close
Connect with us

Hi, what are you looking for?

ဆောင်းပါး

လားရှိုးတွင်လှုပ်သည့် တရုတ်လုပ်နိုင်ငံရေးငလျင်

ဖျက်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကို ရှမ်းပြည်နယ်​မြောင်ပိုင်းမှလားရှိုးမြို့မခံစားခဲ့ရပါ။သို့သော် ဒေသခံများ အလွန်စိုးရိမ်နေသည့်နိုင်ငံရေးငလျင်က လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ active ဖြစ်နေပါပြီ။

ယောနသံ/People’s Spring

ဖျက်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကို ရှမ်းပြည်နယ်​မြောင်ပိုင်းမှလားရှိုးမြို့မခံစားခဲ့ရပါ။သို့သော် ဒေသခံများ အလွန်စိုးရိမ်နေသည့်နိုင်ငံရေးငလျင်က လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ active ဖြစ်နေပါပြီ။

‌၁၀၂၇ စစ်ဆင်ရေးနှင့်အတူလားရှိုးမြို့ကိုသိမ်းယူပြီးဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် အုပ်ချုပ်ရေးယန္တရား စနစ်တကျကိုင်တွယ်မည်ဟုကြွေးကြော်ခဲ့သည့် MNDAA က မြို့မှ ပြန်ထွက်ခွာပြီး စစ်အာဏာရှင်ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်လာသည့် အခြေအနေက လားရှိုးမြို့နှင့် ရှမ်းမြောက်ဒေသခံများစိုးရိမ်နေသည့် နိုင်ငံရေးငလျင်ဖြစ်သည်။

ထိုငလျင်ကို အသက်သွင်းသူက တရုတ်အစိုးရဖြစ်သည်။ကျားဖြန့်တိုက်ဖျက်ရေးဟုဆိုကာ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်တွင် တရုတ်အစိုးရခွင့်ပြုချက်ဖြင့် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ လားရှိုးမြို့ကို MNDAA နှင့်မဟာမိတ်များက၂၀၂၄ဇူလိုင် ၂၅ ရက်တွင် သိမ်းယူနိုင်ခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။ ထိုနေ့ နံနက် ၄ နာရီတွင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်ခြင်းနှင့်အတူ လားရှိုးမြို့ကို ထိန်းချုပ်လိုက်ပြီဟု MNDAAက ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

“လားရှိုးမြို့ လွတ်မြောက်ရေး၊တော်လှန်ရေးလှုပ်ရှား မှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်”ဟု MNDAAက ၂၀၂၄ ဇူလိုင် ၂၅ နံနက် ၁၀နာရီ ၂၁ မိနစ်၌ကမ္ဘာသိကြေညာပြခဲ့သည်။အမှန်တွင် ရမခ အပါအဝင် လားရှိုးမြို့ကို MNDAA နှင့် ပူး​ပေါင်းတပ်များက သြဂုတ် ၃ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့​ခြင်းဖြစ်သည်။သို့သော်လည်း လားရှိုးမြို့ကို စတိုက်သည်နှင့် ဖိအားမျိုးစုံ​ပေး​နေ​သောတရုတ်ဖိအား​ကြောင့် စတိုက်သည်နှင့် မြို့သိမ်းနိုင်ပြီဟု ကိုးကန့်တပ်က​ကြေညာခဲ့ခြင်းပင်။

၁၀၂၇ စစ်ဆင်​ရေး ​ကြောင့် MNDAAနှင့်အတူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် လူထုထောက်ခံမှုအကြီးအကျယ်ရရှိခဲ့သည်။မြို့သိမ်းတိုက်ပွဲအောင်မြင်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ကရင်အမျိုးသားအစည်းအရုံး

(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ အပါအဝင် တော်လှန်ရေးအင်အားစုများအပြားက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

MNDAAသည် ထိုအချိန်က မြန်မာ့လူ့အဖွဲ့အစည်းကြားတွင် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်ခဲ့သည်။ သို့သော် အထက်ပါအကြောင်းအရာများသည် ခုနှစ်လ​ကျော်လာ​သောအခါတွင် ခပ်ရေးရေးကျန်ခဲ့ပြီဖြစ်သည်။

MNDAAက ရှစ်လ​ကျော်ထိန်းချုပ်ခဲ့ပြီးနောက် လားရှိုးမြို့သည်ယခုအခါတရုတ်အလိုကျအတိုင်းပင် စစ်ကောင်စီလက်အောက်သို့ ပြန်ရောက်သွားပြီဖြစ်သည်။

တရုတ်အစိုးရ၏ ဖိအား​ပေးမှုဖြင့် MNDAAနှင့် စစ်ကောင်စီကြားကိုအကြိမ်ကြိမ်ညှိနှိုင်းပြီးနောက် MNDAAသည် လားရှိုးမြို့မှ ပြန်ဆုတ်ခွာသွားပြီဖြစ်သည်။ ယခုအဆင့်မရောက်မီက တရုတ်သည် MNDAAလားရှိုးမှဆုတ်ခွာရန် နည်းလမ်းပေါင်းစုံခြိမ်းခြောက်ခဲ့သည်ဟု သတင်းများထွက်ခဲ့သည်။

လူသိထင်ရှားအဖြစ်ဆုံးမှာMNDAA ခေါင်းဆောင်ဖုန်တာရွှင်သည် ၂၀၂၄ အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့သွားရောက်ခဲ့စဉ်တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပြန်ခွင့်မရတော့ဘဲ ထိန်းသိမ်းခံရခြင်းဖြစ်သည်။

တရုတ်က နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့ပြီး MNDAAအနေဖြင့် လားရှိုးမှပြန်ဆုတ်ခွာရန် အကြပ်ကိုင်ခဲ့သည်ဟုတရုတ် ရွှေလီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။ ထိုသတင်းထွက်ပေါ်လာချိန်၌ MNDAA ခေါင်းဆောင်ဖုန်တာရွှင်သည် ဆေးကုသမှုခံယူနေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ပေကျင်းမြို့သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားသည်။ ထိုပြောကြားချက်ကို မည်သူကမျှမယုံခဲ့ပေ။

လားရှိုးမြို့ လွတ်မြောက်ရေး၊တော်လှန်ရေးလှုပ်ရှား မှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်”ဟုကမ္ဘာသိကြေညာခဲ့သည့်MNDAAသည်၂၀၂၄ နှစ်ကုန်ခန့်မှစ၍ အသံတိတ်သွားခဲ့ပြီး လာရှိုးမြို့မှပြန်လည်ထွက်ခွာရေးအတွက် မတ်လလယ်မှစကာ တိတ်တဆိတ်လုပ်နေခဲ့သည်။

သင်္ကြန်ကာလအတွင်းတွင်MNDAAတပ်ဖွဲ့ဝင်များအပြားလားရှိုးမြို့ပြင်ဘက်သို့ အုံလိုက်ကျင်းလိုက် ဆုတ်ခွာသွားခဲ့ကြသည်။ တခြားနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကိုင်ဆွဲထားသည်ဟုအစဉ်တစိုက်ပြောကြားနေသည့် တရုတ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းကို လားရှိုးမြို့သို့ ပို့ခဲ့သည်။

MNDAA နှင့် စစ်‌ကောင်စီအဆုတ်အတက်လမ်းကြောင်းကို တိန့်ရွှီကျွင်းက ဖောက်ပေးခဲ့သည်။တရုတ်အလံဘေးတွင် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ဟုတရုတ်-မြန်မာနှစ်ဘာသာဖြင့် ရေးသားထားသောအနက်ရောင်ကားများဖြင့် တိန့်ရှီကျွင်းခေါင်းဆောင်သည့်ကိုယ်စားလှယ်ဖွဲ့ က ဧပြီလ ၁၉ရက်နေ့တွင် လားရှိုးမြို့သို့ဝင်လာခဲ့သည်။

တချိန်တည်းတွင် MNDAAတပ်ဖွဲ့ဝင်များက လားရှိုးမြို့ပြင်ဘက်သို့ဆက်လက်ထွက်ခွါနေသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များကမြို့အဝင်တွင်ပြူတစ်ပြူတစ်လုပ်နေခဲ့သည်။ ဧပြီလ ၂၁ရက်မှစကာတိန့်ရွှီကျွင်း၊ MNDAA နှင့် စစ်ကောင်စီတို့လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးကြသည်။ ထိုနေ့ညတွင် လားရှိုးမြို့တော်ခန်းမရှေ့တွင်လွှင့်ထူထားသော MNDAA နှင့်ကိုးကန့်အထူးဒေသ (၁) အလံဖြုတ်ချခံလိုက်ရသည်။ စစ်ကောင်စီက ဖြုတ်ချသလိုလို MNDAAတပ်ဖွဲ့ဝင်များကိုယ်တိုင်ဖြုတ်ချသလိုလို သတင်းသဲ့သဲ့သာထွက်လာသည်။

ဧပြီလ ၂၁ရက် နံနက် ဝေလီဝေလင်းတွင် အစီးရေ၂၀၀နီးပါးရှိသော စစ်တပ်ယာဉ်တန်းသည် လားရှိုးမြို့အဝင်တွင် တန်းစီစောင့်ဆိုင်းနေပြီး နံနက် ၇နာရီတိတိတွင်တိန့်ရွှီကျွင်း၏ မီးစိမ်းပြမှုဖြင့် အတန်းလိုက်ဝင်ရောက်လာခဲ့သည်။လွန်ခဲ့သည့် ရှစ်လ​ကျော်က MNDAA နှင့်မဟာမိတ်တပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် လားရှိုးမြို့မှထွက်​ပြေးကြ​သောစစ်​ကောင်စီတပ်သည် ဧပြီ ၂၂ ရက်တွင် ကျည် ၁ ချက်မ​ဖောက်ရဘဲ ကားတန်းရှည်ဖြင့် အလှူရှင်​လောင်းလှည့်သလိုဝင်လာကြခြင်းဖြစ်၏ ။ထိုနည်းဖြင့် လားရှိုးမြို့သည်စစ်ကောင်စီလက်အောက်သို့ တကျော့ပြန်ကျရောက်သွားပြီဖြစ်သည်။

လက်ရှိအထိ အခြေအနေများကို စစ်ကောင်စီကရော၊ MNDAAကပါ သတင်းမထုတ်ပြန်သေးပေ။ လားရှိုးမြို့ခံများသည် မျက်စိသူငယ်နားသူငယ်နှင့် အခြေအနေကိုစောင့်ကြည့်နေကြရသည်။ စိုးရိမ်ထိတ်လန့်ပြီး မြို့ကိုစွန့်ခွာသွားသူများပြားလည်းရှိနေသည်။ စစ်အာဏာရှင်အား ဆန့်ကျင်၍ CDM လုပ်ခဲ့သူများနှင့် MNDAAနှင့်အတူ လားရှိုးမြို့ပြန်လည်ထူထောင်ရေးတွင် ပါဝင်ခဲ့သူများသည် စစ်ကောင်စီ၏ရန်ကိုကြောက်၍ တိမ်းရှောင်ခဲ့ကြသည်။ စစ်ကောင်စီ ​​​ထောက်ခံသူများနှင့် စစ်တပ်ဒေါက်တိုင်များက​မူ​အောင်ပွဲခံပြီး ၊ MNDAAနှင့် လက်တွဲခဲ့သူများကို ခြိမ်းခြောက်နေကြသည်။

“လားရှိုးမှာ သစ္စာဖောက်၊လောက်ကောင်တချို့ကျန်ခဲ့သေးတာက်ိုတော့ သတိပြုရပါမယ်”ဟု စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတစ်ခုက ဖော်ပြထားသည်။

တရုတ်၊ စစ်ကောင်စီ နှင့် MNDAA ကြားမှ သဘောတူညီချက်များကို ၎င်းတို့မှလွဲ၍မည်သူမျှမသိကြရသေးပေ။ ကတိကဝတ်များကို အမြဲတစေချိုးဖောက်နေသည့်စစ်ကောင်စီ နှင့် ၁၀၂၇ စစ်ဆင်ရေးကာလအစကလို မဟုတ်တော့ဘဲ တေမိဖြစ်​နေသော MNDAAကြားတွင် မည်ကဲ့သို့ ဆက်လက် နေထိုင်ရမည်ကိုမသိတော့ကြောင်း လားရှိုးမြို့ခံအချို့က ညည်းတွားသည်။

လားရှိုးကိုအပြည့်အဝမထိန်းချုပ်နိုင်သေးခင်မှာပင် စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှမြို့နယ်များကို စစ်ရေးခြိမ်းခြောက်မှုများပြုလုပ်နေသည်။ လားရှိုးကျဆုံးခန်းသည် ရှမ်းမြောက်တစ်ခုလုံးနှင့် ကျန်ဒေသများ စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေးအတွက်သတိပေးခေါင်းလောင်းသံဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက အချင်းချင်းသတိပေးနေကြသည်။

“ဒီဘက်ခေတ်ထဲကဇာတ်တွေထဲမှာ လားရှိုးဇာတ်က အနာဆုံးပဲ”ဟုလားရှိုးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည် PDF ရဲဘော်တစ်ဦးကရင်ဖွင့်သည်။

စစ်ကိုင်းနှင့်မန္တလေးကို ဗဟိုပြုလှုပ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကို သဘာဝတရားကြီးကဖန်တီးခဲ့သည်။ လာရှိုးနိုင်ငံရေးငလျင်ကမူ ရှီကျင့်ဖျင်၏တရုတ်အစိုးရက ဖန်တီးထားခြင်းဖြစ်ပါသည်။ လားရှိုးငလျက်ဆက်လှုပ်မည်လား၊ ငြိမ်သက်နေမည်လား၊ ​နောက်ဆက်တွဲငလျင်များလှုပ်မည်လားဆိုသည်ကိုလည်း မည်သူမှမခန့်မှန်းနိုင်ပေ။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ လေ‌ကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးကို အိမ်စီးကားဖြင့် အုပ်စုဖွဲ့လုယက်သူများက ခြိမ်းခြောက်လုယက်သွားသည်။

သတင်း

အပစ်ရပ်ကြေညာချက် လိုက်နာမှုရှိ၊ မရှိ ပြည်သူများ သက်သေရှိ

သတင်း

ဧပြီ ၂၂၊၂၀၂၅။ဟန်နွေ/People’s Spring ငလျင်ဘေးကြောင့် အပစ်ရပ်ကာလတစ်ပါတ်ထပ်တိုးမည်ဟု စစ်​ကောင်စီကကြေညာခဲ့သည့် ဧပြီ ၂၂ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း ၊နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများ၏ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ စစ်ကောင်စီက ဧပြီ ၂ရက်မှ ၂၂ရက်ထိ ယာယီအပစ်ရပ်စဲကြောင်း ပထမအကြိမ် ထုတ်ပြန်ခဲ့စဉ်ကလည်း...

Facebook