လူပေါင်း နှစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ဆယ်စုနှစ်တွေအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှု တစ်ခုအဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။
ဧပြီလ ၂၂ ရက်နေ့တုန်းက ခရီးသွားဧည့်သည် အဖွဲ့တစ်ခုကို လက်နက်ကိုင် အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့သလို ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
တိုက်ခိုက်မှု ဖြစ်ပွားတဲ့ နေရာဟာ ဟိမဝန္တာ တောင်စဉ်တန်းတွေနဲ့ ရှုခင်းလှပရာ ပါဟယ်လ်ဂမ်မြို့မှာဖြစ်ပြီး အဲဒီနေရာဟာ အိန္ဒိယ ခရီးသည်တွေကြားမှာ အထူးရေပန်းစားပါတယ်။ တိုက်ခိုက်မှု အပြီးမှာတော့ ကက်ရှ်မီးယားမှာ ရှိနေတဲ့ ကမ္ဘာလှည့် ခရီးသွားတွေဟာ ခရီးစဉ်တွေကို ကတိုက်ကရိုက် ဖျက်သိမ်းပြီး ပြန်လည် ထွက်ခွာနေကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကက်ရှ်မီးယားဟာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နယ်မြေဖြစ်ပြီး ကက်ရှ်မီးယားရဲ့ အစိတ်အပိုင်း အများစုကိုတော့ အိန္ဒိယက ထိန်းချုပ်ထားပါတယ်။ ပါကစ္စတန် အစိုးရဟာ ကက်ရှ်မီးယား အခြေစိုက် ခွဲထွက်ရေး လက်နက်ကိုင် အင်အားစုတွေကို အားပေး ထောက်ပံ့နေတယ်လို့ အိန္ဒိယက ကာလရှည်ကြာ စွပ်စွဲထားခဲ့ပြီး ပါကစ္စတန်ကတော့ ပယ်ချထားပါတယ်။

Public Service Announcement
ကက်ရှ်မီးယားမှာ အရင်က အိန္ဒိယ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ဖူးပေမယ့် အရပ်သားတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ အခုလုပ်ရပ်မျိုးကတော့ ရှားပါတယ်။ ကက်ရှ်မီးယား အခြေစိုက် လက်နက်ကိုင် အဖွဲ့တွေက အရပ်သားတွေကို အကြီးစားအဆင့် တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တာ ၂၀၀၀ ပြည့်နှစ်က နောက်ဆုံးပါ။
သတင်းကြားပြီးပြီးချင်း အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ ဆော်ဒီအာရေးဘီးယား ခရီးစဉ်ကနေ နယူးဒေလီဆီ ချက်ချင်း လှည့်ပြန်လာပြီး ဧပြီ ၂၃ ရက် မနက်ပိုင်းမှာ အစိုးရအဖွဲ့ အစည်းအဝေး ခေါ်ယူခဲ့သလို အိန္ဒိယက ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ဆွေးနွေးခဲ့ပါတယ်။
တိုက်ခိုက်မှု ဖြစ်စဉ်ဟာ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က အိန္ဒိယကို ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ မိုဒီဆီ ဖုန်းဆက်ခဲ့ပြီး အမေရိကန်ဟာ အိန္ဒိယနဲ့အတူ ရပ်တည်မယ်လို့ အသိပေး ပြောကြားခဲ့ပါတယ်။
ပါဟယ်လ်ဂမ်ဟာ ဆွစ်ဇာလန် အသေးစားလို့ တင်စားခံရပြီး သဘာဝ ရှုခင်းတွေနဲ့ လှပတဲ့ နေရာဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ အချိန်က ဘိုင်ဆာရန် မြက်ခင်းပြင်မှာ ခရီးသွား ဧည့်သည်တွေ စည်ကားနေချိန် အနီးမှာရှိတဲ့ တောအုပ်ထဲကနေ ပြောက်ကျား ယူနီဖောင်းဝတ် လက်နက်ကိုင် တချို့ ထွက်လာပြီး တွေ့သမျှလူတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ကျူးလွန်သလဲ ဆိုတာကို ဧပြီ ၂၃ ရက်နေ့ထိ မထုတ်ပြန်သေးဘဲ အိန္ဒိယ စစ်တပ်က တောနင်းရှာဖွေနေတယ်လို့ သိရပါတယ်။ အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမစ်ရှား ကိုယ်တိုင်လည်း တိုက်ခိုက်မှု ဖြစ်ပွားရာ နေရာကို သွားရောက် စစ်ဆေးခဲ့ပါတယ်။
အိန္ဒိယ လုံခြုံရေး အေဂျင်စီတွေကတော့ အခုတိုက်ခိုက်မှုမှာ ပါကစ္စတန် ကျောထောက်နောက်ခံ ပေးထားတဲ့ လက်ရှ်ကာရီ တိုင်ဘာနဲ့ ဟစ်ဇ်ဘူလ် မူဂျာဟေဒင်တို့လို အဖွဲ့အစည်းတွေက ဆက်စပ်မှု ရှိနိုင်တယ်လို့ ယူဆနေပါတယ်။ ပါကစ္စတန်ကတော့ အဲဒီ အဖွဲ့အစည်းတွေကို လက်နက် တပ်ဆင်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး သဘောထားရေးရာနဲ့ သံတမန်ရေးအရ ထောက်ခံရုံသာ ဖြစ်တယ်လို့ ရှင်းလင်းထားခဲ့ဖူးပါတယ်။
ကက်ရှ်မီးယားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရှက်ကက် အလီခန်းက သဘောထားမှတ်ချက် ပေးခဲ့ရာမှာ ခရီးသွား ဧည့်သည်တွေ သေဆုံးခဲ့တဲ့အပေါ် စိုးရိမ်ကြောင်း၊ ကွယ်လွန်သူတွေရဲ့ မိသားစုတွေကို စာနာကြောင်း ပြောကြားလိုပြီး ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာဖို့ ဆန္ဒပြုကြောင်း ပြောကြားသွားပါတယ်။
