ယောနသံ/People’s Spring
မီးလောင်ပြင်တွင် ဝမ်းနည်းပူဆွေးစွာ ငိုကြွေးသံများ ဘဝဂ်ညံနေသည်။ အမျိုးသမီးအချို့က မြေပြင်၌လူးလိမ့်၍ငိုကြွေးနေကြသည်။ အမျိုးသားများကလည်း အော်ဟစ်၍ မီးလောင်ပြင်တွင်အသက်ရှင်နေသူများရှိဦးမလား ပြာပန်းခတ် ရှာဖွေနေကြသည်။
ကမ္ဘာပျက်သလိုဆူညံနေသည့် ထိုနေရာ၌ အမျိုးသမီးကြီးတစ်ဦး ငူငူကြီးရပ်နေသည်။မျက်ရည်တွေကြားမှ သူ့မျက်လုံးများကကြောင်တောင်တောင်ဖြစ်နေသည်။တစ်ခုခုကို အော်ဟစ်ရန် ဟန်ပြင်နေပုံရသော်လည်း အသံကထွက်မလာ။
ဖလန်ထည်အင်္ကျီကွက်ကျားဝတ်ထားသော အသက် ၅၀ခန့်အရွယ်အဆိုပါအမျိုးသမီးကသူ့ဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်ရှာ။ သူ့ကိုယ်သူပင် အသိလက်လွတ်ဖြစ်နေပုံရသည်။

Public Service Announcement
“မီးလောင်ပြင်မှာဗျာ။ သူ့သားလေးကိုလိုက်ရှာနေတာ။သူ အသံတိတ်မသွားခင်အထိတော့ သားရေ၊ သားလေးရေလို့ အော်ခေါ်နေခဲ့တာ”
အဆိုပါအမျိုးသမီးကို မြင်တွေ့ခဲ့သူတစ်ဦးကပြန်ပြောပြခြင်းဖြစ်ပါသည်။
သပိတ်ကျင်းမြို့နယ်မှ ရေထွက်ရွာထဲကို စစ်ကောင်စီတပ်ကဧပြီလ ၁၉ရရက် နေ့လယ် ၁ နာရီခန့်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲအပြီး မိနစ်အနည်းငယ်အကြာတွင် မီးလောင်ပြင်၌တွေ့ရသည့်မြင်ကွင်းဖြစ်သည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှု၌ ကလေးငယ်များအပါအဝင် ၂၄ ဦးထက်မနည်း ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် အထက်ပါအမျိုးသမီးကြီး၏သားဖြစ်သူပါသွားခဲ့လေသည်။
မီးကျွမ်းနေသောကလေးငယ်ရုပ်အလောင်းအချို့က မီးလောင်ပြင်တွင် ဖွာလန်ကြဲသွားခဲ့သည်။ အပိုင်းပိုင်းဖြစ်သွားသည့်ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဒေသခံများက တစ်စစီလိုက်ကောက် ခဲ့ကြရသည်။ အချို့ခန္ဒာကိုယ်များမှာ မီးသွေးတုံးအလားဖြစ်သွားသည်။
“သူတို့သားချင်းတွေရဲ့ ခြေထောက်တွေလက်တွေကို လိုက်ကောက်နေတာဗျာ။ ကျနော် ငိုမိတယ်။ မကြည့်ရက်ခဲ့ဘူး”
လေကြောင်းတိုက်ခိုက်မှုအပြီး မိနစ်၂ဝခန့်အကြာတွင် ထိုနေရာသို့ရောက်ရှိသွားသည့် ကာကွယ်ရေးရဲဘော်တဦးကဖွင့်ဟပါသည်။
ဧပြီ ၁၉ ရက်နေ့က တိုက်ခိုက်မှုသည် သပိတ်ကျင်းမြို့နယ်အတွင်း လူအစုလိုက်အပြုံလိုက်သေဆုံးစေသည့်ဗုံးကြဲမှုကို စစ်ကောင်စီက နှစ်ရက်ဆက် ကျူးလွန်ခြင်းဖြစ်သည်။
ဧပြီ ၁၈ရက်နေ့မနက်၁၀နာရီကျော်ကသပိတ်ကျင်းမြို့နယ်လိပ်ကျကျေးရွာကို စစ်တပ်ကလေကြောင်းမှ ဗုံးကြဲရာ ဒေသခံ ပြည်သူ ၁၃ဦး သေဆုံးခဲ့သည်။ ရေထွက်ရွာအား ဗုံးကြဲသည့်ဖြစ်စဉ်တွင် ၂၄ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများအနက် အချို့ထပ်မံသေဆုံးသည်ဟု ဒေသခံအချို့ကပြောသည်။ ထိုကြောင့် သပိတ်ကျင်းမြို့နယ်တွင် ၂ရက်အတွင်း ကလေးငယ်များအပါအဝင် လူ၄၀ကျော်ကို စစ်ကောင်စီကသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
“အပြစ်မရှိတဲ့ စကစကလုပ်နေတာလား။အပြစ်မရှိတဲ့ ကလေးလေးတွေ ကလေးပေါက်စလေးတွေကိုပဲ စကစ ကလုပ်နေတာလား။ကျွန်တော့ရှေ့တင် အကုန်လုံး”ဟု ဒေသခံတစ်ဦးကစစ်ကောင်စီကို မေးခွန်းထုတ်သည်။
ထိုသို့မတိုက်ခိုက်မီ ဧပြီလ ၁၇ရက် မြန်မာနှစ်ဆန်း၁ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံပိုင်မီဒီယာမှတဆင့် စကားတစ်ခွန်းပြောခဲ့သည်။ ထိုစကားသည် ပေါက်ပန်းလေးဆယ်ပြောခြင်းဟု လူထုက ရှုမြင်ခဲ့သည်။
မင်းအောင်လှိုင်က မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူအားလုံး ဘေးဘယာများကင်းဝေးစေကြောင်း ဆုမွန်ကောင်းတောင်းအပ်သည်ဟုဖြစ်လေသည်။ လူထုကရှုမြင်သလိုပင် ပေါက်ပန်းလေးဆယ်စကားဖြစ်ခဲ့သည်။ သူပြောပြီး နာရီနည်းငယ်အတွင်းတွင် မိုးကုတ်မြို့ စစ်အုပ်စုကကိုဗုံးမိုးကြဲခဲ့သည်။
စစ်ကိုင်းငလျင်ကြီးကြောင့်ပြန်လည်ထူထောင်ရေးလုပ်ရန်ဆိုကာ စစ်အုပ်စုက ဧပြီ ၂ ရက်မှာ ၂၂ ရက်အထိ ရက်ပေါင်း ၂၀ ကြာအပစ်ရပ်သည်ဟုတကမ္ဘာလုံးကို လိမ်ညာ၍ သင်္ကြန်ကာလကိုပင်မရှောင် တစ်ရက်မပျက် နိုင်ငံတစ်ဝန်းဗုံးပတ်ကြဲခဲ့ပါသည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့မှစ၍ စစ်ကောင်စီက စဉ့်ကူး၊သပိတ်ကျင်း၊ ညောင်လေးပင်၊ကျောက်တော်၊ မိုးဗြဲ၊ လေးမျက်နှာ၊ဝန်သို၊ ကော့ကရိတ်၊ မိုးကုတ် စသည့် တောင်တန်း မြေပြန့်မကျန် ဒေသအနှံ့ ဗုံးမိုးရွာ၍ လူသတ်ပွဲပြုလုပ်ခဲ့သည်။ ထိုအထဲတွင်ဖလန်ထည်ဖျင်အင်္ကျီကို ဝတ်ထားသည့် သားပျောက်ရှာနေသော အမျိုးသမီးကြီးနေထိုင်ရာ ရေထွက်ရွာသည် အဆိုးရွားဆုံးဖြစ်ပြီး ပြည်သူများ အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ဧပြီလ ၂၀ရက်နေ့ ညနေပိုင်းတွင်လည်း လေကြောင်းမှထပ်မံဗုံးကြဲပြန်သည်။
စစ်ကောင်စီက အညှိုးတကြီးဗုံးကြဲနေသည့် ရေထွက်ရွာသည် တော်လှန်ရေးအင်အားစုများလှုပ်ရှားခြင်းမရှိဘဲ ဒေသခံများဈေးရောင်းဝယ်ဖောက်ကားသည့် ရွာကြီးဖြစ်သည်။ သပိတ်ကျင်းမြို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် မြို့ဖြစ်သော်လည်း ရေထွက်ရွာတွင် တပ်စွဲနေထိုင်ခြင်းမရှိပေ။ ထိုရွာကိုမှ စစ်ကောင်စီက အညှိုးတကြီး ပစ်မှတ်ထားဗုံးကြဲနေသည်။
“အခုဟာက သူတို့(စစ်ကောင်စီ) က ပြည်သူတွေနဲ့ ကျွန်တော်တို့ကြားမှာရန်တိုက်ပေးတာ ။မင်းတို့ PDF တွေထိန်းချုပ်ထားလို့ ငါတို့ကပစ်တယ် ဆိုပြီးတော့ကျွန်တော်တို့ PDF နဲ့ပြည်သူကိုရန်တိုက်ပေးတဲ့သဘောဗျ”ဟု PDF တစ်ဦးကပြောသည်။
သူကပင်ဆက်၍ “ကျွန်တော်ကအဲလိုမဖြစ်စေချင်ဘူး ။တကယ့်တရားခံကိုပြည်သူကသိရမယ် ။အဲဒီတရားခံကိုပဲ နာကျည်းရမယ်၊မုန်းတီးရမယ် ၊တော်လှန်လိုစိတ်တွေမွေးဖွားရမယ်။အဲဒါမျိုးပဲဖြစ်စေချင်တယ်ကျွန်တော်က”ဟုပြော၏ ။
ဧပြီ ၂၀ ရက်နေ့တွင်တော့ ရေထွက်ရွာတွင် မီးလောင်ပြင်ကြီးမရှိတော့ပါ။ ပျက်စီးနေသောအိမ်များက အမြင်မတင့်တယ်စွာ ရှိနေသည်။ ဗုံးကြဲခံရမှုကြောင့် ရုပ်ပျက်ဆင်းပျက်သေဆုံးသွားခဲ့သူများ၏ နာရေးကိုလည်း အမြန်ပြုလုပ်လိုက်ပြီဖြစ်သည်။
နာရေးကိုလိုက်ပါလာသူများထဲတွင် ဖလန်ထည်ဖျင်အင်္ကျီဝတ်အမျိုးသမီးကြီးလည်း ပါဝင်လာခဲ့သည်။ သို့သော် ယနေ့အထိ ဘာစကားမှမပြောဘဲ ဆွံ့အနေဆဲဖြစ်ပြီး နာရေးမှအပြန်တွင် မီးလောင်ပြင်အနီးမှ တစ်ဦးတည်း ဖြတ်သွားသည်ကိုတွေ့ရသည်ဟု ဒေသခံအချို့ကပြောသည်။ သူဘယ်ကို ထွက်သွားလဲဆိုသည်ကို မည်သူမျှ တိတိကျကျမသိပေ။ ။
