- ၅၅၉ ရေးသားသည်။
နည်းနည်းစိတ်ရှုပ်မယ်လို့ ကြိုပြောထားပါရစေ။
၂၀၀၅ ခုနှစ်မှာတုန်းက နိုင်ငံရေးသိပ္ပံပညာရှင် ဘရိုင်ယန် နိုင်ဟန်နဲ့ ဂျေဆန် ရေဖလာတို့ဟာ အုတ်အော်သောင်းနင်းဖြစ်လာမယ့် နိုင်ငံရေးစိတ်ပညာဆိုင်ရာ စမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
ဒီလက်တွေ့စမ်းသပ်မှုဟာ အမေရိကန်ပြည်ထောင်စုက အီရတ်နိုင်ငံကို ၂၀၀၃ ခုနှစ်မှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီး ဆက်ဒမ်ဟူစိန်ရဲ့အစိုးရကို ဖြုတ်ချတဲ့ကိစ္စဖြစ်ပါတယ်။ အီရတ်ကို ဝင်တိုက်ခိုက်ရတဲ့အကြောင်းပြချက်ကတော့ ဆက်ဒမ်ဟူစိန်ဟာ လူတွေကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်တဲ့ လက်နက်တွေ (Weapons of Mass Destruction–WMD)တွေ စုဆောင်းနေတယ်ဆိုတဲ့အချက်ပါ။
အားလုံးသိတဲ့အတိုင်းပဲ တကယ်တော့ ဟူစိန်မှာ WMD မရှိပါဘူး။ ဒါကိုသတင်းစာဆရာတွေ၊ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံတကာက လက်နက်ကျွမ်းကျင်သူတွေကသက်သေပြပြီးဖြစ်ပါတယ်။ အီရတ်မှာ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေရှိတယ်ဆိုတာကို ယုံကြတဲ့ပြည်သူတွေမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန မျှော်စင်ညီနောင်ကို အယ်လ်ကေးဒါးအကြမ်းဖက်သမားတွေ ဝင်တိုက်ခဲ့လို့ လူတွေထောင်ချီသေဆုံးခဲ့ကြတယ်ဆိုတဲ့ ခံစားချက်ဖိစီးနေပါတယ်။

Public Service Announcement
ဒါနဲ့ပက်သက်ပြီး စိတ်ပညာအရ Terror Management Theory (TMT) လို့ဆိုကြပါတယ်။
နိုင်ငံရေးသိပ္ပံပညာရှင် ဘရိုင်ယန်နဲ့ ဂျေဆန်တို့ဟာ လူ ၁၃၀ ကို အုပ်စုတွေခွဲလိုက်ပါတယ်။ ပြီးတော့ သူတို့ကို မတူညီတဲ့သတင်းတစ်ပုဒ်စီကို ပေးဖတ်ပါတယ်။
တစ်ပုဒ်မှာတော့ သမ္မတဘုရှ်က “(အီရတ်ဟာ) အန္တရာယ်ကြီးပဲ၊ တကယ့်အန္တရာယ်ကြီးပဲ။ ဆက်ဒမ်ဟူစိန်ဟာ လက်နက်တွေ၊ ပစ္စည်းတွေ၊ သတင်းအချက်အလက်တွေကို အကြမ်းဖက်သမားတွေကို ပေးခဲ့မှာပဲ” ပြောခဲ့တဲ့ သတင်းပါ။
နောက်တစ်ပုဒ်မှာတော့ ဘုရှ်ပြောတဲ့အချက်အလက်တွေဟာ သက်သေအခြေအမြစ် မရှိကြောင်းကို သတင်းဌာနက သေသေချာချာရှင်းပြထားတဲ့ သတင်းဖြစ်ပါတယ်။
ထွက်လာတဲ့အဖြေရလဒ်က အံ့ဩစရာဖြစ်ပါတယ်။
ဘုရှ်ပြောတာဟာ အခြေအမြစ်မရှိကြောင်းကိုရှင်းပြထားတဲ့ သတင်းကို ဖတ်ရတဲ့သူတွေအများစုက ဘုရှ်ကိုပိုယုံသွားပြီး အီရတ်မှာ လူတွေအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေရှိတယ်ဆိုတာကို ပိုလက်ခံသွားကြပါတယ်တဲ့။ သူတို့ဟာ ရီပတ်ဘလီကန်ပါတီကို ထောက်ခံသူတွေများပါတယ်။
အဲဒီဖြစ်စဉ်ကို ပြောင်းပြန်အကျိုးသက်ရောက်မှု (Backfire Effect) လို့ နိုင်ငံရေးစိတ်ပညာရှင်တွေက ခေါ်ကြပါတယ်။ ဒီတွေ့ရှိမှုအရ အမှန်ကိုသိအောင်ရှင်းပြမှုက တခါတလေမှာ ပိုတောင်ဆိုးသွားတဲ့ အကျိုးသက်ရောက်မှုကိုရတယ်ဆိုတဲ့အချက်ပါပဲ။
Backfire Effect က ပိုဆိုးလာတဲ့အခါ လူတချို့ဟာ အမှန်ကိုကြားရလေ အမှားကိုပိုဆုပ်ကိုင်လေဆိုတဲ့ ကြောက်စရာကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးစိတ်ပညာ (Political Psychology) ရဲ့ ကြီးမားတဲ့တွေ့ရှိမှုတစ်ခုပဲဖြစ်ပါတယ်။
ဒီလောက်ဆိုရင် ဒုစရိုက်မှုများစွာကျူးလွန်ပြီး လူ့ကျင့်ဝတ်တွေကိုယုံနိုင်စရာမရှိအောင် ချိုးဖေါက်တဲ့ ဒေါ်နယ်ထရန့်လိုလူဟာ ဘာကြောင့် အခုထက်ထိထောက်ခံမှုတွေဒုနဲ့ဒေးနဲ့ ရှိနေတယ်ဆိုတဲ့ အကြောင်းကို သဘောပေါက်ကြပြီထင်ပါတယ်။
ထရန့် လိမ်နေတာကို သူ့ပရိတ်သတ်တွေသိကြပါတယ်၊ သူပြောတဲ့ လိမ်ညာမှုတွေကို သတင်းဌာနတွေကလည်း Fact Checking လုပ်ကြပါတယ်။
ဒါပေမယ့် “ပြောင်းပြန်အကျိုးသက်ရောက်မှု” ကတော့ ရှိနေတာပါပဲ။ လူတိုင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် “ဘာမှလာမပြောနဲ့တော့ ဒို့ကတော့မပြောင်းတော့ဘူး”ဆိုတဲ့ လက္ခဏာတွေဟာ နိုင်ငံရေးပြဿနာကြီးကြီးမားမားရှိတဲ့ လူ့အဖွဲ့အစည်းတွေမှာတွေ့နေရပါတယ်။
မြန်မာနိုင်ငံလည်းချွင်းချက်ဘယ်ဖြစ်နိုင်ပါ့မလဲ။
ဖင်ပိတ်ငြင်းတဲ့အဆင့်ကိုတောင်လွန်သွားကြပါပြီ။ “ဖြေရှင်းပြမနေနဲ့တော့၊ သူတို့လက်ခံမှာမဟုတ်ဘူး”လို့ မပြောပါဘူး။ စိတ်ဓါတ်လည်းမကျစေချင်ပါဘူး။ ဒီထက်ပိုပြီးထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖွေသုံးစွဲရမယ်ဆိုတဲ့အကြောင်းကိုပဲ တင်ပြချင်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို မွတ်ဆလင်မ်တွေဝါးမျိုသွားမယ်ဆိုတာကို ယုံကြည်ပြီး သွေးချောင်းစီးခဲ့ပါတယ်။ ကိုဗစ်ဆိုတာ အလိမ်အညာကြီးပါဆိုတဲ့စကားကို ကြားခဲ့ကြရပါတယ်၊ ကာကွယ်ဆေးဆိုတာ အလကားပါဆိုတာလည်း ပြောခဲ့ကြပါတယ်၊ ကြိုမသိတဲ့ငလျင်ကို ရက်နဲ့အတိအကျပြောတာကို ယုံနေကြတာလည်း တွေ့ခဲ့ရပါတယ်။
သတင်းစာဆရာတွေတင်မကဘဲ နဲ့ နိုင်ငံ့အရေးမှာ ပါဝင်ပက်သက်သူတိုင်းက ပြောနေကျစကား၊ လုပ်နေကျနည်းလမ်း၊ လျှောက်နေကျလမ်းကြောင်းကနေ ကွဲထွက်ပြီးဒိထက် ထိရောက်စေဖို့ ဦးနှောက်မုန်တိုင်းဆင်ကြရမယ်ထင်ပါတယ်။
Backfire Effect အကြောင်း တွေးမိတိုင်း မိတ်ဆွေတစ်ဦးရဲ့ သွားလေသူမိခင်ကြီးကို ပြန်သတိရမိပါတယ်။ မိခင်ကြီးကပြောပါတယ်။
“လကမ္ဘာပေါ်ကို လူတွေရောက်သွားတယ်ဆိုတဲ့ဓါတ်ပုံ ငါ့ကိုလာမပြနဲ့။ ငါအရူးမဟုတ်ဘူး။ အဲဒီပုံတွေက ပင်လယ်ထဲက ကျွန်းတစ်ကျွန်းပေါ်သွားပြီး လိမ်ရိုက်ထားတာ” ပါတဲ့။
လကမ္ဘာပေါ်မှာ ပထမဆုံးခြေချဖူးတဲ့ လူသားဖြစ်တဲ့ အာကာသယာဉ်မှူး နီးလ်အမ်းစ်ထရောင်းနဲ့ တမလွန်မှာတွေ့ဖြစ်ခဲ့ရင် သူ့ကိုပြန်မပြောကြပါနဲ့။ ။
