နယ်စပ် စစ်ရေး ပဋိပက္ခတွေကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ သေဆုံးစာရင်း စုစုပေါင်း ၃၀ ကျော်ထိ မြင့်တက်လာပါတယ်။
ကမ္ဘောဒီးယားဟာ နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားနေတဲ့ အစောပိုင်း နှစ်ရက်တာအတွင်း အသေအပျောက် ကိန်းဂဏန်းတွေကို မထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ ဇူလိုင် ၂၆ ရက်နေ့မှာတော့ စုစုပေါင်း အသေအပျောက် ၁၃ ဦးထိ ရှိလာပြီလို့ ကြေညာခဲ့ပါတယ်။
မူလက ဗုဒ္ဓဘုရားကျောင်း နေရာတစ်ခုမှာ ပုန်းအောင်းနေတဲ့ အရပ်သားတစ်ဦးဟာ ထိုင်းရဲ့ လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့တယ်လို့ ကမ္ဘောဒီးယားက ပြောကြားထားပြီး နောက်ဆက်တွဲ စာရင်းတွေအရ အရပ်သား နောက်ထပ် ၇ ဦးနဲ့ စစ်သား ၅ ဦး သေဆုံးတယ်ဆိုတာ သိရှိလာရကြောင်း ကမ္ဘာဒီးယား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ထိုင်းဖက်မှာတော့ ကလေးတွေ အပါအဝင် အနည်းဆုံး အရပ်သား ၁၃ ဦး၊ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ထိုင်းဖက်က ၁၉ ဦး၊ ကမ္ဘောဒီးယားမှာ ၁၃ ဦး၊ စုစုပေါင်း သေဆုံးစာရင်း ၃၂ ဦးထိ မြင့်တက်လာတဲ့ သဘောပါပဲ။

Public Service Announcement
တိုက်ပွဲတွေကြောင့် ကမ္ဘာဒီးယားမှာ အရပ်သား ၅၀ နဲ့ စစ်သား ၂၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက မှတ်ချက်ပေးခဲ့ပါတယ်။ ထိုင်းဖက်မှာတော့ စစ်သား ၂၉ ယောက်နဲ့ အရပ်သား ၃၀ တို့ ဒဏ်ရာတွေ ရထားတယ်လို့ သိရပါတယ်။
နယ်စပ်တလျှောက် နေရာတွေ ဖြန့်ပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံကြားမှာ စုစုပေါင်း ဒေသခံ သိန်းဂဏန်းလောက်ထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့မှာတော့ ကမ္ဘောဒီးယား အစိုးရဖက်က အပစ်အခတ် ရပ်စဲဖို့ လိုလားကြောင်း စတင် စကားဦး သမ်းလာပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေတယ် ဆိုတာကို နှစ်ဖက်စလုံးက အတည်ပြုထားပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းပွားမှုတွေ သမိုင်းကြောင်း ရှည်ရှည်လျားလျား ရှိခဲ့ပြီး ဇူလိုင် ၂၄ ရက်နေ့မှာတော့ နှစ်ဖက်ကြား တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေပါ အသုံးပြုတဲ့ထိ ပြင်းထန်တဲ့ စစ်ရေး ပဋိပက္ခမျိုး အစပြုလာတာလည်း ဖြစ်ပါတယ်။
ကိုးကား: Al Jazeera
