မသီတာ-စမ်းချောင်းရေးသားသည်
ဆရာ Letyar Tun ရဲ့ လတ်တလောပို့စ်မှာ မြန်မာဟာ အိန္ဒိယ-တရုတ် နိုင်ငံရေးပြတ်ရွေ့နှစ်ခု တိုက်မိနေတဲ့ကြားမှာမို့”ပထဝီနိုင်ငံရေးငလျင်ကြီး” လှုပ်လာနိုင်တယ်လို့ ထောက်ပြထားပါတယ်။ “အိန္ဒိယက မီဇိုရမ်အမတ်တွေက ချင်းတောင်တန်းနဲ့ လူရှိုင်းတောင်တန်း ပြန်ပေါင်းချင်တယ်။
တရုတ်ကောင်စစ်ဝန်ရုံး လားရှိုးမှာ လာဖွင့်တော့မှာဆိုတာတွေဟာ မြန်မာနိုင်ငံ တည်ရှိမှုအောက်က ပထဝီနိုင်ငံရေးအက်ကြောင်းတွေကို ပိုသိသာစေတယ်”လို့ ဆရာက ရေးထားတာပါ။
ပြီးခဲ့တဲ့လက လန်ဒန်အခြေစိုက် သတင်းမီဒီယာတစ်ခုက ကျမကို အင်တာဗျူးတော့ မြန်မာအရေးဟာ ဘာလို့ ယူကရိန်းအရေး၊ ဂါဇာအရေးတွေလို ကမ္ဘာရဲ့ ဂရုစိုက်မှုကို မခံရတာလဲ၊ ဘာကြောင့်လို့ ထင်လဲဆိုတဲ့ မေးခွန်းပါလာပါတယ်။

Public Service Announcement
“ငါတို့က လူနည်းစုလေ။ ယူကရိန်းဟာ အင်ဂလိုဆက်ဆန်အနွယ်ဆိုတော့ သူ့နောက်ခံ လူထုအင်အားကြီးက အင်မတန် ကြီးသလို ဂါဇာဟာလည်း ကမ္ဘာ့မွတ်ဆလင်လူထုဆိုတဲ့ နောက်ခံအင်အားထုကြီးကို ချိတ်ဆက်လို့ ရနေပါတယ်။ငါတို့တွေကတော့ ကမ္ဘာမှာ တကယ့်လူနည်းစုလူ့အဖွဲ့အစည်းလေးလေ။ ဒါကြောင့်လို့ပဲ ငါ ထင်ပါတယ်”လို့ ပြောဖြစ်ခဲ့ပါတယ်။
အားငယ်စကားမဟုတ်ပါဘူး။ပကတိအမှန်တရားကို သိစေချင်တာပါ။စာနာမှုဆိုရာမှာနောက်ခံအကြောင်းအရာတူ တခုခု ရှိနေမှ သဘာဝကျကျ ပေါ်ထွက်လာတတ်ပါတယ်။
ဒီတော့တော်လှန်ရေးအပြီးမှာမြန်မာ့မြေပုံပြောင်းသွားနိုင်တယ်ဆိုတာကိုလည်း ဇွတ်လက်ခံ ဇွတ်ငြင်းပယ် လုပ်လို့ မရနိုင်ပါဘူး။ဒီနေရာမှာလူနည်းစုဆိုတဲ့ ခံစားချက်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကအရေးကြီးတယ်လို့ မြင်ပါတယ်။
လူနည်းစုကို လူများစုဖြစ်သွားအောင် နောက်ခံဘုံတူညီချက် ရှိတဲ့အရာတွေကိုလှမ်းချိတ်လှမ်းအားကိုးကြမလား၊ လူနည်းစုပေမဲ့ အင်အားပြည့် အမှီအခိုကင်းကင်း ရပ်တည်နိုင်အောင် သန်မာမှုရှိတဲ့ လူ့အဖွဲ့အစည်းအဖြစ် သက်သေပြပြီး ဆက်ရပ်တည်ကြမလားဆိုတာကို ကျမတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြရမှာပါ။
မီဇိုရမ်အမတ်ကိုချင်းတွေ တုံ့ပြန်တာကတော့ရှင်းပါတယ်။ ကိုယ့်လက်ရှိအမှတ်လက္ခဏာကိုလူနည်းစုပဲဖြစ်ပစေဦး ဆက်လက်ရပ်တည်တောင့်ခံပြီး ကိုယ် ဖြစ်ချင်တာကို ဆက်လက်ကြိုးပမ်းသွားမယ်ဆိုတာမျိုးပေါ့။
လားရှိုးကိစ္စမှာတော့ နဂိုကတည်းက လူများစုရဲ့ ဖိနှိပ်မှုအင်အားကိုလူနည်းစုအဖြစ်တုံ့ပြန်ရာမှာကိုယ်နဲ့ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းနီးစပ်တဲ့ လူများစုကြီးရဲ့ အကူအညီ အထောက်အပံ့တွေကို ယူခဲ့တဲ့အတွက် လွှမ်းမိုးမှုကို အာခံဖို့ မစွမ်းနိုင်တာမျိုးပေါ့။
မြန်မာဟာ ကိုယ့်လူဦးရေထက်အနည်းဆုံး ၃-၄-၅ ဆ ကြီးမားများပြားတဲ့ အိမ်နီးချင်းနိုင်ငံခြားလူ့အဖွဲ့အစည်းများကြားမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ့်တွေဟာ ကျမတို့အပေါ် သက်ရောက်မှု ကြီးမားနိုင်တဲ့ လူ့
အဖွဲ့အစည်းကြီးတွေပါ။ မြန်မာမှာလူနည်းစုအဖြစ် ခံစားနေရတဲ့ ခံစားချက်ကို ကျော်လွန်ဖို့ တိုက်ပွဲဝင်ကြတာသက်သက်နဲ့ တော်လှန်ရေးတို့ စစ်ပွဲတို့ကို ဆင်နွှဲကြတာဆိုရင် အိမ်နီးချင်းတွေရဲ့ ဝါးမျိုလာမှုကို ဘယ်လိုနည်းနဲ့ တွန်းလှန်နိုင်မလဲဆိုတာကိုပါ တဆက်တည်း ထည့်တွက်စဉ်းစားထားကြဖို့ လိုပါတယ်။
အဲလိုမှမပြင်ဆင်ထားရင်မြန်မာထဲကလူနည်းစုဟာ ၅၅ သန်းလောက်ရဲ့ လူနည်းစုဖြစ်နေပေမဲ့ သန်း ၁၅၀ လောက်ရှိတဲ့ လူ့အဖွဲ့အစည်းတွေထဲက လူနည်းစုအနေအထားကိုလည်း အချိန်မရွေး ရောက်သွားနိုင်ကြပါမယ်။
နွေဦးတော်လှန်ရေးရဲ့ သန္ဓေမှာ “ငါတို့ဆန္ဒ မပါဘဲ ငါတို့ကို အုပ်ချုပ်လို့ မရ”ဆိုတာကသာ အခြေခံကျပါတယ်။ လူနည်းစုခံစားချက်တွေကို ကျော်လွှားဖို့ စစ်အင်အား သုံးပြီး တံခွန်ထူဖို့ မဟုတ်ခဲ့ပါဘူး။ “ငါတို့လူ့အဖွဲ့အစည်းကို ကြီးနိုင်ငယ်ညှင်း အုပ်ချုပ်မှုမျိုး ဘယ်သောအခါမှ မပေါ်ပေါက်အောင် အားထုတ်ကြမယ်”လို့ ပိုင်းဖြတ်ထားတဲ့ လူ့အဖွဲ့အစည်းမျိုးအဖြစ် အသွင်ပြောင်းကြဖို့ဟာ သိပ်အရေးကြီးပါတယ်။
ဒီနေရာမှာ ရိုဟင်ဂျာအရေးကို ပြန်ကြည့်ရင်လည်း လူများစုမွတ်ဆလင်ကမ္ဘာ ရဲ့ စာနာမှုကို ရခဲ့ပေမဲ့ လူနည်းစုအနေအထားမှာ ရှိနေဆဲမို့ စစ်ကောင်စီရဲ့ အသုံးချမှုကို ခံနေရဆဲဖြစ်တာဟာ သင်ခန်းစာ ယူစရာလို့ ယူဆပါတယ်။ လူနည်းစုဖြစ်ရတာဟာ မကောင်းပါဘူး။ ဒါပေမဲ့ ဒီအနေအထားကို အသွင်ပြောင်းနိုင်ဖို့ဆိုတာ အရေအတွက်အင်အားအရမဖြစ်နိုင်ဘဲ အနှစ်သာရခွန်အားအရသာ ဖြစ်နိုင်မှာပါ။
ကမ္ဘာမှာ အာဏာရှင်တွေ မှိုလိုပေါက်လာသလို လူ့အဖွဲ့အစည်းတော်တော်များများမှာလည်း ကြီးနိုင်ငယ်ညှင်းနဲ့ တကိုယ်ကောင်းဆန်တဲ့ စိတ်ထားတွေ လွှမ်းမိုးလာနေပါတယ်။အာဏာရှင်ကိုလက်မလျော့စတမ်း ၊စိတ်မလျော့စတမ်း တောင့်ခံတွန်း
လှန်နေတဲ့ နိုင်ငံနဲ့လူ့အဖွဲ့အစည်းကတော့ လက်ချိုးရေရလောက်အောင် အနည်းစုပဲ ရှိပါတယ်။ အဲဒီအနည်းစုထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးဟာ ရှေ့ဆုံးကနေ ပါပါတယ်။
တစ်ခုလေးပါပဲ။ ကျမတို့ရဲ့ နွေဦးတော်လှန်ရေးဟာ အာဏာရှင်ကို အမြစ်ဖြုတ်ရုံနဲ့ မရပ်သွားဘဲ ကြီးနိုင်ငယ်ညှင်း ကင်းတဲ့ ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးဖို့ အဆင်သင့် ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းဆိုတာကို သက်သေပြနိုင်ဖို့ပါပဲ။ အဲလိုသက်သေပြနိုင်လာမှပဲ အနည်းစုဖြစ်နေသေးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲကို ပထဝီနိုင်ငံရေးငလျင်ကြီးက သက်ရောက်လာရင်တောင်ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
