close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

မဇူးပဒုမ္မာ

COC တစ်ခုတည်းမရှိဘူး။ တပ်တွေက ဖောင်းပွနေတယ်။ ရှိနေတဲ့တပ်တွေက စုစည်းမှု မရှိဘူး။ ပြန့်ကျဲနေတယ်။ ဘယ် COC နဲ့သွားမှာလဲ စသဖြင့် ဒီဟာတွေက ပြည်သူလူထုတယောက်ချင်း ဆီမှာရော နိုင်ငံရေး အင်အားစုတွေကြားထဲမှာရော အမြဲတမ်း ဝေဖန်ထောက်ပြနေတဲ့ မေးခွန်းတွေဖြစ်တယ်။

အတွင်း​ရေးမှူး (၁)

(ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC)

SRA ဖွဲ့စည်းလိုက်တဲ့အပေါ် အမြင်သဘောထား။

ဇူးပဒုမ္မာ – ကျမလည်း အားလုံးနည်းတူပဲ ဒီ SRA ဖွဲ့စည်းမှု ထုတ်ပြန်လာတဲ့အပေါ်မှာ ကြိုဆိုကြောင်း ပထမဆုံးအနေနဲ့ ပြောချင်တယ်။ ဝမ်းသာကြိုဆိုကြောင်း ပြောချင်ပါတယ်။ ပြီးတော့ဒီဟာကတော့ ကြည့်မယ်ဆိုရင်တော့ တော်လှန်ရေး အရွေ့တစ်ခုမှာ စုစည်းညီညွတ် မှုနဲ့ သွားရမယ်ဆိုတာ ကျမတို့ တောက်လျှောက်ပြောလာတဲ့အခါမှာ ဒီ ၂၀၂၅ မကုန်ခင်လေးမှာ စုစည်းညီညွတ်မှုကို ဒီနွေဦးတော်လှန်ရေး နောက်ပိုင်းမှာ ပေါက်ဖွားလာတဲ့ ဒီတပ်အင်အားစုတွေက လုပ်ပြလိုက်နိုင်တဲ့ အချက်တချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျမအနေနဲ့ လည်း ကြိုဆိုတယ်ဆိုတဲ့ဟာမျိုးကို ပြောချင်ပါတယ်။ ပြီးတော့ နောက်တခုက ကျမတို့ တော်လှန်ရေးကို ကြည့်မယ်ဆိုရင်တော့ စစ်ရေး၊ နိုင်ငံရေး စသည်ဖြင့် အများကြီး ရှိတယ်ပေါ့နော်။ အဲလိုရှိတဲ့အထဲမှာမှ ဒီစစ်ရေးလှုပ်ရှားမှု ကိစ္စဆိုရင်တော့ COC တစ်ခုတည်းမရှိဘူး။ တပ်တွေက ဖောင်းပွနေတယ်။ ရှိနေတဲ့တပ်တွေက စုစည်းမှု မရှိဘူး။ ပြန့်ကျဲနေတယ်။ ဘယ် COC နဲ့သွားမှာလဲ စသဖြင့် ဒီဟာတွေက ဒီတော်လှန်ရေးနဲ့အတူ ရှိလာခဲ့တဲ့ မေးခွန်း။ ပြည်သူလူထုတစ်ယောက်ချင်း ဆီမှာရော ကျမတို့ နိုင်ငံရေး အင်အားစုတွေကြားထဲမှာရော အမြဲတမ်း ဝေဖန်ထောက်ပြနေတဲ့ မေးခွန်းတွေဖြစ်တယ်။

Public Service Announcement

Public Service Announcement

ခုဆိုလို့ရှိရင်တော့ ကြည့်မယ်ဆိုရင် ဒီနွေဦးတော်လှန်ရေး နောက်ပိုင်းမှ စုဖွဲ့လာတဲ့ တပ်ပေါင်းစုတွေ ဖြစ်တယ်။ အခုဆိုလို့ရှိရင်လည်း အကြမ်းဖက် စစ်အုပ်စုကနေပြီးတော့ ရွေးကောက်ပွဲလုပ်တော့မယ်။ သူရဲ့သမရိုးကျနည်းလမ်းအတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေါ်တော့မယ်။ တပ်တွေကို ဒီထက်ပိုပြီးဖြိုခွင်းတဲ့ တပ်တွေရှိလာနိုင်သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စတွေမှာ ကမ်းလှမ်းလာမယ့်ဟာတွေရှိ တယ်။ အရင်တုန်းကဆိုရင်တော့ ERO တွေနဲ့ ဒီလို အခင်းအကျင်းတွေက ရှိခဲ့တဲ့ ဥပမာတွေရှိတယ်။ ဒါပေမဲ့ ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာ ဖြစ်လာတဲ့ တပ်တွေကရော ဘယ်လောက်အထိ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ ဆက်သွားနိုင်မလဲ ဆိုတာကလည်း ကျမတို့ စောင့်ကြည်နေရတဲ့ ဟာမျိုး ဖြစ်တယ်။ ဆိုတော့ ဒီတပ်ပေါင်းစုကြီးပေါ်လာတဲ့ဟာကတော့ ကျမတို့ တစ်စုတစ်စည်းတည်းရှိတယ် ဆိုတဲ့ဟာကို ပြနိုင်မယ်လို့ ကျမကယုံကြည်တယ်။ စုဖွဲ့ထားတဲ့ တပ်ကတော့ အခုဆိုရင် ထုတ်ပြန်ချက်အရ KNDF အပါအဝင် (၁၉) ဖွဲ့ဆိုတော့ နောက်ပိုင်းတပ်တွေကိုလည်း ဆက်လက်ဖိတ်ခေါ်သွားမယ်လို့ နားလည်ထားတယ်။ ဆိုတော့ ကောင်းတယ်ပေါ့နော်။ ဒီမှာကလည်း KNDF အပါအဝင်ကျန်တဲ့ တပ်အင်အားစုတွေလည်း ရှိနေတယ်ဆိုရင်တော့ KNDF အပြင် နွေဦးနောက်ပိုင်းမှာပေါ်လာတဲ့ တပ်တွေကလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အရမ်းကောင်းတဲ့ အရွေ့ကို ဖြစ်မယ်လို့လည်း ထင်ပါတယ်။

ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ၊ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့စတဲ့ စုဖွဲ့မှုတွေနဲ့ ရှေ့ကဦးဆောင်နေတဲ့ ကရင်နီပြည်ရဲ့စုစည်းဆောင်ရွက်မှု အတွေ့အကြုံတွေကို မျှဝေပါဦး။

ဇူးပဒုမ္မာ – IEC ကိုတော့ ၂၀၂၃ ဇွန်လမှာ စတင်ဖွဲ့စည်းတယ်။ IEC နောက်ပိုင်းမှာတော့ KSIP၊ KSIJ ပေါ့။ ဒါကတော့ အတိုကောက်ခေါ်တာပေါ့။ ကြားကာလဥပဒေပြုရေး၊ ကြားကာလ တရားစီရင်ရေး ဆိုပြီးတော့ ကျမတို့က ဒီမဏ္ဏိုင်သုံးခုပေါ့နော်။ အစိုးရလို့ ပြောရင် ဒီ မဏ္ဏိုင်သုံးခုနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီမဏ္ဏိုင်သုံးခုကိုတော့ KSCC က ထူထောင်နိုင်ခဲ့တယ်လို့ ကျမတို့ပြောရမှာပေါ့။ အဲဒီအထဲမှာ IEC က အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။ IEC က အုပ်ချုပ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ ယန္တယားတစ်ခုဖြစ် တယ်။ အခုဆိုရင်တော့ ဌာန (၁၂) ခု ဖွဲ့စည်းထားတယ်။ ဌာန (၁၂) ခု အပြင် ကျမတို့က Financial နဲ့ ပတ်သက်တဲ့ ပြည်နယ်စာရင်းစစ်ကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ််။ ဌာန (၁၂) ခုထဲမှာ နောက်ဆုံးဖွဲ့ခဲ့တဲ့ ဌာနကတော့ ကာကွယ်ရေးဌာန ဖြစ်တာပေါ့။ ဒါပေမဲ့ JCS ကတော့ ကာကွယ်ရေးဌာနကို IEC ကနေ ထုတ်ပြန်လိုက်တဲ့အခါမှာ JCS နဲ့ ဘယ်လိုမျိုးကွာခြားမှုရှိလဲ ဆိုတဲ့ မေးခွန်းလေးတွေ တော်တော်များများရှိတယ်။ အဲဒီ ကာကွယ်ရေးဌာနက ဘာလုပ်မှာလဲ။ JCS က ဘာလုပ်မှာလဲပေါ့နော်။ JCS ဆိုတာ ဘာကြောင့်ဖြစ်လာရလဲ ဆိုတဲ့ဟာပေါ့နော်။ ဥပမာဆိုလို့ရှိရင် ကျမတို့ ကာကွယ်ရေးဌာနက တော့ အစိုးရ ယန္တယားမှာရှိနေတဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စတွေကို စီမံဆောင်ရွက်နိုင်ဖို့ ဒီကာကွယ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ဥပဒေတွေကို ပြဌာန်းဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နိုင်ဖို့အတွက် Management ပိုင်းတွေကို အဓိကလုပ်တာဖြစ်ပြီးတော့ JCS ကတော့ စစ်ရေးနဲ့ ပတ်သက်ပြီးတော့ အဓိက အလုပ်အတူတူလုပ်နိုင်ဖို့ စုဖွဲ့ထားတာဖြစ်ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာ အနေနဲ့ဖြစ်ဖြစ်၊ ကရင်နီ အတိုင်းအတာအနေနဲ့ ဖြစ်ဖြစ် ကျမတို့ ကြည့်မယ်ဆိုရင် အာဏာမသိမ်းခင်ကတည်းက ကရင်နီက ဒီတိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ (၅) ဖွဲ့ထက်မနည်း ရှိတဲ့ဒေသဖြစ်တယ်။ ပြီးရင် အာဏာသိမ်းပြီးနောက်ပိုင်း မှာဆိုရင် ဒေသခံ တော်လှန်ရေးတပ်တွေအပြင်ကို တခြားတပ်တွေက ကရင်နီကို လာပြီးတော့ အခြေစိုက်တဲ့ တပ်တွေလည်းရှိတာပေါ့။ အဲလိုမျိုးတွေလည်းရှိတဲ့အခါမှာ ကရင်နီကတော့ အသေးဆုံးပြည်နယ်၊ လူဦးရေ အနည်းဆုံးပြည်နယ်ဆိုပေမယ့် တပ်တွေကလည်း အများကြီးရှိတဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့။

၂၀၂၁ ကနေ ၂၀၂၂ အဲလိုမျိုး အတိုင်းအတာတွေမှာဆိုရင် ဒီစစ်ရေးလှုပ်ရှားမှုတွေကို ကျန်တဲ့ ဖက်ဒရယ်ယူနစ်တွေနည်းတူ တော်တော်လေး စစ်ရေးလှုပ်ရှားမှုတွေ အားကောင်းခဲ့ပြီး တရှိန်ထိုး ပြည်နယ်လွတ်မြောက်ရေး ကိစ္စတွေကို တော်တော်လေး လှုပ်ရှားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးက အချိန်ကြာလာတာနဲ့အမျှ ကျမတို့ စစ်ရေးဘက်မှာမှ မဟုတ်ဘူး။ အုပ်ချုပ်ရေးပဲဖြစ်ဖြစ် အခြားသော စစ်ရှောင်အရေးကိုပဲ ကြည့်ကြည့်၊ ကျမတို့ ဆုတ်ယုတ်တဲ့ဟာတွေ ရှိလာတယ်။ တဖက်မှာလည်း Resilience Scale တွေ ပိုအားကောင်းလာတာ ရှိတယ်။ ဆုတ်ယုတ်တဲ့ဟာ များလာတဲ့ အကြောင်းရင်းကတော့ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု ကြောင့်ကတော့ ပိုများတာပေါ့။ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ ဖြစ်လာတဲ့ ကရင်နီထဲမှာရှိနေတဲ့ တပ်တွေရယ် ERO တပ်တွေက စစ်ဆင်ရေးတွေလုပ်တဲ့အချိန်မှာ အတူတူ ပူးပေါင်းလုပ်တယ်ဆိုပေမယ့် Code of Conduct တစ်ခုတည်းမှာ မရှိ‌နေသေးတဲ့ အနေအထားမျိုးဖြစ်တယ်။ အဲလိုမျိုးဖြစ်တဲ့ အခါမှာ ကျမတို့ ပိုပြီးတော့ ရှေ့သွားရမယ့် လုပ်ငန်းတွေမှာ တဆင့်ကျန်ခဲ့တဲ့ဟာမျိုးတွေကတော့ ဖြစ်လာတာ ဖြစ်တဲ့အတွက်ကြောင့် ဒါဆိုလို့ရှိရင်တော့ ကျမတို့ ပြည်နယ်တပ်တစ်ခုအနေနဲ့ မဖြစ်နိုင်သေးဘူးဆိုရင်တော့ ဒီစစ်ရေးလှုပ်ရှားမှုတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်လို့ရမယ့် Joint Chief of Staff ပေါ့နော်။ ဒီ စစ်ဦးစီး တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ကတော့ ရှိဖို့လိုဦးမယ်ထင်တယ်ဆိုတဲ့ စဉ်းစား ချက်နဲ့ စလာခဲ့တာဖြစ်ပါတယ်။

ဆိုတော့ JCS မှာဆိုရင်တော့ တပ် (၆) ဖွဲ့လောက်ပါဝင်ပြီးတော့ ကျမတို့စစ်ဆင်ရေးတွေကို အတူတကွ စီစဉ်နေတာတွေရှိတယ်။ Mission တွေ အတူတကွလုပ်တယ်ဆိုတဲ့ အောင်မြင်မှုတွေရှိတယ်။ အခုဆိုရင် IEC ဘက်မှာ ကာကွယ်ရေးဌာနတွေ ထူထောင်လာပြီဖြစ်တဲ့အတွက်ကြောင့် ဒီကာကွယ်ရေးဌာနနဲ့ JCS ကတော့ ကိစ္စတွေကို အတူပူးပေါင်းလုပ်နေတာဖြစ်တယ်။ ကျမတို့ အနာဂါတ်မျှော်မှန်းချက်ကတော့ ဒီထက်အဝေးကြီးရှိတယ်။ ဥပမာ ကျမတို့ IEC ကို ကြည့်မယ်ဆိုရင် ကြားကာလအုပ်ချုပ် ရေး ကောင်စီပဲဖြစ်တယ်။ အစိုးရလို့လည်း ကျမတို့ ကိုယ့်ကိုယ်ကိုယ်မခေါ်ဝေါ်သေးဘူး။ ဒါပေမဲ့ ၂၀၂၆ နောက်ပိုင်းမှာဆိုရင်တော့ ကရင်နီပြည်နယ်မှာ အုပ်ချုပ်ရေးကောင်စီ အဆင့်ထက်ကျော်လွန်တဲ့ ပိုပြီးတော့ တရားဝင်မှုနဲ့ ခိုင်မာအားကောင်းတဲ့ အစိုးရ တစ်ရပ်ပေါ်လာရမယ်လို့ ကျမတို့မှာ ကြားကာလအစီအမံ ပြဌာန်းထားတာဖြစ်တယ်။

အဲဒီလို အစိုးရ တစ်ရပ်ဖြစ်လာပြီဆိုရင်တော့ ပြည်နယ်တပ်က ရှိလာရတော့မယ်။ ပြည်နယ်တပ်တတပ် ရှိရမယ်။ ပြည်နယ်တပ်လို့ပြောရင် အခုနွေဦးတော်လှန်ရေးနောက်ပိုင်း မှာရှိတဲ့ တပ်တွေရော၊ နွေဦးမတိုင်ခင်ထဲက ရှိတဲ့တပ်တွေရော ဘယ်လိုမျိုးဖွဲ့စည်းမှာ လည်းဆိုတာ မေးခွန်းကြီးကြီးဖြစ်လာတယ်။ အဲတော့အားလုံးက ကိုယ့်လက်နက် ကိုယ်ချပြီးတော့ အလံတခုအောက်မှာ၊ ယူနီဖောင်း တခုအောက်မှာ၊ ပေါ်လစီတခုအောက်မှာ ဥပဒေတခုအောက်မှာ၊ စစ်ဥပဒေတခုအောက်မှာ နေနိုင်ဖို့ဆိုတဲ့ဟာကတော့ ကျမတို့ ပြောရတာလွယ်ပေမယ့် စိန်ခေါ်ချက်ကတော့ တကယ်ကြီးပါတယ်။ အဲ့တာကြောင့် JCS ကတော့ ကျမတို့ သွားချင်တဲ့ ပြည်နယ်တပ် ကျမတို့အတိုကောက်အားဖြင့်ကတော့ UKSA ပေါ့နော်။ ညီညွတ်သော ကရင်နီပြည်တပ်မတော် ပေါ့နော်။ ညီညွတ်သောကရင်နီပြည် နယ်တပ် ဒါမှမဟုတ် တပ်မတော် စသည်ဖြင့် အဲလို သွားနိုင်ဖို့အတွက်ကို ပထမခြေ လှမ်းဖြစ်ပါတယ်။ ဆိုတော့ အဲဒါတွေကတော့ မီဒီယာမှာ တော်တော်များများ ကျမတို့ရဲ့ ခေါင်းဆောင် အချို့တွေလည်း ပြောဆိုကြတာရှိပါတယ်။ JCS ကတော့ ပြည်နယ်တပ်လို့ ကျမတို့ ပြောဖို့ခက်သေးတယ်။

JCS ကတော့ မြေပြင် မှာရှိနေတဲ့ ကရင်နီမှာရှိနေတဲ့ လက်နက်ကိုင်အင်အားစုတွေ၊ နွေဦးတော်လှန်ရေး မတိုင်ခင်ကရော၊ နောက်ပိုင်းမှ ဖြစ်လာတဲ့ တပ်တွေက စစ်ဆင်ရေး ကိစ္စတွေ အတူတကွ ဆောင်ရွက်နိုင်ဖို့ကို စုပေါင်းထားတဲ့ တပ်ပေါင်းစုတစ်ခု ဖြစ်တယ်။ အစုအဖွဲ့လေးတစ်ခု ဖြစ်တယ်။ အဲဒီအောက်ကနေ ကျမတို့ ပြည်နယ်လွတ်မြောက်ရေးကိစ္စ တွေ အတူတကွ ဆောင်ရွက်နေတယ်။ ဒီခြေလှမ်းကနေပြီးတော့ အနာဂတ်မှာ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ရေးအတွက် စစ်ဥပဒေတစ်ခုတည်းအောက်မှာ အလံတခုတည်းအောက်မှာ ဘက်တံဆိပ်တခုတည်းနဲ့ အတူတူဖြစ်နိုင်ဖို့ အတွက်ကို ကျမတို့ခြေလှမ်းစဖို့အတွက် ကနဦးစုဖွဲ့ထားတဲ့ အစုအဖွဲ့လေးတော့ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေအတွက် အကြံပြုချက်

ဇူးပဒုမ္မာ –ကျမတို့ဆီမှာ ပြည်တွင်းစစ်တွေရှိတယ်။ ဒီမှာကရင်နီမှာ စစ်မဖြစ်ဘူးဆိုပေမယ့် ရခိုင်မှာစစ်ဖြစ်တယ်။ ကချင်မှာစစ်ဖြစ်တယ်။ ရှမ်းမြောက်မှာစစ်ဖြစ်တယ် စသဖြင့်ပေါ့နော်။ ဒါပေမဲ့ စစ်မဖြစ်ဘူးဆိုပေမယ့်လည်း ကရင်နီလိုမျိုးမှာ ကျမတို့ ဒီသမိုင်းကြောင်းဆိုင်ရာအရ ဖြစ်ပွားခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုလိုမျိုးတွေဖြစ်တယ်။ လယ်မြေတွေ အသိမ်းခံရတယ်။ ဒီလိုမျိုးဝဲဂယက်ကြီးက နှစ် (၇၀) ကျော် ဖြစ်လာတာပေါ့နော်။ ဘုံရန်သူကတော့ အမြဲတမ်းလည်း ဒီတဖွဲ့ပဲဖြစ်တယ်။ ဒီ Institute ပဲ ဖြစ်တယ်။ ခေါင်းဆောင်တွေပဲ ပြောင်းလဲသွားတာပေါ့နော်။

ဒီနွေဦးတော်လှန်ရေးနောက်ပိုင်းမှာဆိုရင်တော့ ညီညွတ်ဖို့ဆိုတာထက်ကို ကျမတို့နောက်ထပ် ပြောလာတဲ့ စကားလုံးကတော့ စုပေါင်းခေါင်းဆောင်မှုပေါ့။ စုပေါင်းခေါင်းဆောင်မှု ရှိခဲ့မယ်ဆိုရင် အောင်မြင်မှာပဲ ဆိုပြီးတော့ ကျမတို့ ဒီနိုင်ငံရေးအရဆိုရင် နိုင်ငံရေးတပ်ပေါင်းစုတွေ၊ မဟာမိတ်တပ်ပေါင်းစုတွေ၊ စစ်ရေးတပ်ပေါင်းစုတွေ အများကြီးစုပြီးတော့ လုပ်လာခဲ့ကြပေမယ့် အချိန်ကြာလာလို့ရှိရင် အားနည်းသွားကြတာ တွေ၊ deadlock ဖြစ်သွားကြတယ်ဆိုတဲ့ ဟာမျိုးကလည်း အများကြီးမြင်တွေ့ကြရတာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ တော်လှန်ရေး အဆုတ်ဘက်ကို မရောက်သွားဖို့ကို ကျမတို့လုပ်ရမယ်လို့ ထင်ပါတယ်။

လတ်တလော ကရင်နီရဲ့ အနေအထားကိုပဲ ကျမ ဥပမာ ပေးရမယ်ဆိုရင် ကျမတို့အမြဲတမ်းပြောခဲ့တာတော့ ကရင်နီက လူထုတွေရော ကျမတို့ ဒေသခံအင်အားစုတွေကရော အမြဲတမ်းပြောခဲ့တာကတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ပဲ ဖြစ်တယ်ပေါ့နော်။ ဒီနွေဦးတော်လှန်ရေးဖြစ်လာတဲ့နောက်ပိုင်းမှာ စုစည်းဖို့ဆိုတာလည်းသိတယ်။ ဘယ်လို စုစည်းရင် ကောင်းမလဲဆိုတာ သိတဲ့အခါမှာ ဒီအပေါ်မှာပဲ အားလုံးဘုံသဘောထားနဲ့ ကျမတို့ နိုင်ငံရေး စုစည်းမှုကို ပထမဆုံး လုပ်နိုင်တယ်လို့ ပြောရမလိုတော့ဖြစ်တယ်။ အဲလိုမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့ ယနေ့မှာဆိုရင် လူထုပါဝင်တဲ့ အုပ်ချုပ်ရေး ယန္တယားကို တည်ဆောက်နိုင်တယ်။ အားလုံးပါဝင်တဲ့ အရှေ့မှာပြောသွားသလိုမျိုး ကျမတို့လုပ်နိုင်တယ်ဆိုတဲ့ဟာမျိုးကတော့ ဖြစ်လာတယ်ပေါ့နော်။ အဓိကကတော့ ဒီဟာတွေ အားလုံးကတော့ နိုင်ငံရေးစိတ်ဆန္ဒရှိတယ်။ အပြောင်းအလဲလုပ်လိုတဲ့ စိတ်ဆန္ဒရှိတယ်ဆိုရင်တော့ မဖြစ်စရာမရှိဘူးလို့ ကျမထင်တယ်။

ဒါပေမဲ့လည်း ကျမတို့ ညီညွတ်ဖို့ဆိုတဲ့ဟာက နည်းလမ်းတွေရှိတယ် ဆိုပေမယ့် အဲဒီ နည်းလမ်းတွေကို ပံ့ပိုးတဲ့ အကြောင်းအရာတွေက အများကြီးလိုအပ်တာပေါ့နော်။ ဥပမာ နည်းပညာအင်အားတွေလိုအပ်မယ်။ငွေကြေးအင်အားတွေ လိုအပ်မယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပါဝင်လိုတဲ့ စိတ်ဆန္ဒတွေလိုအပ်မယ် ဆိုတဲ့ဟာကတော့ မြင်လည်း မြင်ရတယ်ပေါ့နော်။ အဲတာတွေသာရှိမယ်ဆိုရင်တော့ ကျမထင်တယ်။ ကျမတို့ပြောနေတဲ့ ညီညွတ်မှုနဲ့ စုဖွဲ့မှု ပိုပြီးတော့ သဏ္ဍာန်ပေါ်လာမယ်လို့ထင်ပါတယ်။ အဲတော့ ကျမတို့တိုက်ထုတ်နေရတဲ့ ဒီစနစ်ဆိုးကြီးအောက်ကနေပြီးတော့ ဒီအကြမ်းဖက် စစ်တပ်ကလည်း ဘယ်လောက်များ ခံနိုင်ရည်ရှိမှာလဲပေါ့နော်။ ကျမတို့သာစုစည်းမယ်ဆိုရင်တော့ ဘယ်လောက်များခံနိုင်ရည်ရှိမှာလဲ ပေါ့။ အခုအချိန်ထိပဲ အုပ်ချုပ်ခွင့်မရနေတာကို ကြည့်ခြင်းအားဖြင့်လည်း သိသာတယ်ပေါ့နော်။ အဲတော့ စိတ်ဆန္ဒကတော့ အရေးကြီးတယ်လို့ထင်တယ်။

တော်လှန်ရေးတပ်တွေပေါင်းစည်းဖို့၊ ဟန်ချက်ညီဖို့ ဘယ်လောက်အရေးကြီးသလဲ။ စိန်ခေါ်မှုနဲ့ အခွင့်လမ်းတွေက ဘာတွေလဲ။

ဇူးပဒုမ္မာ – ဒီအရွေ့က ဥပမာ ကရင်နီတခုတည်းကြုံနေရတဲ့ ကိစ္စမဟုတ်ဘူး။ ရခိုင်တဖွဲ့တည်းက ကြုံနေရတဲ့ ကိစ္စမဟုတ်သလို အမျိုးသမီးထုတွေပဲ ရင်ဆိုင်နေရတဲ့ဟာ မဟုတ်ဘူး။ အကြမ်းဖက်စစ်အုပ်စုက အယုတ် အလတ် အမြတ်မရွေး အကြမ်းဖက်တိုက် ခိုက်နေတဲ့ဟာပဲဖြစ်တယ်။ အဲဒါကြောင့်မို့ စစ်ကောင်စီ (အခုကတော့ စကမ ပေါ့) အကြမ်းဖက်စစ်တပ်ကို ကျမတို့တွန်းလှန်ဖို့အတွက်က ဒါ လူတိုင်းရဲ့ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်တယ်လို့ ကျမနားလည်တယ်။ အဲဒါကြောင့်မို့ ဒီအချိန်မှာကတော့ မိမိရဲ့ Interest တွေကို ဘေးဖယ်ပြီးတော့ တစ်နိုင်ငံလုံး အကျိုးအတွက်ကို အတူတူလက်တွဲ အလုပ်လုပ်ဖို့ကတော့ အရေးကြီးတယ်လို့ထင်တယ်။

ကျမတို့ နွေဦးတော်လှန်ရေးအစမှာလည်း အမြဲတမ်းပြောခဲ့သလိုမျိုး ပေါ့နော်။ ဒီဟာကတော့ နောက်ဆုံးတိုက်ပွဲပဲ ဖြစ်သင့်တယ်။ Generation အဆက်ဆက်တွေအတွက် ကျမတို့ဒီပွဲမှာ အားလုံးပါဝင်ဖို့လိုတယ် ဆိုတဲ့ဟာမျိုးလည်း ပြောထားပြီးသားဖြစ်တယ်။ ကြွေးကြော်ပြီးသားဖြစ်တယ်။ အဲဒီအတိုင်းကိုလည်း အခု တဆက်တစပ်တည်း ဆက်လက်ပြီးတော့ တိုက်ပွဲဝင်လာကြတဲ့သူတွေလည်း ရှိတယ်ဆိုတဲ့အခါကျတော့ ဒီရပ်တည်ချက်အပေါ်မှာပဲ ကျမတို့ ဆက်ပြီးတော့ ရပ်တည်ဖို့လိုအပ်တယ်။ ဆိုတော့ ဥပမာဆိုရင် နိုင်ငံရေး နဲ့ စစ်ရေးမှာပဲ မဟုတ်ဘဲနဲ့ ကျမတို့အိမ်မှာ မိသားစု သုံးလေးငါးယောက်ရှိတယ်ဆိုရင် သုံးလေးငါးယောက်ရဲ့ အကြိုက်ဟာ တူမှာမဟုတ်ဘူး။ ပြီးလို့ရှိရင်နောက်တစ်ခုက အမြဲတမ်းတပြေးညီ အဆင်ပြေနိုင်ဖို့ဆိုတဲ့ဟာမျိုးကတော့ မဖြစ်နိုင်ဘူးပေါ့နော်။ ဒါပေမဲ့ ကျမတို့က မိသားစုဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ပဲ ညှိုနှိုင်းသွားကြတဲ့ဟာမျိုး ရှေ့ဆက်ကြရတဲ့ဟာမျိုးဖြစ်တယ်။ အပြန်အလှန် ဖေးမကြရတဲ့ဟာမျိုးတွေ ဖြစ်တယ်။

အခုဆိုလို့ရှိရင် ကျမတို့ဒီနိုင်ငံအရွေ့ဘက်ကို ကြည့်မယ်ဆိုရင်တော့ NUCC Process လိုမျိုးတွေ ပြီးတော့နောက်တခုက အုပ်ချုပ်ရေးယန္တယားတွေဆိုရင်တော့ ပြည်ထောင်စုအ ဆင့်မှာဆိုရင် NUG ပြည်နယ်အဆင့်ဆင့်မှာ ဆိုရင်တော့ ဖက်ဒရယ်ယူနစ် IEC ပေါ့နော်။ စသဖြင့် အခြားသော ဖက်ဒရယ်ယူနစ်တွေမှာလည်း ရှိတယ်ပေါ့နော်။ အဲလိုမျိုးတွေ ကျမတို့စုဖွဲ့လာတယ်ဆိုတဲ့ ဟာမျိုးတွေကလည်း ရှိနေတယ်။ ကိုယ့်ဟာကိုယ် တဖွဲ့တည်းလုပ်လို့မရဘူးဆိုတာ အားလုံးက နားလည်ကြတယ်။ နားလည်လို့ပဲ တပ်ပေါင်းစုတို့ မဟာမိတ်အဖွဲ့တို့၊ Coordination Group တို့ Teamwork တို့ဆိုတဲ့ဟာတွေက အလကားဖြစ်လာကြတာမဟုတ်ဘူး။ ဒါတွေကိုနားလည်လို့ ဖြစ်လာကြတာ။ ဒါပေမဲ့ အဲ့ဒါကို နားလည်တယ်ဆိုရင်တော့ အဲဒီရဲ့အပေါ်မှာ နိုင်ငံရေး စိတ်ဆန္ဒရှိရှိနဲ့ ဆက်သွားဖို့ကတော့ အရေးကြီးတယ်လို့ ကျမက ဆိုလိုချင်တယ်။

အဲ့ဒဇီတော့မြောက်ပိုင်းမှာပဲ စစ်ရေးအားသာနေပြီးတော့ တောင်ပိုင်းရဲ့စစ်ရေး အားမသာနေလို့လည်း မရသလို မြောက်ပိုင်းကမြောက်ပိုင်း တောင်ပိုင်းကတောင်ပိုင်းဆိုပြီး ခွဲခြားပြီးတော့ လုပ်လို့မရဘူးလို့ ကျမအနေနဲ့ထင်တယ်။ ဥပမာ စစ်ရှောင်အရေးကိုပဲ ကြည့်မယ်ဆိုရင်တောင်မှ ဒီနယ်စပ်ဖြတ်ကျော်တဲ့ စစ်ရှောင်အရေးတွေကို အားပေးလုပ်ဆောင်သင့်တယ်လို့ ပြောရင်တောင်မှ နယ်စပ်ဖြတ်ကျော်တဲ့ Humanitarian Assistance တွေက ပြည်မမှာ ရှိနေတဲ့ လူထုတွေဆီကိုလည်း ဘယ်လိုရောက်အောင်ဘယ်လို လုပ်မလဲ ဆိုတဲ့ဟာကို ကျမတို့စဉ်းစားဖို့လိုတယ်။ အဲလိုမျိုးပေါ့နော် ရှုထောင့်ပေါင်းစုံကနေ ဟန်ချက်ညီဖို့လိုတယ်။ ကျမတို့က ပုံမှန်အခြေအနေမှာတောင်မှ တိုင်းပြည်တခုကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ဖို့အတွက်က စိန်ခေါ်မှုတွေ အရမ်းများတယ်။

ဥပမာဆိုလို့ရှိရင် ဒီမတူညီတဲ့ ဒေသတွေမှာရှိနေတဲ့သူတွေကို ကျမတို့ဖွံ့ဖြိုးတိုးတက်မှု ညီမျှအောင် လုပ်ဖို့ဆိုတဲ့ဟာမျိုးက မတူညီတဲ့ စဉ်းစားချက်တွေ မတူညီတဲ့ ချဉ်းကပ်မှုတွေနဲ့ လုပ်ရတာမျိုးတွေလည်းဖြစ်တာပေါ့နော်။ ဖွံ့ဖြိုးမှု ပိုနည်းတယ်ဆိုရင်တော့ ကျမတို့ နည်းလမ်း တစ်ခုခုနဲ့ လုပ်ရတယ်ဆိုတဲ့ ဟာမျိုးတွေကလည်းဖြစ်တာပေါ့။ အဲဒီတော့ ပုံမှန်အခြေအနေတောင်မှ ခက်ခဲနေတယ်ဆိုရင်တော့ ဒီလိုမျိုး နေ့တဓူဝ အကြမ်းဖက် စစ်တပ်ရဲ့ ထိုးစစ်တွေ၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တွေ၊ ပြီးတော့ နောက်တခုက ကျမတို့ရဲ့ Humanitarian နဲ့ အခြားသော အရင်းအမြစ်တွေရနိုင်သမျှ အားလုံးကို လိုက်ပြီးပိတ်ဆို့နေတဲ့ အနေအထားတခုမှာ တည်ဆောက်ရတဲ့ တော်လှန်ရေး စုစည်းရတဲ့တပ်ဖွဲတွေ၊ နောက်ပြီးလို့ရှိရင် ခိုင်မာဖို့အတွက် အုတ်မြစ်ချဖို့အတွက် လုပ်နေရတဲ့ တည်ဆောက်ရတဲ့ မူဝါဒရေးရာ ကိစ္စတွေဆိုတာကတော့ လွယ်ကူတဲ့ ကိစ္စတွေမဟုတ်ဘူး။ ကျမတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်တယ်လို့ မြင်တာပေါ့နော်။

ဒါပေမဲ့ အားသာချက်က ဘာတွေရှိလည်းဆိုတဲ့ဟာကို ကျမတို့မှာအဖြေရှိတယ်လို့ ကျမထင်တယ်။ ဘုံရန်သူရှင်းရှင်းလင်းလင်း ရှိတယ်။ ကျမတို့ သွားချင်တဲ့ ဘုံရည်မှန်းချက်ရှိတယ်။ အဲဒီဘုံရည်မှန်းချက်ကတော့ လူတိုင်း လက်ခံတဲ့ ဘုံရည်မှန်းချက် ဖြစ်ဖို့လိုတာပေါ့နော်။ အခုအချိန်အထိ အကြမ်းဖက်စစ်တပ်က တစ်နိုင်ငံလုံးကို အုပ်ချုပ်ခွင့်မရနေတဲ့ဟာကိုက ဒါ ကျမတို့ရဲ့ တော်လှန်ရေးရဲ့ အကြီးမားဆုံး လက်ရှိမှာ အောင်မြင်မှု ရလဒ်ပဲဖြစ်တယ်။ ကိုယ့်ဒေသ ကိုယ် အုပ်ချုပ်နေနိုင်ပြီးတော့ ခုခံနိုင်တဲ့ အနေအထားမျိုးရှိတယ်ဆိုတော့ ဒီး ၅ နှစ်တာအတိုင်းအတာနဲ့ ခုခံနိုင်တဲ့ အင်အားမျိုးရှိနေတယ်ဆိုတာ ကျမတို့မှာ တကယ့်ကြီးမားတဲ့ အားသာချက် ပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအားသာချက်ပေါ်မှာ ကျမတို့ဆက်သွားနိုင်မယ် ။ စုစည်းနိုင်မယ်။ ဟန်ချက်ညီညီ အလုပ်လုပ်နိုင်မယ်ဆိုရင်တော့ မျှော်မှန်းတဲ့ ပန်းတိုင်ကရောက်ရှိနိုင်မယ်လို့ ကျမထင်တာပေါ့နော်။

“ တပ်​ပေါင်းစုနဲ့​အောင်ပွဲခံနိုင်ဖို့ စိန်​​ခေါ်ချက်နဲ့အခွင့်အလမ်း​တွေ” စကားဝိုင်းဆွေးနွေးပွဲမှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC အတွင်း​ရေးမှူး (၁) မဇူးပဒုမ္မာရဲ့ ဆွေးနွေးချက်တွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်လိုက်ပါတယ်။

“ အ​တွေးအ​ခေါ်လမ်း” စကားဝိုင်းဆွေးနွေးပွဲတွေကို People’s Goal နဲ့ People’s Spring တို့က ပူးပေါင်းစီစဥ် တင်ဆက်နေတာဖြစ်ပါတယ်။

စကားဝိုင်းဆွေးနွေးပွဲ အပြည့်အစုံကို Comment Box မှာပေးထားတဲ့ Link ကနေ ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။

ဆက်စပ်သတင်းများ