Subir Bhaumik
●တရုတ်ရဲ့ မျက်ကလူးဆန်ပြာ စွက်ဖက်မှုတွေဟာ စစ်ကောင်စီရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေ၊ ပြီးတော့ အမေရိကန်က ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်တွေထဲက တော်လှန်ရေး အင်အားစုတွေဆီ စစ်ရေး၊ ရိက္ခာနဲ့ ဆေးဝါးတွေ တိုက်ရိုက် ထောက်ပံ့ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ တိုက်ရိုက် ဆက်နွှယ်နေပါတယ်။
အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်မယ့် ကုန်သွယ်ရေး မူဝါဒတွေ ကျင့်သုံးလာခြင်းက တရုတ်အပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုတွေ မြင့်တက်လာစေပါတယ်။ဒါပေမဲ့အဲဒီခေါင်းကြီးပိုင်းသတင်းတွေတင် မကဘဲ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ခြေပုန်းခုတ် လှုပ်ရှားနေပြီးထင်သာမြင်သာအရမ်းမဟုတ်တဲ့ ခြေလှမ်းတွေကိုလည်း အာရုံလွတ်သွားလို့ မရပါဘူး။
အာဏာသိမ်းစစ်ကောင်စီဟာထိန်းချုပ်နယ်မြေ အများအပြားကို တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အပါအဝင် တော်လှန်ရေး အင်အားစုတွေဆီ ဆက်တိုက် လက်လွှတ်နေရတဲ့ အချိန်မျိုးမှာ တရုတ်က အဲဒီ ခြေလှမ်းတွေကို စလာတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ မျက်ကလူးဆန်ပြာ စွက်ဖက်မှုတွေဟာ စစ်ကောင်စီရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေ၊ ပြီးတော့ အမေရိကန်ကရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေထဲက တော်လှန်ရေး အင်အားစုတွေဆီစစ်ရေး၊ ရိက္ခာနဲ့ဆေးဝါးတွေတိုက်ရိုက် ထောက်ပံ့ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ တိုက်ရိုက် ဆက်နွှယ်နေပါတယ်။

Public Service Announcement
▪︎လားရှိုးအရေးနဲ့ တရုတ်ရဲ့ ကြားဝင်မှု
လားရှိုးကိစ္စဟာ မြန်မာ့ ပြည်တွင်းစစ်မှာ တရုတ်ကခိုးကြောင်ခိုးဝှက်မဟုတ်ဘဲ ပေါ်ပေါ်ထင်ထင် ကြားဝင်စွက်ဖက်ခဲ့တဲ့၊ ပြီးတော့ သက်ရောက်မှု ကြီးမားတဲ့ အရွေတစ်ခုဖြစ်ပါတယ်။ တရုတ်ရဲ့ ထောက်လှမ်းရေး အေဂျင်စီတွေဟာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့ မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ကြားမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိအောင်၊ ပြီးတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးမြို့ကနေ MNDAA တပ်တွေ ဆုတ်ခွာပေးအောင် ကြားဝင် ညှိနှိုင်းခဲ့ပါတယ်။ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းဟာ MNDAA ပါဝင်တဲ့ ညီနောင် မဟာမိတ် သုံးဖွဲ့နဲ့ အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်တွေကြားက ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တဲ့ နေရာ ဖြစ်ခဲ့ပါတယ်။ MNDAA ခေါင်းဆောင်ပိုင်းဟာ အစောပိုင်းတုန်းက အပစ်အခတ် ရပ်စဲရေးကြေညာဖို့ကိုတောင် ချီတုံချတုံ ဖြစ်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ပေါ်က အချက်အခြာ မြို့တစ်ခုဖြစ်တဲ့ လားရှိုးကနေ ဆုတ်ခွာပေးဖို့ကိုပါ သဘောတူခဲ့ရပါတယ်။လားရှိုးဟာစစ်ကောင်စီရဲ့အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်(ရမခ) တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။
မနှစ်ကဇူလိုင်လမှာMNDAAနဲ့ မဟာမိတ်တွေဟာ လားရှိုးမြို့ကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ MNDAA အပါအဝင် ညီနောင်မဟာမိတ် အဖွဲ့ကအစပြုခဲ့တဲ့ ‘၁၀၂၇စစ်ဆင်ရေး’မှာအကြီးမားဆုံးစစ်ရေးအောင်ပွဲတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။
လားရှိုးကို စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ အခြေအနေဟာ တခြားသောတော်လှန်ရေး အင်အားစုတွေကိုလည်း စိတ်ဓာတ် တက်ကြွလာစေခဲ့ပြီး စစ်ဆင်ရေး အရှိန်အဟုန်တွေကို မြှင့်တင်လာစေခဲ့ကြပါတယ်။ရခိုင်ပြည်နယ်မှာတော့ညီနောင် မဟာမိတ် အဖွဲ့ဝင် အာရက္ခတပ်တော် (AA)ဟာ စုစုပေါင်း မြို့နယ် ၁၈ ခု ရှိတဲ့ထဲက ၁၅ ခုကို သိမ်းပိုက်ထားလိုက်ပါပြီ။
စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ မြေရှားသတ္တုများနိုင်ငံ မြောက်ပိုင်းကို ကြည့်မယ်ဆိုရင်ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ဟာ ကချင်ပြည်နယ်ရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေကို သိမ်းယူထားပါတယ်။ အဲဒီထဲမှာတော့ မြေရှားသတ္တု (REM)တွေ ထွက်ရှိရာ ပန်ဝါနဲ့ ချီဖွေမြို့တွေလည်း အပါအဝင် ဖြစ်ပါတယ်။
ချင်းတိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေဟာဧပြီလထဲမှာ ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး အိန္ဒိယပိုင် မီဇိုရမ် ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေရာ ဖလမ်းကို သိမ်းယူလိုက်ပြန်ပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူလယ်ဒူဟိုမာဟာ ချင်းညီနောင်(CB)မဟာမိတ်အဖွဲ့ ပေါ်ပေါက်လာရေးအတွက် အဓိကနေရာကလှုပ်ရှားပေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
တစ်ချိန်ကအင်မတန်အားကောင်းခဲ့တယ်လို့ သတ်မှတ်ခံရတဲ့ မြန်မာစစ်တပ်က ရှုံးနိမ့်နေပြီး တော်လှန်ရေး အင်အားစုတွေက ဆက်တိုက် အောင်ပွဲတွေ ရလာတဲ့ ဂယက်ဟာ တရုတ်ဆီကိုလည်း ရိုက်ခတ်ခဲ့ပါတယ်။ တရုတ်ဟာ မဟာဗျူဟာ သုတေသီတွေက မလက္ကာချုပ်ကွက်လို့ခေါ်လေ့ရှိတဲ့ မလက္ကာ ရေလက်ကြား ရေကြောင်းသွားလာမှုအပေါ် အလွန်အကျွံ မှီခိုနေရတာကိုလျှော့ချဖို့အတွက် ဘင်္ဂလားပင်လယ်အော်ကနေတဆင့် အိန္ဒိယသမုဒ္ဒရာဆီ ကုန်းလမ်း၊ ရေလမ်းတွေနဲ့ ဆက်သွယ်မှုတွေ အပါအဝင် မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။
အလုပ်ဖြစ်ခဲ့တဲ့ MNDAAအပေါ် တရုတ်ဖိအာပေးမှုလားရှိုးမြို့ ကျသွားပြီး ချက်ချင်းဆိုသလိုပဲ တရုတ်ဟာ MNDAAကို စစ်ကောင်စီနဲ့ ညှိနှိုင်းဖို့ စတင် ဖိအားပေးလာပါတော့တယ်။ တရုတ်ရဲ့ အေးဂျင့်တွေဟာ MNDAA အကြီးအကဲ ဖုန်တာရွှင်ကိုတောင်ကူမင်းမှာယာယီ ထိန်းသိမ်းထားတာမျိုးတွေ လုပ်ခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးရေးတွေအတွက် MNDAAက သဘောတူလိုက်မှသာ သူတို့ခေါင်းဆောင်ကို တရုတ်က ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ တော်လှန်ရေး အင်
အားစုတွေက အသီးသီး အောင်ပွဲတွေ ရနေတဲ့ ကာလမျိုးမှာ MNDAAကတော့ အပစ်ရပ် သဘောတူညီမှုကို လက်ခံခဲ့ရပြီး အကျိုးအမြတ် များပြားတဲ့ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးတွေကို ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။
ဒါပေမဲ့ တရုတ်အတွက်တော့ ဒါက လုံလောက်မှုမရှိပါဘူး။ တရုတ်ဟာ MNDAAကို ဖိအားပေးနေရုံတင် မကဘဲ လက်နက် တပ်ဆင်မှု ပိုမို ပြည့်စုံတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကိုပါ MNDAAအတွက် ရိက္ခာနဲ့ တခြား အထောက်အပံ့တွေ ပေးပို့မှု ဖြတ်တောက်ထားဖို့ ဆက်ပြီး ဖိအားပေးခဲ့ပြန်ပါတယ်။ တရုတ်က စစ်ကောင်စီရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေကိုပါ နှစ်ဖက်စလုံးနဲ့ ထိတွေ့ဆက်ဆံတဲ့ မူဝါဒအရ MNDAA နဲ့ UWSAတို့ဟာအစဉ်အလာအရ တရုတ်ဆီကနေ အထောက်အပံ့တွေ ရရှိနေခဲ့ကြပါတယ်။
အခုတော့ MNDAAဟာတရုတ်ရဲ့ ကြားဝင် စေ့စပ်ပေးမှု သဘောတူညီချက်အရ ဇွန်လမကုန်ခင် ကာလအတွင်း လားရှိုူးကနေ တစ်ဆင့်ချင်း ဆုတ်ခွာဖို့ သဘောတူထားရပြီ ဖြစ်ပါတယ်။ တရုတ်ရဲ့ တရစပ် ဖိအားပေးမှုတွေကြောင့် အဲဒီလို အပြီးဆုတ်ခွာမှုဟာ ဧပြီ လကုန်ပိုင်းမှာတင် အထမြောက်သွားတာမျိုးလည်း ရှိကောင်း ရှိလာနိုင်ပါတယ်။
တရုတ်ကဖိအားပေးလို့လက်ခံလိုက်ရတဲ့သဘောတူညီမှုဟာ MNDAA အတွင်းပိုင်း စကားဝိုင်းတွေမှာတော့မနှစ်မြို့စရာ၊ ခံပြင်းစရာကြီး ဖြစ်နေပါတယ်။ လားရှိုးကို စစ်မြေပြင်မှာ တိုက်ခိုက်သိမ်းယူပြီး ဆွေးနွေးပွဲ စားပွဲပေါ်မှာ လက်လွှတ် ဆုံးရှုံးလိုက်ရတယ်လို့ MNDAA အရာရှိ တစ်ယောက်က စိတ်ပျက်လက်ပျက် ပြောပါတယ်။
Myanmar Now သတင်းဌာနကတော့ MNDAA သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး စစ်ကောင်စီဟာ အထွေထွေ အုပ်ချုပ်ရေး၊ ပညာရေးနဲ့ကျန်းမာရေး ဝန်ထမ်းတွေကို ဧပြီ ၂၂ ရက်နေ့မှာ လားရှိုးဆီ ပြန်ပို့မှာဖြစ်ကြောင်း၊ ဒါပေမဲ့ MNDAAဟာ တပ်ဖွဲ့ဝင်တချို့၊ ရဲဌာနနဲ့ ဆက်သွယ်ရေး ရုံးတို့ကိုတော့လားရှိုးမှာဆက်လက်ထားရှိမှာဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ လားရှိုးမြို့ခံတစ်ယောက်ကတော့ တပ်တွေ ရုပ်သိမ်းပေးရမယ့် ကိစ္စကို MNDAA တပ်ဖွဲ့ဝင် တော်တော်များများက စိတ်ပျက်နေပေမယ့် ဒီကိစ္စကို တားဆီးနိုင်စွမ်းလည်းမရှိကြဘူးလို့ Myanmar Nowကို ပြောခဲ့ပါတယ်။
Myanmar Nowရဲ့ ဖော်ပြချက်အရ MNDAAဟာလားရှိုးဆေးရုံမှာဆေးဝါးကုသရေးဝန်ဆောင်မှု တချို့ကို ဆိုင်းငံ့ထားခဲ့ပြီး မြို့ကနေ မဆုတ်ခွာခင် ဝန်ဆောင်မှု အားလုံးကို ရပ်တန့်သွားမယ်လို့ သိရပါတယ်။ နောက်ပြီး MNDAAဟာ ဆေးရုံမှာရှိတဲ့ ကိရိယာ တန်ဆာပလာတွေကို ရှမ်းပြည်နယ် မြောက်ပိုင်းက MNDAA ထိန်းချုပ် ဧရိယာတွေဆီ တစ်ပါတည်း ယူဆောင်သွားမယ့် အရိပ်အခြေမျိုးလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။
တခြားတော်လှန်ရေး အင်အားစုတွေနဲ့ တရုတ်ရဲ့ ဖိအားMNDAAနဲ့ ကိစ္စမှာလောက် အောင်မြင်တာမျိုး မဟုတ်ပေမယ့်လည်း တခြား တိုင်းရင်းသား အင်အားစုတွေအပေါ် တရုတ်ရဲ့ ဖိအားပေးမှုတွေက ထင်သာမြင်သာ ရှိနေခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီး မတိုင်ခင်မှာ တရုတ်ဟာ AAနဲ့ KIAတို့လို တိုင်းရင်းသား တပ်တွေကို စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ တွန်းအားပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ငလျင်ကြီး လှုပ်ခတ်ပြီးမှသာ အဲဒီတပ်ဖွဲ့တွေဟာ ငလျင်ဘေးသင့် ကယ်ဆယ်ရေး ကဏ္ဍအတွက် လူသားချင်း စာနာတဲ့ အနေနဲ့ ထိုးစစ်တွေကိုယာယီ ရပ်ထားမယ်လို့ကြေညာခဲ့ကြတာပါ။ဒါပေမဲ့လည်း ဧပြီ လကုန်ပိုင်းမှာ ထိုးစစ်တွေ ပြန်စဖို့ စီစဉ်ထားပါတယ်။
KIAဟာ နယ်ခြားဂိတ်တွေကိုပါ ပိတ်ထားခဲ့ပေမယ့် တရုတ်ရဲ့ ဖိအားပေး တောင်းဆိုမှုတွေကြောင့် တရုတ်ဆီ REM တင်ပို့ရေးအတွက် ဂိတ်တွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ အခုတော့ အဲဒီနယ်စပ်ဖြတ်ကျော် ပို့ကုန်ကဏ္ဍကနေ KIAအတွက် အကျိုးအမြတ်တွေ အများအပြား ရရှိနေပါပြီ။ KIAလိုပဲ တရုတ် ဖိအားပေးမှုကို ကြံ့ကြံ့ခံပြီး အပစ်ရပ်ဖို့ ငြင်းပယ်ခဲ့တဲ့ AAဟာ အခုအခါမှာ ပြည်မဒေသတွေထိ စစ်ဆင်ရေးတွေ ချဲ့ထွင်လာနေပါတယ်။
ဒါပေမဲ့လည်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေ တည်ရှိရာကျောက်ဖြူရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်နဲ့ အနီးတဝိုက် ဧရိယာတွေကို တိုက်ခိုက်တာမျိုးကိုတော့AAက သတိထား ရှောင်ရှားခဲ့ပါတယ်။ AAခေါင်းဆောင်ပိုင်းက ရခိုင် ပြည်နယ်ထဲမှာ ရှိနေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးမယ်၊ အားပေးမြှင့်တင်မယ်လို့ ကတိပြုထားခြင်းက အဲဒီစီမံကိန်းတွေ တဝိုက်မှာ နေထိုင်တဲ့ ဒေသခံတွေ အတွက်လည်း အကျိုးရှိစေခဲ့ပုံ ပေါ်ပါတယ်။ လေ့လာသူတွေကတော့ ဒါဟာ တရုတ်တင် မကဘဲကုလားတန်မြစ်ဝှမ်း ဘက်စုံစီမံကိန်းအတွက် ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာပါ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ထားရာ အိန္ဒိယ အစိုးရအတွက်ပါ သတင်းစကားတစ်ခု ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
တစ်ဖက်မှာတော့ တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ မဟာမိတ်အဖြစ် ရပ်တည်တဲ့ PDF အပါအဝင် ဗမာမျိုးနွယ်စု တော်လှန်ရေး အဖွဲ့အစည်း တော်တော်များများကတော့ စစ်ကောင်စီကို အတိအလင်း ထောက်ခံနေတဲ့တရုတ်အပေါ်ဒေါသထွက်တဲ့ သဘောထားမျိုး ရှိနေကြပါတယ်။ တရုတ် စက်ရုံတွေ၊ သတ္တုတွင်းတွေနဲ့ ယူနန်-ရခိုင် သွယ်တန်းထားရာ ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းကိုတောင် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
တရုတ်အစိုးရ အနေနဲ့ အစဉ်အလာအရတရုတ်အပေါ် မှီခိုနေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဆီက ချက်ချင်းလက်ငင်း အကျိုးရရှိမှုတွေ ရှိနိုင်ပေမယ့် မြန်မာနိုင်ငံမှာ ဖြန့်ကျက်ထားတဲ့ ကျယ်ပြန့်များပြားလှတဲ့ အကျိုးစီးပွားတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကိုအပြည့်အဝကာကွယ်နိုင်ဖို့ဆိုရင်စစ်ကောင်စီနဲ့ များပြားလှစွာသော တော်လှန်ရေး အင်အားစုတွေကြား အပစ်အခတ် ရပ်စဲသွားမှသာ ဖြစ်နိုင်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့လည်း အဲဒီ ကိစ္စမျိုး ဆိုတာက စစ်တပ်က စစ်တန်းလျားဆီပြန်သွားဖို့သဘောတူပြီး ယုံကြည်စိတ်ချရလောက်တဲ့ ရွေးကောက်ပွဲမျိုးကျင်းပရင်း ဒီမိုကရေစီ စနစ်ကို ပြန်လည်ဦးတည်နိုင်မှသာ ဖြစ်လာနိုင်မှာပါ။ တချို့ကတော့တရုတ်အတွက် လက်ရှိ မြန်မာ စစ်ကောင်စီရဲ့ အနေအထားဟာ အာဖဂန် နစ္စတန်မှာ ဆိုဗီယက်တွေ ထောက်ခံခဲ့တဲ့ မိုဟာမက် နက်ဂျ်ဘူလာရဲ့ အစိုးရနဲ့ အမေရိကန်က ထောက်ခံပေးခဲ့တဲ့ အက်ရှ်ရက်ဖ်ဂါနီရဲ့ အစိုးရတွေနဲ့ ဆင်တူတယ်လို့ ပြောကြပါတယ်။ အဓိပ္ပါယ်ကတော့ ပြင်ပ အထောက်အပံ့သာ မပါရင် စုန်းစုန်းမြုပ်သွားမယ့် သင်္ဘောလို ဖြစ်နေတယ် ဆိုတာပါပဲ။
ဘင်္ဂလားဒေ့ရှ်မှာ အမေရိကန် လှုပ်ရှားနေကြောင်း သတင်းတွေအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ခံ အရာရှိတွေ ဖြစ်ကြတဲ့ တောင်ပိုင်းနဲ့ အလယ်ပိုင်း အာရှရေးရာ လက်ထောက် ဒုတိယ အတွင်းဝန် နစ်ကိုးလ် ချူလစ်ခ်၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် ဒုတိယ အတွင်းဝန် အန်ဒရူး ဟာရပ်တို့ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဆူဆန်စတီဗန်ဆန်နဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်ဆီ ရောက်ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲမှာ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ အကူအညီကို ယူပြီး ရခိုင်နဲ့ ချင်းပြည်နယ်ထဲက တော်လှန်ရေးတပ်တွေက စစ်ကောင်စီကို အနိုင်ယူ ဖြိုခွင်းနိုင်တဲ့ထိ စစ်ရေး အထောက်အပံ့ဇုန် တစ်ခု ထူထောင်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ အဲဒီသတင်းတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ဒါကာကို အမေရိကန်ရဲ့ ပစိဖိတ် စစ်ဦးစီးဌာန ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဂျိုဝယ်လ် ဗောင်ဝဲလ် ရောက်ရှိခဲ့တဲ့ အတောအတွင်း အခုကိစ္စကို ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ဆွေးနွေးခဲ့တယ်လို့လည်း အိန္ဒိယ အခြေစိုက် Northeast News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်ဟာ အဲဒီ ထောက်ပံ့ရေး မစ်ရှင်အတွက် နှစ်နိုင်ငံ နယ်စပ်ဖြစ်တဲ့ နတ်မြစ်နားက ဆီခါလီမှာ နေရာတစ်ခုတောင်သတ်မှတ် ရွေးချယ်ထားပြီး ထောက်ပံ့ရေး ပစ္စည်းတွေ သိုလှောင်ထားနိုင်မယ့်ဧရိယာမျိုး ပြင်ဆင် ရှင်းလင်းနေတယ်လို့ အဲဒီသတင်းဌာနကဆိုပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ရဲ့ကော့စ်ဘဇားမှာရှိတဲ့ လေဆိပ်ကိုလည်း တူရကီလုပ် ဒရုန်းတွေကို ထိန်းချုပ်နိုင်တဲ့ ဒရုန်းကွပ်ကဲရေး ဌာနတစ်ခုအဖြစ် ချဲ့ထွင်နေပြီး နယ်စပ်တလျှောက်မှာ ရှိနေတဲ့ တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့သွားဖို့ ပြင်ဆင်နေတယ်လို့ Northeast Newsက ရေးသားထားခဲ့ပါတယ်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်မိုဟာမက်ယူနွတ်စ် ဦးဆောင်နေပြီး အမေရိကန် အစိုးရထောက်ခံအားပေးတဲ့ အစိုးရ အပြောင်းအလဲ အခြေအနေ တစ်ရပ်မှာ အာဏာရလာတဲ့ ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရဟာ ရခိုင်ပြည်နယ်ကနေ ယူနန်ပြည်နယ်ထိ တရုတ်ရဲ့ကုန်းလမ်း၊ရေလမ်း ဆက်သွယ်မှု ကွန်ရက် တည်ဆောက်ထားမှုကို ပိတ်ဆို့ပစ်ချင်နေတဲ့ အမေရိကန် အစိုးရရဲ့ ကစားပွဲမှာ ပုံအောပြီး ဝင်ပါဖို့ အရမ်း တက်ကြွနေရဲလား ဆိုတာက မေးစရာ ကိစ္စတစ်ခုပါ။ တစ်ချိန်တည်းမှာပဲ တရုတ်ရဲ့ ပုံစံတူ စီမံကိန်းတစ်ခုဖြစ်ပြီး အာရေးဘီးယား ပင်လယ်ဖက်ကို ကုန်းလမ်းနဲ့ ရေလမ်းတွေ ပေါင်းပြီး ချိတ်ဆက်ထားတဲ့ လမ်းကြောင်းဟာလည်း ပါကစ္စတန်ရဲ့ဘာလိုချီစတန် ပြည်နယ်မှာ တရုတ်ကို မုန်းတီးတဲ့ နယ်မြေခံ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုကို ကြုံနေရပါတယ်။
ဘာပဲဖြစ်ဖြစ် ယူနွတ်စ် အတွက်ကတော့ အမေရိကန်ရဲ့ ကစားပွဲမှာဝင်ပါခြင်းဟာအမေရိကန် အစိုးရကို ကျေနပ် နှစ်သိမ့်စေဖို့ အရင်းအနှီး နည်းပါးတဲ့ ရွေးချယ်မှု၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းလောက်ကို ပြန်လည် ပို့ဆောင်ရေးအတွက် အထောက်အကူ ဖြစ်စေမယ့် အခွင့်အလမ်း တစ်ခုလို့ ယူဆတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲဒီ ရွေးချယ်မှုဟာ ဘင်္ဂလားဒေ့ရှ်ကို မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းထဲ ဆွဲသွင်းသွားတာမျိုးထိ ရှုပ်ထွေးသွားနိုင်ပြီးလာမယ့်လမှာဘင်္ဂလားဒေ့ရှ်ဆီ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ဝင် အများအပြား စေလွှတ်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေ ရှာဖွေမယ့် တရုတ် အစိုးရကို စိတ်ပျက်သွားစေတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
(Eurasia Review မှာဆောင်းပါးရှင်Subir Bhaumik ရေးသားတဲ့Chinese Covert Intervention In Myanmar Amidst Possible Proxy War With US အတွေးအမြင်ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြထားတာဖြစ်ပါတယ်။ Subir Bhaumik ဟာBBC world Service ရဲ့အရှေ့အိန္ဒိယဆိုင်ရာ သတင်းထောက်အဖြစ် ၁၅ နှစ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ဒီသတင်းနဲ့ဆောင်းပါးတွေဟာ လားရှိုးမြို့ကို တရုတ်ရဲ့ စွက်ဖက်မှုနဲ့ MNDAA က စစ်ကောင်စီဆီပြန်လွှဲအပ်ဖို့လုပ်နေချိန်မှာထွက်လာတာဖြစ်ပါတယ် ။ဆောင်းပါးပါ အာဘော်ဟာ Subir Bhaumik ရဲ့အာဘော်သာဖြစ်ပါတယ်။)
