Scorpio/People’s Spring
တောင်တွေပတ်လည်ဝိုင်းနေတဲ့ မိုးကုတ်မြို့လေးဟာ မိုးလယ်ကာလမှာ မိုးပြတ်တဲ့နေ့ရယ်လို့ မရှိခဲ့ဘူး။ ဒီကနေ့ ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာလည်း မိုးတွေကောင်းနေခဲ့တယ်။ မိုးအေးနေပေမဲ့ ဒေသခံတွေဟာ အေးအေးလူလူတော့ မနေနိုင်ကြဘူး။ စစ်ကောင်စီက မကြာခဏ လေကြောင်းကနေ ဗုံးလာလာကြဲနေလို့ပါ။
ဒေသခံတွေ စိုးရိမ်နေကြရင်းမှာပဲ မနက်ခင်း ၁၀ နာရီကျော်လောက်မှာတော့ မိုးသံတဝေါဝေါကြားထဲမှာပဲ ဝုန်းခနဲဆို အသံအကျယ်ကြီးထွက်ပေါ်လာပြီး တအုန်းအုန်းနဲ့ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရပါတော့တယ်။”ယမ်းနံ့တွေထောင်းသွားတာပဲ”လို့မိုးကုတ်မြို့ခံအမျိုးသမီးတဦးကပြောပါတယ်။

မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာရပ်ကွက်နဲ့ BOC ကားကြီးကွင်းအနီးနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

Public Service Announcement
အဲဒီရပ်ကွက်တွေအနီးတဝိုက်ကအိမ်တွေရဲ့ခေါင်မိုးတွေပေါ်ကိုလည်း သစ်သားချောင်းတွေ၊ ပျဥ်ချပ်စတွေ တဗြုန်းဗြုန်းနဲ့ ကျလာခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ အဲဒီရပ်ကွက်တွေအပေါ်ကို ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံးအပါအဝင် စုစုပေါင်း ဗုံး (၅)လုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။

အဲဒီဗုံးတွေကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ (၄)ဦးသေဆုံးခဲ့ပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၈)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLAက အသိပေးပါတယ်။
သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အို အဘွားတဦးနဲ့ လူငယ်လူလတ်ပိုင်းတွေ၊ မိသားတစ်စုတည်းကလူတွေ ပါဝင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဗုံးအားဘယ်လောက်ပြင်းသလဲဆိုရင် မြေပြင်မှာရပ်ထားတဲ့ ပုဇဥ်းခေါင်းထွေလာဂျီယာဥ်တစ်စီးဟာ ဇောက်ထိုးကြီးထောင်သွားခဲ့တယ်။ ပျဥ်ထောင်သစ်သားအိမ်တွေလည်း မွစာကြဲခဲ့တယ်။ ပျိုးဥယျာဥ်ရောင်းတဲ့အိမ်လည်းပါတော့ အလှဆင်ပန်းအိုးငယ်လေးတွေဟာ မြေမှာ ပြန့်ကြဲနေခဲ့တယ်။

မိုးကုတ်မှာနေထိုင်သူတွေတင်မကဘဲအဝေးရောက်မိုးကုတ်သူမိုးကုတ်သားတွေဟာလည်း သူတို့မြို့ငယ်လေးအတွက် စိတ်တွေပူကြရတယ်။ ရင်တွေတုန်၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြရတယ်။ မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ ဘေးကင်းမကင်း သတင်းလိုက်စုံစမ်းရတော့တယ်။
တက်လာတဲ့ ဓာတ်ပုံတွေလိုက်ကြည့်ရင်း မုန်ညှင်းပေါင်းသည်ကြီးတို့ မီးသွေးသည်တို့ စက်ချုပ်တဲ့သူတို့ ဘေးကင်းရဲ့လား လိုက်မေးနေကြရတယ်။
စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ (၈)ရက်နေ့က (၁)ကြိမ်၊ ဇူလိုင်လ (၉)ရက်နေ့က (၁)ကြိမ်၊ဇူလိုင်လ (၁၁)ရက်နေ့က (၁)ကြိမ်၊ ဇူလိုင်လ (၂၆)ရက်နေ့က (၁)ကြိမ် လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးနဲ့ အမျိုးသား (၄)ဦး သေဆုံးသွားခဲ့ပြီး ပြည်သူလူထု (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်(၂၄)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ သပိတ်ကျင်းဘက်ကနေ မိုးကုတ်မြို့ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေသလို ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းကနေလည်း စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာပါ။ စစ်တပ် ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာလည်း မိုးကုတ်မြို့ကိုတိုက်ခိုက်မယ်လို့ ဝါဒဖြန့်နေကြပါတယ်။

လက်ရှိမှာTNLAကလည်းမိုးကုတ်ပတ်လည် လမ်းပိုင်း ၆ ခုကို ပြုပြင်ဖို့ ဒီနေ့ကစပြီး ၈ ရက်ကြာပိတ်ထားမယ်လို့ ကြေညာထားပါတယ်။ လမ်းပိုင်းပိတ်ရတာနဲ့ပတ်သက်ပြီး TNLAနဲ့ မိုးကုတ်ဒေသခံတွေ သွေးကွဲအောင် လူမှုကွန်ရက်တွေမှာ ရေးသားနေကြတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ဗုံးကြဲပြီးသွားတော့လည်း မိုးတွေဟာ သည်းကြီးမည်းကြီး ရွာနေခဲ့ပါတယ်။ မိုးစက်တွေအောက်မှာ ဗုံးထိသွားတဲ့ ပျဥ်ထောင်အိမ်ကလေးတွေဟာ ပြားပြားဝပ်နေခဲ့တယ်။ မိုးကုတ်မြို့က လမ်းတွေပေါ်မှာလည်း မိုးရွာတာရော၊ လက်တလောကြုံလိုက်ရတဲ့ တိုက်ခိုက်မှုကြီးကြောင့်ရော လူသွားလူလာ ကင်းရှင်းသွားပါတော့တယ်။ ။











































