ထိုင်းနဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲရေးအတွက် ကမ္ဘောဒီးယားဖက်က စတင် တောင်းဆိုလာခဲ့ပါတယ်။
နယ်စပ်မှာ နှစ်ရက်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက် ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး ချာဟေကီအိုက သူ့နိုင်ငံ အနေနဲ့ ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုကြောင်း ပြောကြားခဲ့ပြီး အငြင်းပွားမှုတွေကို ကမ္ဘောဒီးယားက ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းလိုပြီလို့ ဆိုပါတယ်။
ကမ္ဘောဒီးယား သံအမတ်ရဲ့ ကမ်းလှမ်းချက်ကို ထိုင်းဖက်ကတော့ ချက်ချင်း တုံ့ပြန်မှတ်ချက် မပေးသေးပါဘူး။ အစောပိုင်း ဇူလိုင် ၂၅ ရက်နေ့မှာတော့ ထိုင်းက အပစ်အခတ် ရပ်စဲရေးအတွက် လမ်းဖွင့်ပေးထားကြောင်း၊ ဒါပေမဲ့ ကြားခံ နိုင်ငံ၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေက ဝင်ညှိပေးတာကို လက်ခံမှာ မဟုတ်ဘဲ ကမ္ဘောဒီးယားနဲ့ပဲ နှစ်နိုင်ငံ တိုက်ရိုက် ဆွေးနွေးဖို့ လက်ခံမှာဖြစ်ကြောင်း အသိပေး ပြောကြားထားပါတယ်။
ထိုင်းရော၊ ကမ္ဘောဒီးယားပါ အဖွဲ့ဝင်တွေအဖြစ် ပါဝင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ချုပ် (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟမ်က သူဟာ နှစ်ဖက် ဆွေးနွေးမှုတွေ အဆင်ပြေ အထမြောက်အောင် ညှိနှိုင်းပေးရေး ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်ကလည်း အန်ဝါက ကြားဝင် ဖျန်ဖြေပေးမှုကို လိုလားတဲ့ အရိပ်အယောင်မျိုး ပြသနေပေမယ့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာကတော့ ညှိမယ်ဆို နှစ်နိုင်ငံတည်းပဲ စကားပြောဖို့ လိုလားကြောင်း အတိအလင်း ထုတ်ပြောခဲ့တာပါ။

Public Service Announcement
သတင်းတွေအရ အာဆီယံသာ မကဘဲ တရုတ်၊ အမေရိကန်တို့ကလည်း အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြားက ပဋိပက္ခကို ဝင်ရောက် ဖြေရှင်းပေးဖို့ စကားကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
တစ်ဖက်မှာတော့ ထိုင်းယာယီ ဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က အခြေအနေတွေက ပိုဆိုးရွား ကျယ်ပြန့်လာရင် နယ်စပ်တိုက်ပွဲတွေ အဆင့်ကနေ နှစ်နိုင်ငံကြားက စစ်ပွဲကြီးအသွင် ကူးပြောင်းသွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ဖုန်သမ်က အခုအခါ တိုက်ပွဲတွေဟာ နေရာပေါင်း ၁၂ ခုထိ ပျံ့နှံ့ ဖြစ်ပွားနေပြီး လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ခတ်တဲ့ အဆင့်ထိ ရောက်လာနေကြောင်းလည်း ပြောပါတယ်။
နှစ်ရက်ကြာ စစ်ရေးပဋိပက္ခအတွင်း ထိုင်းဖက်က အရပ်သား အများစု အပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ကမ္ဘောဒီးယားဖက်မှာတော့ အသေအပျောက် ၁၂ ဦး ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားနေရာ နယ်စပ်တွေနားက နှစ်ဖက် ဒေသခံတွေ သိန်းနဲ့ချီပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။
ထိုင်းက ပိုင်နက်အငြင်းပွားမှုတွေ ရှိနေတဲ့ နယ်စပ်မှာ ကမ္ဘောဒီးယား စစ်တပ်က ဒရုန်းတွေ အသုံးပြု ထောက်လှမ်းမှုကြောင့် ပဋိပက္ခ စတင်ခဲ့တာလို့ ပြောပြီး ကမ္ဘောဒီးယားကတော့ နယ်စပ်က ခမာ-ဟိန္ဒူ ရှေးဘုရားကျောင်း တစ်ခုထဲ ထိုင်းစစ်သားတွေ ဝင်ရောက် နေရာယူခဲ့ပြီး နှစ်နိုင်ငံ သဘောတူညီမှုကို ချိုးဖောက်လို့ တိုက်ပွဲတွေ ဖြစ်လာခဲ့တာလို့ အပြစ်တင်ထားပါတယ်။
နှစ်နိုင်ငံ စစ်ရေး ပဋိပက္ခတွေ ကြုံနေချိန် ဆန့်ကျင်ဖက် နိုင်ငံဆီ ရောက်နေတဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံသား အသီးသီးရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ ထိုင်းမှာတော့ ကမ္ဘောဒီးယား နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ရန်လို တိုက်ခိုက်မှု သတင်းတွေ ထွက်ပေါ်လာတဲ့နောက် ထိုင်းရဲတပ်ဖွဲ့က အဲဒီလို တိုက်ခိုက်မှု ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။ ထိုင်းပြည်သူတွေဟာ မျိုးချစ်စိတ် ထက်သန်တာကို နားလည်ပေမယ့် တရားလက်မဲ့တော့ လုပ်လို့မရဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။
ကိုးကား: BBC
