နေခန့် / People’s Spring
မတ်လ ၂၈ ရက်နေ့ နေ့လယ်တနာရီဝန်းကျင်။ ရစ်ချ်တာစကေး ၇.၇ အဆင့်ဖြင့် လှုပ်ခတ်လိုက်သော စစ်ကိုင်း ငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ တိုက်တာ အဆောက်အအုံများ ဝေါကနဲ ပြိုကျသွားခဲ့သည်။ လူပေါင်းရာချီသေဆုံးပြီးရာချီသောအဆောက်အအုံများ ပြိုလဲခဲ့သည်။အပြိုအပျက်များအောက်မှ အသက်ရှင်လျက် လွတ်မြောက်လာသူများလည်း ရှိခဲ့ပါသည်။ ယခုဆောင်းပါးသည် တိုက်ပြိုပိမိပြီးနောက် နာရီပိုင်းအကြာတွင် လွတ်မြောက်လာသော အမျိုးသမီးနှစ်ဦး၏ဖြစ်စဥ် ဖြစ်ပါသည်။
●အပြိုအပျက်အောက်က အသက်ရှုသံများ
ပြိုပျက်နေသော အဆောက်အဦးတခုရှေ့ရှိ အပုံလိုက်ဖြစ်နေသောအုတ်ပုံကြီးတွင် ကယ်ဆယ်ရေးဝန်ထမ်းများ၊ ရပ်ကွက်သူရပ်ကွက်သားများ အော်ဟစ်ပြေးလွှားရင်း ဆူညံနေသည်။ မိနစ်ပိုင်းအတွင်း နှစ်ကြိမ်တိုင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တိုက်အိုကြီးက အုတ်ချပ်များမှာ အလုံးအခဲလိုက် ပြိုကျလာခြင်းဖြစ်သည်။ ထိုအုတ်ပုံကြီးအောက်တွင် မိသားစုဝင် ၆ ဦး ပိမိလျက် ရှိလေသည်။

Public Service Announcement
မိသားစုဝင် ၄ ဦးမှာ တိုက်ရှေ့ရှိ ကားထဲတွင် ပိတ်မိနေသည်။ကားမှာ အုတ်ချပ်တွေကြောင့်ပိပြားလျက်။ကျန်နှစ်ဦးမှာတော့ ကားအနီးဝန်းကျင်တွင်ပိတ်မိနေခြင်းဖြစ်သည်။
ငလျင်လှုပ်ပြီးမကြာမီရောက်ရှိလာသော မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း၏ အဖွဲ့ဝင်များအား ရပ်ကွက်သူရပ်ကွက်သားများက ပြေးကြိုကြသည်။ အပြိုအပျက်များ များပြားလွန်း၍ရပ်ကွက်ထဲက လူငယ်တွေလည်း လာရောက်ကူညီကြသည်။
ကားအနီးအုတ်ပုံအနီးတွင်လည်းအမျိုးသမီးတဦးက အော်ငိုရင်း အုတ်ပုံအောက် လက်ညှိုးထိုးပြနေသည်။ “ဒီအောက်မှာ ဒီအောက်မှာ”ဟု သူက ငိုရင်းပြောနေသည်။ သူလက်ညှိုးထိုးသည့် အုတ်ပုံထဲက “သမီးဒီထဲမှာ” ဟု တိုးညှင်းသည့်အသံလေး ကြားလိုက်ရသည်။
အသက် ၁၆ နှစ်အရွယ် သမီးငယ် မဖူးပွင့်(အမည်လွှဲ)မှာ အသက်ရှင်လျက် ရှိနေခြင်းဖြစ်သည်။ သူကဆက်ပြောသည်။ “သမီး တီတီလည်း မြင်ရတယ်”တဲ့။ ကားပေါ်မှာပိတ်မိနေသည့် သူ့အဒေါ် မဖြူဖြူ(အမည်လွှဲ)ကိုလှမ်းမြင်နေရခြင်းဖြစ်သည်။
အဒေါ်ဖြစ်သူကလည်း အသံပြန်ပေးသည်။ ပိတ်မိသူ ၆ ဦးအနက် နှစ်ဦးကအသံပေးနိုင်ခြင်းဖြစ်လေသည်။
ပထမဆုံး ကားပေါ်ကလူတွေကို ကယ်ထုတ်ဖို့ပြင်သည်။ ပိပြားနေသော ကားပေါ်မှ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို အရင်ကယ်ထုတ်ပြီး ဆေးရုံပို့သည်။ သို့သော် ကလေးမှာ အသက်မပါတော့။ ကားပေါ်ကျန်နေသည့် အသက် ၇၀ ကျော် မိဘနှစ်ပါး၊ အသက် ၄၀ ကျော် သမီးဖြစ်သူ မဖြူဖြူတို့အား ဆက်လက်ကယ်ထုတ်ရန် စီစဥ်ကြသည်။
ကံကောင်းသည်မှာ သမီးငယ် မဖူးပွင့်သည် ကားနှင့် အနီးရှိ အုတ်ခုံကြားထဲရောက်သွား၍ အပြိုအပျက်များကြား ပိတ်မိသွားသော်လည်း ပိမိခြင်းမရှိခဲ့။ “သမီးလေးက ဒူးနှစ်လုံးကြား ခေါင်းငုံ့နေခဲ့တာ”ဟု နီးစပ်သူတဦးက ပြောပြသည်။
သမီးငယ်မဖူးပွင့်သည်ရေဆာလွန်း၍အုတ်အပျက်များကြား စီးလာသော ရေတွေကို လက်ဖဝါးနှစ်ဖက်ဖြင့် ခံကာသောက်ခဲ့ရသည်ဟု ကူညီပေးခဲ့သူများကပြောသည်။
●ကြိုးပမ်းကြတဲ့ ကယ်ဆယ်ရေးသမားများ
သမီးငယ်လေးမဖူးပွင့်အထက်၌ ပိတ်မိနေသော အုတ်စိုင်အုတ်ခဲ အင်္ဂတေများအား ကယ်ဆယ်ရေးအဖွဲ့များ၊ ရပ်ကွက်လူငယ်များက ဖယ်ရှားနေကြသည်။ အုတ်များမှာ ကြီးမားလွန်း၍ သံတူရွင်းနဲ့တောင် မ မရ။
ကယ်ဆယ်ရေးသမားများမှာလက်ဖဝါးများပေါက်ပြဲသည်အထိ ဖြစ်ခဲ့ကြသည်။ ဦးလေးဖြစ်သူကလည်း အပေါ်ကနေ “ငါ့သမီးတောင့်ထားနော်။ ဒါမှငါ့သမီး”ဟုအားပေးနေသည်။ မကြာခင်အုတ်အပြိုအပျက်များအောက်မှသမီးငယ်ကိုတွေ့ရှိလိုက်ပါတော့သည်။
မကြာခင်အုတ်အပြိုအပျက်များအောက်မှ သမီးငယ်လေး မဖူးပွင့်ကိုအသက်ရှင်လျက်တွေ့ရှိလိုက်ပါတော့သည်။ သမီးလေးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်တော့ ရပ်ကွက်သူရပ်ကွက်သားများမှ လက်ခုပ်ထတီးကြသည်။ တချို့ မျက်ရည်တွေကျကြသည်။
သမီးငယ်လေးအား ကယ်ဆယ်ပြီးနောက် ကားထဲ၌ ရှိနေသည့် အဒေါ်ဖြစ်သူမဖြူဖြူကိုလည်း ခက်ခက်ခဲခဲ ဆက်လက်ကယ်ထုတ်ခဲ့ကြသည်ဟု ကယ်ဆယ်ရေးသမားများက ပြောသည်။ အဒေါ်ဖြစ်သူကိုလည်း အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြသည်။ မိသားစုဝင်များနှင့်အတူ လာကူကြသူများပါ မျက်ရည်ကျကြသည်ဟု ဒေသခံများက ပြောသည်။
●ရှင်သူတွေအတွက် ဝမ်းသာခဲ့ရသော်လည်း
သို့သော်ကားထဲကျန်နေသော မိဘနှစ်ပါးနှင့် အိမ်ရှေ့တနေရာရှိ လူလတ်ပိုင်းအမျိုးသား မိသားစုဝင်တို့ကမူအုတ်အပြိုအပျက်များများစွာပိမိပြီးနောက် အသံပေးနိုင်ခြင်းမရှိတော့။
ကားပေါ်ရှိအုတ်ချပ်များမှာများပြားလွန်း၍လူအားဖြင့် ကြိုးချည်ကာ ဆွဲထုတ်ကြသည်။ သို့သော် အုတ်အလေးချိန်ကြောင့် ကားကမရွေ့။ ထို့ကြောင့် ဖြတ်လာသည့်ကုန်ကားတစ်စီး အကူအညီတောင်းကာ ကြိုးဖြင့်ချည်ပြီး ဆွဲထုတ်ကြရသည်။ ကားပေါ်ကမိဘနှစ်ပါးအသက်ပါမလာတော့။ အားလုံး မျက်ရည်ကျရပြန်သည်။ အလားတူ အခြားတနေရာ၌ ပိမိသည့် လူလတ်ပိုင်း အမျိုးသားမှာလည်း အသက်ပါမလာတော့။မိသားစု ရင်ကွဲရလေသည်။
လွတ်မြောက်လာပြီးနောက်ပိုင်းဒဏ်ရာရ တူဝရီးနှစ်ဦးအား ကျန်မိသားစုဝင်များက အထူးဂရုစိုက်ကြပါသည်။ သမီးငယ်မဖူးပွင့်မှာ ဒဏ်ရာရရှိမှုနည်းသော်လည်း အဒေါ်ဖြစ်သူ မဖြူဖြူမှာတော့ ခြေ၊ လက်၊ နားတဖက်နှင့် ကျောပြင်တွေမှာ ဒဏ်ရာတွေရခဲ့သည်။
“အဒေါ်ဖြစ်တဲ့သူက နံရိုးလည်း အက်သွားတယ်ပြောတယ်။ ရင်ဘတ်လည်းအောင့်အောင့်နေတယ်တဲ့။”ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
●စစ်ကိုင်းငလျင်ကြီးက ဘယ်လောက်အထိ ထိခိုက်စေခဲ့သလဲ
ငလျင်ဖြစ်စဉ်တိုင်းတွင် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးပိုင်းများသည် ထိခိုက်မှုနှုန်းမြင့်မားသော အုပ်စုဝင်များဖြစ်ကြသည်။ UNICEFကလည်း မတ် ၂၉ ငလျင်ကြောင့်ထိခိုက်သေဆုံးဒဏ်ရာရသူ အများစုတွင် ကလေးငယ်များပါဝင်နိုင်ကြောင်း ခန့်မှန်းထားသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလက နီပေါနိုင်ငံတွင် ဖြစ်ပွားသော ငလျင်တွင် သေဆုံးနှင့် ဒဏ်ရာရသူ ၅၀ ရာခိုင်နှုန်းမှာ ကလေးများဖြစ်သည်ဟု UNICEF ၏စာရင်းက ဖော်ပြသည်။
မြန်မာမှာတော့ ငလျင်ကြောင့် သေဆုံးသူ လေးထောင်နီးပါး၊ ထိခိုက်သူ ငါးထောင်ကျော်ရှိသည်ဟုသာ စစ်ကောင်စီက ထုတ်ပြန်ထားသည်။သိူ့သော်စစ်ကောင်စီက သေစာရင်းများကိုလျှော့ပြောသလို ၊တော်လှန်ရေးတပ်များထိန်းချုပ်ထားသောဒေသများမှစာရင်းများလည်းမပါ၍ မြေပြင်တွင် သေဆုံးမှုမှာထို့ထက်ပင်များနိုင်သည်ဟုကယ်
ဆယ်ရေးလုပ်ကိုင်သူအချို့ကပြောသည်။ စစ်ကောင်စီထုတ်ပြန်သောစာရင်းထဲတွင် ကလေး၊ အမျိုးသမီးနှင့် သက်ကြီးပိုင်းမည်မျှပါဝင်ကြောင်း မသိရပေ။
●ရှင်သန်ခွင့် ရခဲ့ပါသော်လည်း
ငလျင်ကြောင့် ပြိုကျသည့်တိုက်၏ မျက်နှာချင်းဆိုင်ဝင်းထဲက အိမ်ကလေးထဲတွင် သမီးငယ်လေး မဖူးပွင့်တို့ ယာယီနေထိုင်နေကြသည်။ သူတို့၏ တိုက်အပြိုနှင့် ကားအပျက်ကြီးအား နေ့စဉ်မြင်နေရခြင်းက မိသားစုဝင်များအတွက် စိတ်ဒဏ်ရာတွေနေ့စဥ် ရနေသည်။
ရှင်းဖို့လင်းဖို့ကလည်း ဘယ်ကဘယ်လိုစရမှန်းမသိ။ တိုက်အပြိုထက် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုကိုတောင် ဘယ်လိုကုစားရမည်မှန်းမသိသေး။
မိသားစုနှင့်ယခင်ကတည်းကခင်ခဲ့သောအသုပ်ဆိုင်က မိသားစုမှာ ၎င်းတို့အား အထူးဂရုစိုက်ပေးခဲ့ကြသည်။ ငလျင်ကြောင့် တိုက်ပြိုချိန်ကတည်း
က တောက်လျှောက်ရှိပေးခဲ့ပြီး ဆေးရုံကဆင်းတော့လည်း အာဟာရ ဖြစ်မည့်၊ ခံတွင်းလိုက်မည့်အစားအစားများ ချက်ပြုတ်ကျွေးသည်။ သို့သော်မိသားစုမှာ ဘယ်လိုမှမစားနိုင်။
နောက်ဆက်တွဲငလျင်တွေကြောင့်လည်း မိသားစုမှာ မျက်စိပျက်မျက်နှာပျက်နေဆဲ။ ရင်းနှီးသည့် ဆွေမျိုးတွေက ၎င်းတို့အိမ်တွေမှာလာနေဖို့ ခေါ်ပါသည်။ သို့သော် နှစ်ထပ်တိုက်တွေဖြစ်နေ၍မနေရဲကြတော့။
“တိုက်ဆိုရင်ကို စိတ်ကဘယ်လိုမှ မနေရဲတော့ဘူး”ဟု မိသားစုဝင်တဦးကပြောပါသည်။
ငလျင်လှုပ်အပြီး တပတ်ကျော်ကြာသည်အထိ မိသားစုဝင်တွေမှာ တိုက်ပြိုကြီးကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေရသည်။ညဘက်တွေအိပ်မပျော်။ စားလို့သောက်လို့လည်း မရ။
နောက်ဆုံးတော့ ဒီနေရာမှာဆက်နေလျှင်ကျန်သူတွေအတွက် စိတ်ကျန်းမာရေး ပိုဆိုးလာမည်ဖြစ်၍ အခြားတနေရာကိုပြောင်းရွှေ့သွားကြတော့သည်။ သို့သော် နေရာသာပြောင်းသွားသော်လည်း အဖြစ်အပျက်တွေက ဆိုးရွားလွန်း၍ မေ့မရကြသေး။
ကျန်ရစ်သူတွေမှာ တွေးမိတိုင်း မျက်ရည်ကျဆဲ၊ နာကျင်နေရဆဲဟု မိသစုဝင်တွေနှင့် နီးစပ်သူတွေက ပြောပြကြပါသည်။ “တသက်စာ စိတ်ဒဏ်ရာတွေ ရသွားခဲ့ကြတာ”ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောလိုက်လေသည်။ ။
