close
Connect with us

Hi, what are you looking for?

အတွေးအမြင်

စစ်ကိုင်းငလျင်ကြီးအတွက် ပြန်​ပေးဆပ်ရမယ့် စစ်​ကောင်စီ

စစ်ကိုင်းငလျင်ကြီး​ကြောင့် အဖိုးတန်လူ့အသက်ပေါင်းများစွာ​သေဆုံးခဲ့ရတာကိုတွေးမိလိုက်တိုင်း ကျွန်​တော့စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်နှစ်ခုဖြစ်​ပေါ်လာ​ပါတယ် ။ ဝမ်နည်း​ကြေကွဲမှု နဲ့ ​​​ဒေါသတို့ပါ။

ဒီပ/People’s Spring

စစ်ကိုင်းငလျင်ကြီး​ကြောင့် အဖိုးတန်လူ့အသက်ပေါင်းများစွာ​သေဆုံးခဲ့ရတာကိုတွေးမိလိုက်တိုင်း ကျွန်​တော့စိတ်ထဲမှာပြင်းထန်တဲ့ခံစားချက်နှစ်ခုဖြစ်​ပေါ်လာ​ပါတယ် ။ ဝမ်နည်း​ကြေကွဲမှု နဲ့ ​​​ဒေါသတို့ပါ။

ငလျင်ကြီးမတိုင်ခင်ကတည်းက အာဏာလုစစ်အုပ်စု​​ဘေး​ကြောင့် ဘက်​ပေါင်းစုံကြပ်တည်း​နေတဲ့ပြည်သူ​တွေဟာ ငလျင်ကြီးမှာ ပြည်သူထောင်​ပေါင်းမျာစွာ​သေဆုံးခဲ့ရသလို ရုပ်ဝတ္ထုဆုံးရှုံးပျက်စီးမှုကလည်းကြီးမားလွန်းတဲ့အတွက် ဝမ်းနည်း​ကြေကွဲရပါတယ်။

တချိန်တည်းမှာ အရင်အစိုးရ​တွေ ​(အထူးသဖြင့်​ရွေး​ကောက်ခံအရပ်သားအစိုးရ) ၊ပညာရှင်​တွေက ​မြေငလျင်ကြိုတင်ကာကွယ်​ရေးအတွက် လုပ်ခဲ့တာ​တွေအားလုံးကို မင်း​အောင်လှိုင်​ ဦးဆောင်တဲ့ စစ်အုပ်စုကဖျက်ဆီးပစ်တာ​ကြောင့် အဖိုးတန်လူ့အသက်​တွေ ​အများကြီးဆုံးရှုံးခဲ့ရတာ​ကြောင့်အာဏာသိမ်းစစ်​ကောင်စီအ​ပေါ် အမျက်​ဒေါသလည်းထွက်တာပါ။ တိုက်​အောက်​တွေမှာပိမိ​နေတဲ့ပြည်သူ​တွေကိုအချိန်မိကယ်ထုတ်ဖို့ စစ်​ကောင်စီဟာစိတ်မဝင်စားပဲ ဗုံးကြဲဖို့ နဲ့ ငလျင်​ဘေးကို နိုင်ငံ​ရေးအမြတ်ထုတ်ဖို့အတွက်ပဲ အလျင်အမြန် အားထုတ်ခဲ့တာပါ။ဒါ​ကြောင့် မ​သေသင့်ပဲ ပြည်သူ ​တွေအများကြီးထပ်မံ​သေဆုံးရတာက ဘယ်လိုမှခွင့်လွတ်​ပေးလို့မရတဲ့ ရာဇဝတ်မှုကြီးပါ ။

Public Service Announcement

Public Service Announcement

ဒါဟာ၂၀၀၈ နာဂစ်မုန်တိုင်းကြီးဝင်​ရောက်ပြီး စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေကနိုင်ငံတကာအကူအညီ​တွေကိုချက်ချင်းဝင်​ရောက်ခွင့်မ​ပေးလို့ မုန်တိုင်းသင့်ပြည်သူ​တွေ အ​ရေး​ပေါ်အကူအညီအချိန်မိမရပဲ​သေးတာနဲ့​တောင်ခပ်ဆင်ဆင်ပါ။တိုက်​အောက်မှာရက်​ပေါင်းများစွာပိတ်မိ​နေရင်း ကယ်​ပေးဖို့ တစာစာ​အော်​ဟစ်အကူအညီ​တောင်းနေရင်း အချိန်မိမကယ်နိုင်လို့​သေဆုံးရသူ​တွေအဖြစ်က ကျွန်တော်တိုအားလုံးကိုရင်ကွဲပက်လက်ဖြစ်အောင်နာကျင်​စေပါတယ် ။

စစ်တပ်သာအာဏာမသိမ်းခဲ့ရင်၊ ​ပြည်သူကိုတန်ဖိုးထားတဲ့အရပ်သားအစိုးရ​တွေလက်ထက်မှာဆိုရင် ဒီငလျင်ကြီးလှုပ်ခဲ့ရင်လည်း​ ပြည်သူ​​တွေအခု​လောက် သေ​ကြေပျက်စီးခဲ့မှာမဟုတ်ပါဘူး။အဖိုးတန်လူအသက်​တွေကိုအများကြီးကယ်တင်နိုင် ​လိမ့်မယ်လို့ ကျွန်​တော်ယုံကြည်ပါတယ်။အဲဒီအတွက်လည်းခိုင်မာတဲ့အချက်အလက်​တွေရှိပါတယ်။

​စစ်ကိုင်းငလျင်​ကြော​ပေါ်မှာဖင်ခုထိုင်ထားတဲ့မြန်မာနိုင်ငံမှာ အခုလိုငလျင်ကြီး​တွေလှုပ်မယ်ဆိုတာ ​​မြေငလျင်ပညာရှင်​တွေ ၊ဘူမိပညာရှင်​တွေ၊အင်ဂျင်နီယာ​တွေကကြိုတင်တွက်ဆထားခဲ့ကြပါတယ်။ဒါ​ကြောင့်လည်းဆယ်စုနှစ်​ပေါင်းများစွာကတည်းကအကြိမ်ကြိမ်သတိ့​ပေးခဲ့ပါတယ် ။ စစ်ကိုင်းပြတ်​ရွေ့ကြီးကိုစတင်​တွေ့ရှိခဲ့တဲ့​ဒေါက်တာဝင်​ဆွေ လည်းသတိ​ပေးခဲ့ပါတယ်။မြေငလျင်​ကော်မတီကိုစတင်တည်​ထောင်ခဲ့သူ​တွေထဲကတစ်ဦးဖြစ်တဲ့ ဦးသန်းမြင့် လည်းသတိ​ပေးခဲ့ပါတယ် ။ထင်ရှားလှတဲ့မိုး​လေဝသပညာရှင် ​ဒေါက်တာထွန်းလွင် လည်းသတိ​ပေးခဲ့ပါတယ်။အခု​နောက်ဆုံး ၂၀၂၅ မတ်လဆန်းမှာပဲ မြေငလျင်ပညာရှင်ဦးစိုးသူရထွန်းကလည်း စစ်ကိုင်းပြတ်​ရွေ့တ​လျှောက် အနာဂတ်မှာကြုံလာမယ့်မြေငလျင်ကြီး​တွေအတွက် သတိ​ပေးခဲ့ကြ၊​​ပြောခဲ့ကြပါတယ် ။

ပညာရှင်​တွေရဲ့ အကြံပြုချက်​တွေကိုစစ်အာဏာရှင်​တွေက​တော့ အ​လေးမထား​ပါဘူး။ဒါကို ၂၀၀၈ခုနှစ်မှာကြုံခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်းတိုင်း နဲ့အခုစစ်ကိုင်းငလျင်ကြီးတို့ကပိုထင်ရှား​စေခဲ့ပါတယ် ။ ၂၀၁၅ ​ရွေး​ကောက်ပွဲနိုင် ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်မှာ​တော့ ပညာရှင်​တွေရဲ့အကြံပြုချက်​တွေကို တန်ဖိုးထားခဲ့ပါတယ်။

ဒါ​ကြောင့်အရပ်သားအစိုးရလက်ထက်မှာ အမျိုးသားအဆင့် ငလျင်​ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်​ရေးနဲ့ တုံ့ပြန်​ရေးစီမံချက်ကို ၂၀၁၇ ခုနှစ်ကစတင်​ရေးဆွဲပြုစုပြီး ၂၀၁၉ မှာ မူဝါဒထုတ်ပြန်ခဲ့ပါတယ်။ ​မြေငလျင်​ဘေးကြီးကြုံလာရင် အဖိုးတန်လူ့အသက်​တွေပျက်စီးဆုံးရှုံးမှူနည်းပါး​အောင် ဘယ်လိုတုံ့ပြန်မလဲ ၊ဘယ်လိုပညာ​ပေးမလဲ ၊ဘယ်လို ကြိုတင်​လေ့ကျင့်မလဲ စတာ​တွေအ​သေးစိပ်ပါဝင်ပါတယ် ။

ငလျင်ကြီး လှုပ်ပြီးရင် ပထမဆုံး ၂၄ နာရီ ဘယ်လို အသက်​တွေကယ်မလဲ ၊ ပထမဆုံး ၇၂ နာရီဘယ်လိုလုပ်မလဲ ၊ပထမဆုံး ၇ ရက်ကို ဘယ်လိုတုံ့ပြန်ပြီး ပြည်သူ့အသက်​တွေကယ်တင်မလဲဆိုတာအ​သေးစိပ်ပါဝင်တာပါ။

ပြီး​တော့ဒါ​တွေဟာ စာရွက်​ပေါ်က စီမံချက်​တွေမဟုတ်ပဲ ​လက်​တွေ့​ဇာတ်တိုက်​လေ့ကျင့်တာ၊ပြည်သူ​တွေကို ပညာ​ပေးတဲ့ အဆင့်ထိ​ရောက်​ခဲ့ပြီဖြစ်ပါတယ်။ဒါ​ပေမယ့်စစ်​ခေါင်း​ဆောင်​တွေအာဏာသိမ်းပြီး​နောက်မှာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်မဲ့ အစီအမံ​တွေ၊ အရင်းအမြစ်​တွေမှာ အမှိုက်ပုံးထဲ​ရောက်ကုန်ပါ​တော့တယ် ။

ဒါအပြင်ရွေး​ကောက်ခံအရပ်သားအစိုးရကသဘာဝ​ဘေးအန္တရာယ်ကာကွယ်​ရေးအတွက်သမိုင်းတ​လျှောက်ပထမဆုံးအကြိမ်​ခေတ်မီကယ်ဆယ်​ရေး ​ရဟတ်ယာဥ်တစ်စီးဝယ်​ပေးခဲ့ပါတယ်။ သဘာဝ​ဘေးအ​ရေး​ပေါ်ကယ်ဆယ်​ရေးရဟတ်ယာဥ်ကို စစ်အုပ်စုကနိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည် နဲ့ နိုင်ငံ​တော်သမ္မတ ဦးဝင်းမြင့်တို့ကို အဂတိလိုက်စားမှု​ပုဒ်မတပ်ပြီး တရားစွဲဖို့အသုံးပြုခဲ့ပါတယ်။ ပြည်သူ့အတွက်ဝယ်ထားတဲ့ ရဟတ်ယာဥ်ကိုစစ်အုပ်စုကသိမ်းယူသွားပါတယ် ။ ၂၀၂၄ ​ စက်တင်ဘာလမှာ ရေကြီးတုန်းက​ရော ၊အခု စစ်ကိုင်းငလျင်​ဘေးမှာ​ရော အဲဒီရဟတ်ယာဥ်ဟာ​ပေါ်မလာပဲ​ပျောက်သွားပါတယ် ။

အလားတူ အရပ်သားအစိုးရက သဘာဝ​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေးအတွက် အ​ရေး​ပေါ်ရံပုံ​ငွေ ကျပ်ဘီလီယံ ၄၀၀ ​ကျော်လျာထားခဲ့ပါတယ် ။ စစ်​ကောင်စီက ဒီ​ငွေ​တွေထဲကကျန်​ငွေတွအားလုံးကိုသိမ်းယူပြီးစစ်တပ်နဲ့ နီးစပ်တဲ့လုပ်ငန်းရှင်​တွေ ၊ တိုင်းနဲ့ပြည်နယ်ကစစ်​ကောင်စီ အဖွဲ့ဝင်​တွေကို ခွဲ​​ဝေ​ပေးခဲ့ပါတယ်။ အခုငလျင်ကြီးကြုံတဲ့အခါစစ်​ကောင်စီဟာကယ်ဆယ်​ရေးကိုစနစ်တကျမလုပ်ပဲ နိုင်ငံတကာနဲ့ ခရိုနီ​တွေဆီကအကူအညီ​တောင်းခံတာကိုအရင်ဆုံးလုပ်ခဲ့ပါတယ် ။တကယ်​တော့နိုင်ငံတကာကို အကူအညီ​တောင်းခဲ့တာကလည်း​နေပြည်​တော်ပျက်စီးလွန်းတာရယ် ၊ အာဏာလုထားပြီး ပြည်သူကို​နေစဥ်သတ်​နေတဲ့အတွက်နိုင်ငံတကာရဲ့ဖယ်ကျဥ်ခံထားရမို့ ငလျင်အ​ကြောင်းပြု နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရချင်တာရယ်ကအဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။

ပိုဆိုးတာက​တော့ရေ​ဘေးမှာ​ရော ၊ ငလျင်​ဘေးမှာပါ စစ်တပ်ရဲ့ ရဟတ်ယာဥ် ၊​လေယာဥ်​တွေကို အသုံးပြုပြီး ပြည်သူ့အသက်ကယ်တာ ဟန်​ဆောင်ပန်​ဆောင်​တောင် တကြိမ်မှမရှိခဲ့ပါဘူး ။အဲဒီအစား ငလျင်လှုပ်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရှမ်းပြည်နယ်​မြောက်ပိုင်းက​နောင်ချိုကိုဗုံးသွားကြဲပါတယ် ။​စစ်ကိုင်းတိုင်း၊ချောင်းဦးကိုဗုံးကြဲပါတယ်။ နိုင်ငံတကာ ကယ်ဆယ်​ရေးအဖွဲ့​တွေ ၊ကူညီ​ရေးအဖွဲ့​တွေ​ရောက်လာချိန်မှာလည်း အဲအဖွဲ့​တွေက အသက်ကယ်တဲ့အလုပ်​တွေလုပ် ၊ ငါတို့ကဗုံးပတ်ကြဲမယ်လို့​ပြောထားတယ်ထင်ရ​အောင် စစ်တပ်က​ကယ်ဆယ်​ရေးမှာဘာမှမလုပ်ပဲ နိုင်ငံတဝန်းဗုံးပဲပတ်ကြဲပါ​တော့တယ် ။

အရပ်သားအစိုးရ​တွေလက်ထက်မှာဆိုရင်​ရော ဒီ​လောက်ဖျက်အားပြင်းတဲ့ ငလျင်လှုပ်ရင် ပြည်သူ​တွေ​သေ​ကြေပျက်စီးမှာပဲမလားလို့ ​အ​မေးရှိနိုင်ပါတယ်။ ​ဒီ​လောက်အားကြီးတဲ့​​မြေငလျင်လှုပ်ရင် ပြည်သူ​တွေ​သေ​ကြေပျက်စီးမှုရှိမှာ မှန်​ပေမယ့် အခု​လောက် ​သေဆုံးပျက်စီးမှု ၊ဆုံးရှုံးမှုမများနိုင်ပါဘူး။ ​ရွေး​ကောက်ခံအရပ်သားအစိုးရက ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်းကြိုတင်ကာကွယ်​ရေး​တွေလုပ်ခဲ့ရင် ၊ငလျင်​ဘေးကြုံချိန် တုံ့ပြန်ရမယ့်အဆင့်​တွေအတိုင်းစနစ်တကျလုပ်ခဲ့မယ်ဆိုရင် တိုက်​အောင်​တွေမှာပိမိ​နေတဲ့ပြည်သူ​တွေအများကြီးကိုကယ်ထုတ်နိုင်ခဲ့မှာဖြစ်ပါတယ် ။

​ရွေး​​ကောက်ခံအစိုးရဖြစ်တာမို့ နိုင်ငံတကာအကူအညီ​တွေလည်းမြန်မြန်ဆန်ဆန် နဲ့ ပိုရမှာဖြစ်ပါတယ်။ပိုအ​ရေးကြီးတာက အ​ရေး​ပေါ်ကယ်ဆယ်​ရေးလုပ်ငန်း​တွေကို​ပြည်သူ​တွေက​ရော၊အရပ်သားအစိုးရက​ပါ အခုထက်ပိုပြီးမြန်မြန်ဆန်ဆန်၊ထိထိ​ရောက်​ရောက်အများကြီးလုပ်နိုင်ခဲ့မှာ​သေချာပါတယ်။ ဒါကို ၂၀၂၀ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်​နဲ့ရင်ဆိုင်ရချိန်မှာပြည်သူ နဲ့ အစိုးရတို့ကအ​ကောင်းဆုံးမှတ်တိုင်​တွေစိုက်ပြခဲ့ပြီးဖြစ်ပါတယ် ။

မြေငလျင်​တွေဟာဘယ်​တော့လှုပ်မယ်ဆိုတာအတိအကျ​ခန့်မှန်းပြောဖို့မဖြစ်နိုင်သလို ၊ ​မြေငလျင်မလှုပ်​အောင်လည်းဘယ်နည်းပညာနဲ့မှမတားဆီးနိုင်​သေးပါဘူး ။ ဒါ​ပေမယ့်​ငလျင်လှုပ်ရင် ​သေဆုံးထိခိုက်ပျက်စီးမှု​တွေကို​လျော့ပါး​အောင်ကြိုတင်ကာကွယ်လိုရပါတယ် ။စစ်အုပ်စုက​တော့မြေငလျင်ကြိုတင်ကာကွယ်​ရေးဆိုတာ အာဏာလုထားတဲ့ ၄ နှစ်အတွင်းဘယ်တုန်းကမှ စဥ်းစားခဲ့ပုံမရပါဘူး ။ ကြိုတင်ကာကွယ်​ရေးကတော့ ဗလာနတ္တိပါ ။ဒါ​ကြောင့်လည်း ​နေပြည်​တော်အပါအဝင် မန္တ​လေး၊စစ်ကိုင်း စတဲ့မြို့​တွေငလျင်ဒဏ်အကြီးအကျယ်ခံရလိုက်ချိန်မှာစစ်​ကောင်စီဟာဘာမှမလုပ်တက် ​တော့ပါဘူး။

ဒီအချိန် အာဏာသိမ်း​ခေါင်း​ဆောင်လုပ်တက်တာက​တော့ ​ကျောက်ဆည်မြို့မှာ ငလျင်​ကြောင့်ပြိုကျလုနီးနီး​ကျောက်တုံးကြီးကို မိုင်းခွဲပြီးဖြိုမချပဲ ကွန်ကရစ်ဘိလပ်​မြေ​လောင်းပြီးထားရမယ်ဆိုတဲ့အကြံဥာဏ်မျိုး​တွေထုတ်တက်တာပဲဖြစ်ပါတယ်။ အာဏာလု​ခေါင်း​ဆောင်ရဲ့​ ပြည်သူ​တွေရဲ့အသက်တန်ဖိုးမထားပဲ ​​ရွှေချထားတဲ့​ကျောက်တုံးကြီးကိုပိုတန်ဖိုးထား​နေတာ​​ကြောင့် ​ဒေသခံ​တွေ​တော့ ​​ကျောက်တုံးကြီးပြိုကျမယ့်​ဘေး စိုးရိမ်​သောကများ​နေကြရပြီဖြစ်ပါတယ်။ ဒါအပြင်​တောင်ကြီးမြို့ကို မိသားစုလိုက်​ပြေးပြီး ​ရွှေဘုန်းပွင့်​စေတီကိုထီးတင်ပြီး ယတြာ​ချေတာမျိုးမှာ​တော့မင်း​အောင်လှိုင်က ​ခြေသွက်လက်သွက်ရှိပါတယ်။

ဒါ​ကြောင့်မင်း​အောင်လှိုင်ဟာ စစ်ကိုင်းငလျင်ကြီးမှာတိုင်းပြည်ကိုအထိနာ​အောင်ကြိုတင် လုပ်ကြံခဲ့တဲ့တရားခံဖြစ်ပါတယ် ။ တိုက်​အောက်မှာ ပိမိ​နေတဲ့ပြည်သူ​တွေ​ အချိန်မီကယ်မထုတ်နိုင်လို့သေပြီးမှ ငလျင်သင့်​ဒေသ​တွေကို ဟန်​ရေးပြဖို့ ​လျှောက်သွား​နေရုံနဲ့ လူစွမ်း​ကောင်းလုပ်မရပါဘူး ။အဲဒီ​လောက်နဲ့ သဘာဝ​ဘေးအတွက်ကြိုတင်ကာကွယ်​ရေးအစီအစဥ်​တွေကိုဖျက်ဆီးခဲ့ပြီး တိုင်းပြည်ကိုယ်ခံအားနည်း​အောင်လုပ်ခဲ့တဲ့ အဓိကတရားခံကိုခွင့်လွှတ်​ပေးလို့မပါဘူး။

အခက်အခဲမျိုးစုံကြားက အချင်းချင်းရိုင်းပင်းကူညီခဲ့ကြတဲ့ ပြည်သူ​တွေရဲ့ ​စေတနာ၊​​မေတ္တာနဲ့ စာနာမှုက​တော့ စစ်ကိုင်းငလျင်ကြီးမှာအထူးချီးကျူးစရာပါ ။ဒါအပြင် အ​ရေး​ပေါ်အကူအညီနဲ့ ပြန်လည်ထူ​ထောင်​ရေးအတွက်နိုင်ငံတကာအစိုးရ​​တွေ နဲ့ အဖွဲ့အစည်းတွေက အကူအညီ​ပေးတာ​တွေအတွက်ကျေးဇူးတင်စရာ​ကောင်းလှပါတယ်။

ဒါ​ပေမယ့်တကယ့်စိန်​ခေါ်မှု​တွေက ဒီ​ရှေ့မှ လာ​တော့မှာပါ ။​စစ်ကိုင်းငလျင်ကြီး​ကြောင့်ပျက်စီးဆုံးရှုံးမှုပမာဏဟာ အလွန်ကြီးမားလွန်းလှပါတယ်။ အာဏာသိမ်းစစ်အုပ်စု​ကြောင့်တိုင်းပြည်စီးပွားပျက်​နေသလို ပြည်သူ​အများစုဟာ ​နေစဥ့်အသက်ရှင်​​ရေးအတွက်​တောင် မနည်းရုန်းကန်​နေရတဲ့အ​ခြေအ​နေမှာ ပြန်လည်ထူး​ထောင်​ရေးကို ဘယ်လိုလုပ်ကြမလဲ။ဒီ​လောက် အဂတိလိုက်စားပြီး ပြည်သူကို​တန်ဖိုးမထားတဲ့ စစ်အုပ်စုလက်​​အောက်မှာ ဘယ်လိုပြန်လည်ထူး​ထောင်​ရေးလုပ်ကြမလဲဆိုတာ အဓိကစိန်​ခေါ်မှုဖြစ်လာပါတယ် ။

ဒီအတွက်ကျွန်​တော့ရဲ့အ​မြင်က​တော့ရှင်းပါတယ်။ နိုင်ငံတကာက ဘယ်​လောက်အကူအညီ​တွေ​ပေး​ပေး အခုစစ်​ကောင်စီရှိ​နေသမျှ ပြန်လည်ထူ​ထောင်​ရေး ​ကောင်း​ကောင်းမလုပ်နိုင်ဘူးလို့ယုံကြည်ပါတယ် ။ပြန်လည်ထူ​ထောင်​ရေးထိထိ​ရောက်​ရောက်လုပ်နိုင်ပြီး ပြည်သူ​တွေဘဝ အရင်ကလိုပုံမှန်ပြန်ဖြစ်ဖို့ဆိုရင်​တော့စစ်အုပ်စုပြုတ်သွားမှပဲ​ဖြစ်မှာပါ။

ဘာ​ကြောင့်လဲဆိုရင်ဘယ်နိုင်ငံက ၊ဘယ်အဖွဲ့အစည်း​တွေကလာကူကူ ၊ကူသမျှအကူအညီ​အများစုဟာ ပြည်သူ​တွေဆီ အနည်းငယ်ပဲ​ရောက်မှာဖြစ်ပါတယ်။စစ်​ကောင်စီဆီ ၊စစ်​ကောင်စီနဲ့ ဆက်စပ်သူ​တွေဆီသာအကူအညီ​တွေကအများဆုံးစီးဆင်းသွားမှာပါ။ဒါကို ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်းတိုင်းပြန်လည်ထူ​ထောင်​ရေးကာလမှာလည်းကျွန်​တော်တို့အားလုံး​တွေ့ပြီးဖြစ်ပါတယ် ။အခုအ​ခြေအ​နေက​တော့ နာဂစ်ထက်​တောင်ပိုဆိုးပါတယ်။နိုင်ငံတကာစီးပွား​ရေးပိတ်ဆို့မှု​တွေအပြင် နိုင်ငံဧရိယာရဲ့ ထက်ဝက်​​ကျော်ဆုံးရှုံးထားရတာမို့ စစ်​ကောင်စီဟာ​ငွေရ​ပေါက်​တွေအရင်​လောက်မရှိ​တော့ပါဘူး။ တချိန်တည်းမှာ အာဏာလက်မလွတ်ရဖို့ ​စစ်အုပ်စုဟာ လေယာဥ်ဆီ နဲ့ လက်နက်ခဲယမ်း​တွေဝယ်ဖို့ စစ်တိုက်ဖို့ ​ဒေါ်လာနဲ့ နိုင်ငံခြား​ငွေ​တွေ အငမ်းမရလိုအပ်​နေချိန်မှာ နိုင်ငံတကာစစ်​ကောင်စီကိုတိုက်ရိုက်​ပေးမယ့် အကူအညီဆိုတာ​တွေက ဆင်ပါးစပ်နှမ်းပက်သလိုပဲဖြစ်​နေမှာဖြစ်ပါတယ်။

ဒီအချက်ကို နိုင်ငံတကာကလည်း ရှင်းရှင်းသိဖို့အ​ရေးကြီးပါတယ်။

ဒါ​ကြောင့်စစ်ကိုင်းငလျင်ကြီး​ပေးခဲ့တဲ့ဒဏ်ရာ​တွေကိုပြန်လည်ထူ​ထောင်နိုင်ဖို့ဆိုရင်​တော့ စစ်​ကောင်စီပြုတ်ကျ​အောင်အရင်အားစိုက်ကြိုပမ်းကြရမယ့်နည်းလမ်းတစ်ခုတည်းရှိပါတယ်။ စစ်အာဏာရှင်ကိုဖြုတ်ချနိုင်ပြီဆိုရင်​တော့ပြည်သူ​တွေရဲ့စု​ပေါင်းအားနဲ့ ​မြေငလျင်ပြန်လည်ထူ​ထောင်​ရေးအပါအဝင် အနာဂါတ်မှာ ကြုံလာမယ့် စိန်​ခေါ်မှု​တွေကိုရင်ဆိုင်ဖြတ်​ကျော်နိုင်မယ်လို့ယုံကြည်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်ရှိ မြို့နယ်များကို အာဏာသိမ်းစစ်ကောင်စီက သင်္ကြန်ကာလနှင့် ယနေ့ ဧပြီ ၁၇ရက် နှစ်ဆန်းတစ်ရက်နေ့တွင် လေကြောင်း တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ ပြည်သူ လူထုထိခိုက်မှုများ ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းရှိကျေးရွာများသို့ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းများခိုးယူနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

သတင်း

စစ်အုပ်စုက သဘာ၀ဘေးကြုံရချိန် တရားဝင်မှုရရေးနှင့် နိုင်ငံရေးအရ အသုံးချနေမှုကို သတိရှိရန် အာဆီယံနှင့် နိုင်ငံတကာကို သတိပေး

ဆောင်းပါး

ယနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့ ဖြစ်သည်။​ရှေးရိုးရာအစဥ်အလာ ရှေးလူကြီးများကဲ့သို့ ဘုရားသွားကျောင်းတက် ပရိတ်ပဌာန်းရွတ်ခြင်းဖြင့် မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းလိုကြသော်လည်း မဖြစ်နိုင်သေးပါ။ အကြောင်းမှာ သင်္ကြန်ကဲ့သို့အခါကြီးရက်ကြီးများကိုပင် ဘာသာ​ရေးအ​ဆောက်အအုံ​တွေကို ဗုံးပတ်ကြဲပြီးသွေးဆာနေသော စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ဖြစ်သည်။