လက်ပျက် ခါးပျက်အပိုင်းပိုင်းပျက်ထွက်နေတာတွေကောက်ပြီး မိုးကာနဲ့ အုပ်ထားတယ်” လို့ ကိုနဂါးနီကဖွင့်ပါတယ်။
သိပ်မကြာခင်မှာပဲ ဒဏ်ရာရလူနာကိုသွားပို့တဲ့ လူနာတင်ကားဟာကွမ်းယာဆိုင်ကဆယ်ကျော်သက်အရွယ်မိန်းက လေးရဲ့ ရုပ်အလောင်းကိုတင်ပြီးတော့ ပြန် ရောက်လာပြန်ပါတယ်။
“ကတုတ်ကျင်းထဲဝင်နိုင်တဲ့သူတွေလောက်ပဲလွတ်တာ”လို့ ကိုနဂါးနီကပြောပါတယ်။
အဲဒီနေ့က မီးငြိမ်းသတ်ပြီးချိန်မှာနေအိမ်ပေါင်း ၂၄လုံး မီး လောက်ပြာကျခဲ့ပါတယ်။ကလေးလေးတွေအပါအဝင် ပြည်သူ ၃၂ ဦးသေဆုံးခဲ့ပါတယ်။
အပြင်းအထန်ဒဏ်ရာရသူတွေအပါအဝင် ပြည်သူ ၄၀ကျော်အထိ ထိခိုက်ဒဏ်ရာတွေရခဲ့ပါတယ်။
“မင်းအောင်လှိုင်ကိုလည်းကျွန် တော်မေးခွန်းထုတ်ချင်တယ်။အရပ်သားပြည်သူတွေကိုပဲ အခုကသူကတိုက်ခိုက် နေသလို ကျွန် တော်တို့ခံစားရတယ်။ဇရှိရင် ကျွန် တော်တို့ကိုလာကြဲလိုက်။ကျွန်တော်တို့ သေသွားလည်း ဘာမှမဖြစ်ဘူး။ကျွန်တော်တို့ကိုယ်တိုင် ဒီတော်လှန်ရေး ရည်ရွယ်ချက်က အသက်ပေးပြီး ဝင်ခဲ့ကြတာပဲ။ပြိုင်ဘက်အချင်းချင်းပဲကောင်းပါတယ်။ပြည်သူတွေကို အဲဒီလောက် မလုပ်သင့်ဘူးလို့”လို့ ကိုနဂါးနီက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ မတ်လနောက်ဆုံးပတ်က နေစပြီးမန္တလေးတိုင်းအတွင်းကစစ်ကောင်စီမထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေထဲကနေရာတွေကို အညှိုးတကြီး ဗုံးကြဲသတ်ဖြတ်နေတာဖြစ်ပါတယ် ။ မန္တလေးတိုင်းမှာဆို တပတ်အတွင်းပြည်သူ ၅၀ကျော်အထိ သေဆုံးခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကို မိတ္ထီလာရှမ်းတဲလေတပ်က အများဆုံးပြုလုပ် နေပြီး တံတားဦး လေတပ်မှာတိုက်ခိုက် ရေးလေယာဉ်တဝက် ကျော်ပြုပြင် နေရတာမို့ ၃နာရီခြားတခါ လေယာဉ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက် နေတာလို့သိရပါတယ်။
စစ်တပ်က ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေတဲ့အပေါ် PDF တစ်ဦးကလည်း “အခုဟာက သူတို့(စစ်ကောင်စီ) က ပြည်သူတွေနဲ့ ကျွန်တော်တို့ကြားမှာရန်တိုက်ပေးတာ ။မင်းတို့ PDF တွေထိန်းချုပ်ထားလို့ ငါတို့ကပစ်တယ် ဆိုပြီးတော့ကျွန်တော်တို့ PDF နဲ့ပြည်သူကိုရန်တိုက်ပေးတဲ့သဘောဗျ”လို့ပြောပါတယ်။
အဆိုပါ PDF ကပဲ “ကျွန်တော်ကအဲလိုမဖြစ်စေချင်ဘူး ။တကယ့်တရားခံကိုပြည်သူကသိရမယ် ။အဲဒီတရားခံကိုပဲ နာကျည်းရမယ်၊မုန်းတီးရမယ် ၊တော်လှန်လိုစိတ်တွေမွေးဖွားရမယ်။အဲဒါမျိုးပဲဖြစ်စေချင်တယ်ကျွန်တော်က”လို့သူရဲ့အမြင်ကိုဖွင့်ဟပါတယ်။
ရေထွက်ရွာက ကိုသန်းမြိုင်ကလည်း အခုဖြစ်ရပ်ကြီးအတွက်သူရင်ထဲမှာ မေးခွန်းတစ်ခုမေးချင်စိတ်ပြင်းပြနေပါတယ် ။
“အပြစ်မရှိတဲ့ ကလေးလေးတွေ ကလေးပေါက်စလေးတွေကိုပဲ စကစ ကလုပ်နေတာလား။ကျွန်တော့ရှေ့တင် အကုန်လုံး”လို့သူကမေးခွန်းထုတ်လိုက်ပါတယ် ။ ။
