close
Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်၌ ယခုနှစ် ၇လအတွင်း ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီ သတ်ဖြတ်ခဲ့ဟု IEC ထုတ်ပြန်

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။

ဇူလိုင်-၉၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။

ယခုလ ၇ ရက်က ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် လေးနှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုသုံးဦးသေဆုံးခဲ့ကာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှင့် ပြည်သူလေးဦး ထိခိုက်ခဲ့ကြောင်း ကနဦးအသိပေးသည်။

တရားမဝင်အကြမ်းဖက်စစ်တပ်၏ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုသည် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုကျူးလွန်ပြီး ပြည်နယ်အတွင်းရှိ ပြည်သူများကို အကြံအရွယ်ရှိရှိဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများသည် ယခင်ကလည်း ပြုလုပ်ခဲ့ပြီး လက်ရှိတွင်လည်း ပြုလုပ်နေဆဲသာမက ယခုနှစ်တွင် လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှုများ ပို၍ ပြုလုပ်လာကြောင်း ဖော်ပြသည်။

ယခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသည့် အရပ်သား ၃၃ဦးနှင့် ဒဏ်ရာရသူ ၉၀ ကျော်ရှိသည်။ သေဆုံးသူများတွင် အမျိုးသား ၁၅ဦး၊ အမျိုးသမီး ၉ဦး၊ ကလေးငယ် ၂ဦး၊ ရုပ်အလောင်းခွဲမရသူ ၇ဦး ဖြစ်သည်။

ထို့အပြင် လက်နက်ကြီး၊ ဒရုန်းနှင့် မိုင်းတို့ကြောင့် ပြည်သူ ၆၂ဦးသေဆုံးခဲ့ရပြီး ၂၀၀ ကျော် ထိခိုက်ခဲ့ကြောင်း IEC က အသိပေးသည်။ ထို့ကြောင့် စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၉၅ဦး သေဆုံးခဲ့ကာ ၂၉၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်သာမက ပြည်သူ့နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူများ၏ အခြေခံစားဝတ်နေရေး ကုန်စည်စီးဆင်းမှုများကိုပြတ်တောက်ရန် ရည်ရွယ်ချက်ဖြင့် ယာဥ်လမ်းကြောင်းပိတ်ဆို့၍ ပြည်သူများနေထိုင်ရာ ဒေသများကို စစ်ဆင်ရေးအကြိမ်ကြိမ်ပြုလုပ်နေသည်မှာ ကရင်နီပြည်သူများအားပစ်မှတ်ထားကာ လူမျိုးသုန်းသတ်ဖြတ်မှုဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြသည်။

စစ်ရှောင်စခန်း၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများ လေကြောင်းတိုက်ခံရမှုမှ ရပ်တန့်ပေးနိုင်ရန် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လေယာဥ်ဆီရရှိနေသည့် လမ်းကြောင်းများဖြတ်တောက်ပေးရန်၊ အရပ်သားများအတွက် စစ်မဲ့ဇုန် သတ်မှတ်ပေးရန်နှင့် စစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို အရေးယူပေးရန် IEC က တောင်းဆိုသည်။

“အရေးတကြီးပြောရမှာက စစ်ရှောင်ပြည်သူက နေ့စဥ် ရက်ဆက်တိုးလာတယ်။ ဒါကလည်း မိုးဗြဲ နဲ့ ဖယ်ခုံဘက်ခြမ်းက စကစနဲ့ PNO ထိုးစစ်ကြောင့် ပါတယ်။ နောက်တစ်ခု အခု မိုးဗြဲ နဲ့ လွိုင်ကော် လမ်းမကြီးသာ စကစက ထိန်းချုပ်နိုင်ခဲ့ရင် ဖယ်ခုံအရှေ့ခြမ်းကို ပိတ်သလိုဖြစ်မှာ။ ဒေသခံတွေအတွက် ပိုဒုက္ခရောက်နိုင်သလို စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်ရမယ်”ဟု ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ ဇူလိုင် ပထမပတ်က ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်တွင် သတ်ဖြတ်ခံရသည့် အရပ်သား ၆၀၀ ကျော်နှင့် ဖမ်းဆီးခံရသူ ၅၀၀ ကျော်ရှိသည်။

ထို့အပြင် ကရင်နီပြည်နယ်တွင် စစ်ရှောင်ပြည်သူ နှစ်သိန်း ရှစ်သောင်းကျော်ရှိကာ ဖယ်ခုံ နှင့် ဒီးမော့ဆိုမြို့နယ်တို့မှ အများဆုံးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်-ရေးလမ်းပိုင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၃ဦးအပါအဝင် မိသားစုဝင် ၄ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားက ပြောသည်။

သတင်း

ပင်စင်ထုတ်မယ့်အငြိမ်းစားဝန်ထမ်းတွေကို စစ်ကောင်စီက လဝကရုံးသွားပြီး Smart Card လုပ်ခိုင်းနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များတိုက်ခိုက်နေသည့် ရေကြည်မြို့အခြေစိုက်အမြောက်တပ်(အမတ-၃၄၄)မှ ထွက်ပြေးသော စစ်သင်တန်းဆင်းငါးဦးအနက် တစ်ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးတွင် စစ်ကောင်စီ၏ စက်တပ်လေထီး(ပါရာမော်တာ)တစ်စီးပျက်ကျပြီး တပ်သားနှစ်ဦး သေဆုံးကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။