ဇန်နဝါရီ-၁၉ ၊ ၂၀၂၆။ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ် မယ်စဲ့အကျဥ်းထောင်ကထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ရှာဖွေနေဆဲလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိတယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်က သတင်းတွေက မဟုတ်မှန်ဘူးလို့ ဆိုပါတယ်။
“ လောလောဆယ်ဘဘာမှမထူးသေးဘူး။ကျွန်တော် တို့ရှာဖွေနေဆဲ” လို့ ဦးဗညားက ပြောပါတယ်။

Public Service Announcement
မနေ့က(ဇန်နဝါရီ ၁၇ ရက်)မနက်စော ၁နာရီခန့်က မယ်စဲ့မြို့နယ်မှာရှိတဲ့ IEC အကျဥ်းထောင်ကနေ စစ်သုံ့ပန်း စစ်ကောင်စီတပ်သား ၈၆ဦးဟာ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်နက်ငယ် ၉လက်ကိုလည်းပါသွားတယ်လို့IECက ထုတ်ပြန်ထားပါတယ်။
“ အတွင်းစည်းထဲ ပေါက်သွားတာပါတယ်။ အဲ့တာ ခုပြင်ဆင်နေကြပါတယ်” လို့ ကရင်နီတပ်ပေါင်းစုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ကရင်နီပြည်ရဲဌာန၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးသွားမှာဖြစ်သလိုလုံခြုံရေးကိုလည်း အထူးဂရုစိုက် ဆောင်ရွက်နေတယ်လို့ IECက ဆိုပါတယ်။
မော်ချီးဒေသနဲ့ မယ်စဲ့မြို့မှာနေတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ကြဖို့လည်း ကရင်နီအရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူအချို့က တိုက်တွန်းထားပါတယ်။
ကရင်နီပြည်နယ်ကနေ ထိုင်းနိုင်ငံဘက် နယ်စပ်ထွက်ပေါက်ဖြစ်တဲ့ မယ်စဲ့မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်း၊ရှမ်းမြောက်နဲ့ မန္တလေးတိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းမိခဲ့တဲ့စစ်ကောင်စီတပ်သားတွေ အကျဥ်းထောင်ကနေ ထွက်ပြေးခဲ့တဲ့ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။
















































