close
Connect with us

Hi, what are you looking for?

News Story

အ​မှောင်မိုက်ဆုံးအချိန်​တွေကို မှတ်တမ်းတင်ခဲ့တဲ့ သတ္တိခဲ​များ

မြေငလျင်ကြီး​ကြောင့် မန္တ​လေးမြို့က ပြိုကျ​​နေတဲ့ Sky Villa ကွန်ဒိုထဲမှာ ပိတ်မိ​နေတုန်း မလွတ်ခဲ့လို့ သေသွားခဲ့ရင် မိဘ​တွေပြန်ကြည့်လို့ရ​​အောင် ပိတ်မိ​နေပုံကိုဖုန်းနဲ့ဗီဒီယိုရိုက်ကူးခဲ့တဲ့ မိန်းက​လေးငယ်နှစ်ဦးနဲ့ အဖွားဖြစ်သူတို့ဟာ အသက်ရှင်လျက်လွတ်​မြောက်ခဲ့သလို အဖြစ်ဆိုးကြီးကို သူတို့ဘယ်လိုဖြတ်​ကျော်ခဲ့ကြတယ်ဆိုတာကိုပါ ပြည်သူ​တွေမျက်မြင်သိခွင့်ရ​စေလိုက်ပါတယ်။

ဟန်​နွေ၊​ ဒီပ/People’s Spring

​မြေငလျင်ကြီး​ကြောင့် မန္တ​လေးမြို့က ပြိုကျ​​နေတဲ့ Sky Villa ကွန်ဒိုထဲမှာ ပိတ်မိ​နေတုန်း မလွတ်ခဲ့လို့ သေသွားခဲ့ရင် မိဘ​တွေပြန်ကြည့်လို့ရ​​အောင် ပိတ်မိ​နေပုံကိုဖုန်းနဲ့ဗီဒီယိုရိုက်ကူးခဲ့တဲ့ မိန်းက​လေးငယ်နှစ်ဦးနဲ့ အဖွားဖြစ်သူတို့ဟာ အသက်ရှင်လျက်လွတ်​မြောက်ခဲ့သလို အဖြစ်ဆိုးကြီးကို သူတို့ဘယ်လိုဖြတ်​ကျော်ခဲ့ကြတယ်ဆိုတာကိုပါ ပြည်သူ​တွေမျက်မြင်သိခွင့်ရ​စေလိုက်ပါတယ်။

အောင်မြေသာဇံမြို့နယ်၊ လမ်း ၆၀၊ ၂၃×၂၄ လမ်းကြားက တစ်ဧက အကျယ်ပေါ်တွင် တည်ဆောက်ထားတဲ့ Sky Villa ကွန်ဒိုဟာ အထပ် ၁၁ ထပ်ရှိ အဆောက်အအုံ သုံးလုံးတွဲပါ။ ငလျင်ကြီးလှုပ်ပြီးမှာ အဆောက်အအုံနှစ်လုံးက လုံးလုံးပြိုကျသွားပြီး​တော့ ကျန်တစ်လုံးကလည်း ၄ ထပ်ခန့် မြေကြီးထဲနစ်ဝင်သွားခဲ့တာပါ။

​မြေငလျင်ကြီးလှုပ်ချိန်မှာ ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၅၀ ခန့်ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။ ပိတ်မိ​နေသူ​တွေထဲမှာ ​ဖေ့စ်ဘွခ်အမည် U Naung ရဲ့ အသက် ၇၅ နှစ်အရွယ် နှလုံး​ရောဂါ​ဝေဒနာရှင်မိခင်၊ အသက် ၁၃ နှစ်နဲ့ ၁၆ နှစ်အရွယ်သမီး ၂ ​ယောက်ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

U Naung ဟာ Pioneer R Plus ၊ PioneeR-MDY Entertainment ၊ တက်​နေလင်း Express ၊ Soho မြန်မာအင်တာ​နေရှင်တယ်လုပ်ငန်း​တွေရဲ့ ဒါရိုက်တာအဖွဲ့ဝင်လို့သိရပါတယ်။ ISO Party K ကိုတည်​ထောင်သူနဲ့ CEOလို့လည်း သူ့​ဖေစ်ဘွခ်မှာ​ရေးထားပါတယ်။

မြေငလျင်ကြီးလှုပ်ချိန်မှာ ​မြေအဖွား ၃ ​ယောက်က ၆ ထပ်မှာရှိတဲ့ အိမ်မှာကျန်ခဲ့တာ​ကြောင့် ကွန်ဒိုကြီး ပြိုကျသွားပြီး နာရီ​တွေအ​တော်ကြာလာချိန်မှာ ဖခင်ဖြစ်သူရဲ့စိတ်​တွေ ပြိုလဲခဲ့သွားပါ​သေးတယ်။

“ကျွန်တော့်အမေနဲ့ သမီးလေးနှစ်ယောက်ရဲ့ အလောင်းတွေ သယ်ထုတ်ကူပေးကြပါအုံး”လို့ U Naung က မတ်လ ၂၈ ညဦးပိုင်းမှာ​ ပူ​လောင်စွာ​ ဖွင့်ဟခဲ့ပါသေးတယ်။

ဒါ​ပေမယ့် အံသြစရာ​ကောင်း​လောက်​အောင် သမီးငယ် ၂ ဦးက တိုက်ပြို ပိတ်မိ​နေတဲ့အဖြစ်ဆိုးကြီးကို ရင်ဆိုင်ဖြတ်​ကျော်နိုင်ခဲ့ကြတာပါ။

​မြေငလျင်ပြင်းထန်စွာလှုပ်ချိန်မှာ ညီအစ်မ ၂ ဦး​ အဖွားကို​ခေါ် ​ပြေးဖို့ ဆုံးဖြတ်ကြပါတယ်။ အဖွားအခန်းတံခါးဖွင့်မရလို့ ညီအစ်မ ၂ ​ယောက် တွန်းကန်ဖွင့်ဝင်တဲ့အခါ ငလျင်​ကြောင့် အဖွား​ဦးခေါင်းမှာ​​ သွေး​တွေနှင့်ဖြစ်​နေပြီ။​ မြေအဖွား ၃ ​ယောက် လက်ချင်းချိတ်လို့ အရေးပေါ် လှေကားသို့ ပြေးလွှာနေစဉ်မှာပဲ သူတို့ရဲ့​ခြောက်လွှာအိမ်ခန်းဟာ အောက်ဆုံးအဆောက်အဦးထိပြိုကျသွားခဲ့ပါတယ်။

အဆောက်အဦးကြီး ပြိုကျသွားချိန်မှာ မှောင်မည်းနေပြီး ဖုန်မှုန့်​တွေ​ကြောင့် တစ်ယောက်နဲ့တစ်ယောက် မမြင်ရတော့ပါဘူး။ မိန်းက​လေးငယ်နှစ်ယောက်က​ သတိ​ကောင်း​ကောင်းနဲ့ ဖုန်း​နဲ့ အိုင်ပက်ကိုပါ​အောင်ယူလာကြတာမို့ အလင်း​ရောင်ရ​အောင်လုပ်နိုင်ခဲ့ကြပါတယ်။ သူတို့ကိုယ်ပေါ်ပိနေတဲ့ ကွန်ကရစ်တုံး​တွေကို ဖယ်ရှားပြီး ထွက်ပေါက်များရှာ၍ မရခဲ့ကြပါဘူး။

သူတို့ပိတ်မိ​နေတုန်း ခဏအကြာမှာ သူတို့အောက်ထပ်မှာ မိန်းကလေး တစ်ယောက် နဲ့ အ​ဒေါ်ကြီး​တွေရှိ​နေတာကို အသံ​တွေကြားရလို့သိရပြီး အပေါ်အောက် အော်ခေါ်ကြပါတယ်။ အပြင်ကဘာသာမှ မကြားရဘဲ နာရီ​ပေါင်းများစွာ ပိတ်မိ​နေတဲ့အခါ ​မြေးအဖွား ၃ ​ယောက် လက်ချင်းထပ်ခါ ငိုကြပါတယ်။

“သမီးတို့လက်ထဲမှာပါတဲ့ ဖုန်းတွေနဲ့ မှတ်တမ်းတင်ထားခဲ့တယ် အကယ်၍ သမီးတို့မြေးအဖွားတွေ သေသွားခဲ့ရင် သမီးတို့ဖုန်းလေးတွေရှာတွေ့ပြီး အဖေနဲ့ အမေ မြင်အောင်လို့ ဖုန်းလော့ခတ်ထားတွေတောင် ဖြုတ်ထားခဲ့တယ်” လို့ ဖခင်ဖြစ်သူက သမီးငယ်​တွေရဲ့အ​တွေ့အကြုံကို​ ရေးသားပါတယ် ။

သူတို့ပိတ်မိ​နေတုန်းမှာ ကယ်ဆယ်​ရေးသမား​တွေ​​ရောက်လာသံကြားလို့ ဝိုင်း​အော်တာ​ကြောင့်​ အောက်မှာလူရှိမှန်းသိ​ပေမယ့် အ​ပေါက်​ဖောက်နိုင်ဖို့ကယ်ဆယ်​ရေး ပစ္စည်းပြန်သွားယူမယ်ဆိုပြီး နာရီအတန်ကြာ​ ပျောက်သွားကြပါတယ်။ အဲဒီ​နောက်မှာ ကယ်ဆယ်​ရေးသမားတစ်ဦး ထပ်ရောက်လာပြီး သူက ပိတ်မိ​နေတဲ့ မိန်းက​လေးငယ်​တွေကို စကား​သေချာ​ပြော​ပေး အား​ပေးပါတယ်။ သူက ​ရေးဘူး ၁ ဘူးနဲ့ တူ ၁ ​ချောင်းရ​အောင်ပေးဖို့ ကျန်ကယ်ဆယ်​ရေးသမား​တွေကို ​တောင်းတယ်။ အဲဒီ​နောက် တူနဲ့ထုပြီး အပေါက်သေးသေး တစ်ခု​ဖြစ်သွားတယ်။ ရေလာပေးတယ် အဲဒီ​နောက်အသံမကြာရ​တော့ဘူး။ အောက်ထပ်က လူတွေကို အရင်ဦးဆုံးကယ်ထုတ်သွားပြီလို့ သူတို့ထင်လိုက်ကြတယ်။ သူတို့မြေးဖွားတွေကို မထားခဲ့ဖို့ပြောပေမယ့်အသံမကြားရတော့ပါဘူး။

အဲဒီ​နောက် မြေးအဖွားတွေ ကွန်ကရစ်တုံးတွေကို ဖယ်ကြရင်း လက်နဲ့ တူတစ်​ချောင်း စမ်းမိလိုက်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ထဲက အ​ပေါက်​သေး​သေး​​လေးထဲ ​ရေဘူး​ထား​ပေးခဲ့တဲ့သူ ထုခဲ့တဲ့ တူတစ်ချောင်း ကျန်ခဲ့တာကိုစမ်းမိတယ်။ အဲ့ဒီတူကိုရ​အောင်ယူပြီး ညီအစ်မနှစ်​ယောက် ရှိသမျှအားနဲ့ ကွန်ကရစ်တုံးတွေ ထုခွဲတာ​နောက်ဆုံး လူတစ်ကိုယ်စာအ​ပေါက်​သေး​သေး​လေး ပွင့်သွားခဲ့တယ် ။

ဒါနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေပြန်လာခေါ်တာကိုမစောင့်​တော့ဘဲ ၁၆ နှစ်အရွယ်မိန်းက​လေးက ရ​အောင်ကြိုးစားကြည့်တယ်။ အဖွားကလည်း သူ့ကို​မထားခဲ့ဖို့​ပြောတယ်။ ဒီကြားထဲ အဖွားဖြစ်သူ အမော​ဖေါက်လာလို့ ၁၃ နှစ်အရွယ်ညီမက ပျဉ်ပြားတစ်ချပ်ကိုချိုးပြီး ယပ်ခတ်ခိုင်းထားခဲ့တယ်။

အဖွားထွက်ရ​အောင် အပေါက်ကြီးကြီး ဖောက်ချင်ပေမဲ့ ကွန်ကရစ်တုံး​တွေကအရမ်းကြီးတာမို့ မ​ဖောက်နိုင်ဘူး။ အကြီး​လေးက ရအောင်ထွက်ဖို့ ကြိုးစားရင်းခေါင်းထွက်လို့ရချိန်မှာပဲ ကယ်ဆယ်ရေးအဖွဲ့​တွေ​ရောက်လာပြီး ဆွဲထုတ်ပေးကြတယ်။

ကျန်ခဲ့တဲ့အဖွားနဲ့ ညီမငယ်ကိုရ​အောင်ကယ်ပေးဖို့ ​ပြောတယ်။ သိပ်မကြာခင်မှာပဲ ညီမက ​နောက်က​နေထွက်လာနိုင်တယ်။ ​နောက်ဆုံးကျန်​နေတဲ့ အဖွားကိုရ​အောင်ကယ်​ပေးဖို့ ပြော​တော့ ထွက်​ပေါက်သိပြီမို့ စိတ်မပူဖို့​၊ ရ​အောင်ကယ်​ပေးမယ်ပြောကြတယ်။ သူတို့ညီအစ်မကို ​ဆေးရုံပို့ပြီး နာရီပိုင်းကြာတဲ့အခါ အဖွားဖြစ်သူကိုလည်း ကယ်ထုတ်နိုင်ပြီလို့ သိရတယ်။ ဒီလိုနဲ့ သူတို့​မြေအဖွား ၃ ​ယောက်စလုံးငလျင်ကြီးလှုပ်ပြီး ​နောက်တစ်ရက် မတ် ၂၉ ရက်ည​နေမှာ ​​ဘေးကင်းခဲ့ပါတယ်။

“စိတ်ဓာတ်ကြံ့ခိုင်စွာ ဖြတ်သန်းပေးခဲ့ကြတဲ့ ကျွန်တော့မိခင်ကြီးနှင့် သမီးတို့နှစ်ယောက်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်”လို့ U Naung က မိခင်နဲ့ သမီး နှစ်​ယောက်ရဲ့ စွန့်စားခန်းကို​​ ဖေ့စ်ဘွတ်ခ်မှာ​ ရေးသားမှတ်တမ်းတင်ထားပါတယ်။​​ ကူညီရှာ​ဖွေ ကယ်ဆယ်​ပေးသူ​တွေအားလုံးကိုလည်း​ ကျေးဇူးတင်​ကြောင်း​ရေးသားထားပါတယ်။

တုန်လှုပ်စရာ​ကောင်းလှတဲ့ ဒီအဖြစ်ဆိုးကြီးကို အသက်ငယ်ရွယ်​ပေမယ့် သတ္တိ​ကောင်း​ကောင်း၊ ဇွဲ​ကောင်း​ကောင်းနဲ့ ဖြတ်ထိုးဉာဏ်ကိုသုံးပြီး ညီအစ်မ ၂ ​ယောက်က ​အောင်မြင်စွာဖြတ်​ကျော်နိုင်ခဲ့ကြတာပါ။ ဒါ​ကြောင့် ​ဖေ့စ်ဘွတ်ခ်အသုံးပြုသူ​တွေကလည်း သူတို့ကို ချီးကျူး​နေကြပါတယ်။

“ကလေးတွေ တကယ်တော်လိုက်ကြတာနော် … ငယ်ငယ်လေးတွေနဲ့ တော်တော်စိတ်ဓာတ်မာပြီး ဉာဏ်ကောင်းကြတယ်။ ဖွားဖွားလည်း အတော်လေး တောင့်ခံခဲ့ပေးလို့ ကျေးဇူးတင်ရတယ်”လို့ ပြည်သူတစ်ဦးက ချီးကျူးပါတယ်။

“အသက်ကိုဥာဏ်စောင့်ဆိုသလိုပါပဲ သမီးလေးတွေ စိတ်ဓာတ်ကြံ့ခိုင်ပြီး အဘွားကို စဖြစ်ကတည်းက ဂရုစိုက်လာတာချီးကျူးလိုက်တာ။ မိသားစုတွေပြန်ဆုံနိုင်တာ ဘုရားပေးတဲ့အကြီးဆုံးဆုလာဘ်ပါ။ သမီးတွေလည်း ခုခဏတာမှာ စိတ်ထဲမှာကြောက်နေမှာပေမယ့် ခုလိုသဘာဝဘေးကို ခက်ခက်ခဲခဲ အလွတ်ရုန်းနိုင်တာ ဘဝမှာ ပိုပီးကြံ့ခိုင်တဲ့ ခွန်အားတွေရလိုက်တာပါ။ အရမ်းဝမ်းသာပါတယ်”လို့ ​ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကလည်း မုဒိတာပွားပါတယ်။

SKY Villa ကွန်ဒိုမှာ မတ် ၃၁ ရက် ​နေ့ခင်းပိုင်းအထိ အသက်ရှင်လျက် ၆၀ ဦး​ကျော်၊ ရုပ်အ​လောင်း ၄၀​ ကျော်ကို ထုတ်ထားနိုင်ပြီး ပိတ်မိနေသေးသူ ၂၀၀ ကျော် ကျန်ရှိ​နေတာမို့ ရှာ​ဖွေကယ်​ဆယ်​ရေး​တွေ ဆက်လက်လုပ်ကိုင်​နေကြပါတယ်။ ပိတ်မိ​နေတာ ၄ ရက်ရှိလာပြီး​​​ နောက်ပိုင်း​တွေ့တာ​တွေက ရုပ်အ​လောင်းများလို့ အသက်ရှင်သူ မရှိနိုင်​တော့လို့ တောင်ပိုင်းနဲ့ အ​နောက်ပိုင်း ရှာ​ဖွေတာ​တွေကို ရပ်လိုက်​တော့မယ်လို့ ကယ်ဆယ်​ရေးအဖွဲ့အချို့က​ ပြောပါတယ်။ ဒါ​ပေမယ့် အသက်ရှင်လျက်ရှိသူ​တွေ ရှိနိုင်​သေးတာမို့ ဆက်ရှာမယ်ဆိုပြီး ဆက်ရှာ​နေကြသလို မတ် ၃၁ ရက်ညပိုင်းမှာ အ​ဆောက်အအုံပျက်ရဲ့ အ​နောက်ပိုင်းမှာ အ​ပေါက်ပွင့်သွားပြီဆိုတဲ့သတင်း​တွေလည်း ထွက်​နေပါတယ်။

​မြေအဖွားသုံးဦးလို ဇွဲသတ္တိ​ကောင်း​ကောင်းနဲ့ အဖြစ်ဆိုးကြီးကို ရင်ဆိုင်ဖြတ်​ကျော်လာနိုင်သူ ဘယ်နှစ်ဦးထပ်ရှိမလဲဆိုတာကိုသာ ပြည်သူ​တွေက ဆု​တောင်းရင်း ရင်တမမနဲ့ သတင်းကိုနားစွင့်​နေကြပါ​တော့တယ် ။ ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားတဲ့ ဖျက်အားပြင်း ငလျင်ကြီးအပြီး သဘာဝ ကပ်ဘေးဆိုင်ရာ တုံ့ပြန် အကူအညီပေးရေး အဖွဲ့ (DART) တစ်ခုကို စေလွှတ်ထားကြောင်း Samaritan’s Purseက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

USAID အသုံးစရိတ် ဖြတ်တောက်မှုတွေကြောင့် နှောင့်နှေးခဲ့တာ မဟုတ်ကြောင်း ကာကွယ်ပြောဆို

သတင်း

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးအများဆုံး ​မြေငလျင်ကြီးသတင်းကို နိုင်ငံတကာမှ သတင်းထောက်များ လာရောက် သတင်းရယူရန် ခွင့်တောင်းသော်လည်း စစ်ကောင်စီက ခွင့်မပြုကြောင်း သိရသည်။

သတင်း

စစ်ကောင်စီသည် ယနေ့ (မတ်လ ၃၁ရက်) တစ်ရက်တည်း စစ်ကိုင်း၊မကွေးနှင့် မန္တလေးတိုင်းတို့ကို လေကြောင်းမှ ဗုံးအလုံးရေ ၆၀ထက်မနည်း ကြဲတိုက်ခိုက်ခဲ့သည်။