close
Connect with us

Hi, what are you looking for?

အတွေးအမြင်

တရုတ်နဲ့နိုင်ငံတကာရွေးကောက်ပွဲများ

တရုတ်နိုင်ငံကပြောလေ့ရှိတဲ့နိုင်ငံခြားရေးမူဝါဒကတရုတ်ဟာသူများပြည်တွင်းရေးကိုဝင်မစွက်ဖက်ဘူးဆိုတဲ့စကားပဲဖြစ်ပါတယ်။အဲဒါဟာမမှန်ပါဘူး။

တရုတ်ဇာတ်ညွှန်း အတိုင်း အာဏာသိမ်း စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့​ရွေး​ကောက်ပွဲမှာမဲ​ပေး​ခဲ့တဲ့ မင်း​အောင်လှိုင် / တရုတ်သမ္မတ နဲ့ အာဏာသိမ်း​ခေါင်း​ဆောင် / ​စစ်တပ်​ရွေး​ကောက်ပွဲ​နေ့ မင်း​အောင်လှိုင် နဲ့အတူ​တွေ့ရတဲ့ တရုတ်အထူးသံတမန် တိန့်ရှီးကျွင်း ။ဓါတ်ပုံ- စစ်​ကောင်စီ၊ China Daily ၊ AFP

အိုယန်ဟိုင် ‌ရေးသားသည်။

တရုတ်နိုင်ငံကပြောလေ့ရှိတဲ့နိုင်ငံခြားရေးမူဝါဒကတရုတ်ဟာသူများပြည်တွင်းရေးကိုဝင်မစွက်ဖက်ဘူးဆိုတဲ့စကားပဲဖြစ်ပါတယ်။အဲဒါဟာမမှန်ပါဘူး။

တစ်ပါတီအာဏာရှင်စနစ်နဲ့လည်ပတ်နေတဲ့တရုတ်ကအိမ်နီးချင်းမြန်မာကိုပါတီစုံအထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ဖိအားပေးကူညီနေသတဲ့လား။တစ်စုံတစ်ခုတော့လွဲနေပြီထင်ရဲ့။သူမကြိုက်တဲ့၊ပြောရရင်သူမုန်းတဲ့စနစ်ကိုဘာကြောင့်သူအားပေးနေတာလဲ။

လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းကဆိုရင်တော့မြန်မာ့ရွေးကောက်ပွဲတွေမှာအမေရိကန်နဲ့ဥရာပသမဂ္ဂက ထဲထဲဝင်ဝင်ပါဝင်ခဲ့ပါတယ်။ရွေးကောက်ပွဲကော်မရှင်ကိုကူညီတာ၊မဲဆန္ဒရှင်တွေကိုပညာပေးတဲ့နေရာတွေမှာထောက်ပံ့တာဖြစ်ပါတယ်။အခုတော့တရုတ်ကဦးဆောင်ကျင်းပပြီးသူ့ရဲ့အဖေါ်အပေါင်းများက ဝန်းရံကြတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာကတဆင့်အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကိုရဖို့တရုတ်ကကြိုးစားတဲ့နေရာမှာသူ့ရောင်းရင်းတွေဖြစ်တဲ့ရုရှနဲ့ဘယ်လာရုစ်လိုနိုင်ငံတွေကလည်းတတပ်တအားပါဝင်ကြပါတယ်။ဖြတ်ကနဲကြည့်လိုက်ရင်တော့အခုပထမအဆင့်ပြီးသွားတဲ့ရွေးကောက်ပွဲဟာ၂၀၁၀တုန်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့တူသယောင်ပါပဲ။

ဒါပေမယ့်အတွင်းသားဟာနက်ရှိုင်းသွားခဲ့ပါပြီ။

ပြည်သူ့အပေါ်တပ်မတော်ရဲ့ရက်စက်ကြမ်းကြုပ်မှုဟာပြန်လည်နှုတ်ယူလို့မရတဲ့အခြေအနေကိုရောက်သွားပြီဆိုတာကိုဘေကျင်းကဝမ်ယိသိချင်မှသိပါလိမ့်မယ်။သိပြီးတော့ဂရုမစိုက်တာလည်းဖြစ်နိုင်ပါတယ်။ကိုယ်တိုင်ကဒီမိုကရေစီရဲ့အရသာကိုမမြည်းစမ်းဖူးသူဟာဒီမိုကရေစီဖက်ကရပ်တည်ဖို့အတွက်မဖြစ်နိုင်သလောက်ပါ။

လေ့လာကြည့်တဲ့အခါတော့တရုတ်ဟာသူ့ရဲ့အကျိုးစီးပွားအတွက်နိုင်ငံတကာရွေးကောက်ပွဲတွေကိုချယ်လှယ်ဖို့ကြိုးစားခဲ့တာဒါဟာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ နောက်ဆုံးအကြိမ်လည်းမဟုတ်လောက် ပါဘူး။

အမေရိကန်အခြေစိုက်နိုင်ငံတကာရီပတ်ဘလစ်ကန်အင်စတီကျု (The International Republican Institute-IRI)ရဲ့ သုတေသနတွေကတရုတ်ဟာသူ့သံရုံးနဲ့ကောင်စစ်ဝန်ရုံးတွေကို နိုင်ငံတကာက ရွေးကောက်ပွဲတွေမှာသူတို့နဲ့အဆင်ပြေနိုင်တဲ့သူတွေအနိုင်ရဖို့လုပ်ဆောင်ခိုင်းနေတယ်လို့ဆိုပါတယ်။

ကနေဒါနိုင်ငံရဲ့၂၀၂၁ဖက်ဒရယ်ရွေးကောက်ပွဲကနမူနာဖြစ်ပါတယ်။ကနေဒါနိုင်ငံ၊ တိုရွန်တိုနဲ့ ဗန်ကူးဗါးမှာ ရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးတွေက‌ရွေးကောက်ပွဲကိုစွက်ဖက်ခဲ့ကြတယ်လို့လေ့လာသူအတော်များများကယူဆကြပါတယ်။အဓိကကတော့မြင့်တက်လာနေတဲ့တရုတ်ဆန့်ကျင်ရေးခံစားချက်တွေကိုကာကွယ်ဖို့လည်းပါဝင်ပါတယ်။

ဒါကြောင့်သူတို့နဲ့အဆင်ပြေနိုင်တဲ့ကိုယ်စားလှယ်တွေကိုကူညီတာ၊နည်းပညာအကူအညီပေးတာနဲ့ဌာနေတရုတ်အသိုင်းအဝန်းကိုဖိအားပေးပြီးဝါဒဖြန့်ချိတာမျိုးဖြစ်ပါတယ်။ကနေဒါမှာတရုတ်လူမျိုး၂သန်းနီးနီးရှိပါတယ်။

၂၀၂၂မှာကျင်းပခဲ့တဲ့အီတလီ၊ဖိလစ်ပိုင်နဲ့ကင်ညာရွေးကောက်ပွဲတွေမှာလည်းတရုတ်ဟာသူ့အကျိုးစီးပွားအတွက်ဝင်စွက်ဖက်ခဲ့တယ်လို့IRIနဲ့စောင့်ကြည့်သူတွေကဆိုကြပါတယ်။အဓိကအားဖြင့်ဒီအလုပ်တွေကိုတရုတ်နိုင်ငံရဲ့ဌာနသုံးခုလောက်ကဦးဆောင်လုပ်ကြတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊တရုတ်ကွန်မြူနစ်ပါတီရဲ့နိုင်ငံငံတကာဆက်ဆံရေးဌာနနဲ့China Dailyလိုအစိုးရပိုင်သတင်း မီဒီယာတွေဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတရုတ်သံအမတ်တွေဟာမြန်မာအပါအဝင်နိုင်ငံအများစုကသူတို့နဲ့ပုလဲနံပသင့်တဲ့ မီဒီယာတွေမှာအတွေးအမြင်ဆောင်းပါးတွေရေးနေကြတာဟာဒီမဟာဗျူဟာရဲ့အစိတ်အပိုင်းတစ်ခုပါ။

ဖိလစ်ပိုင်ရွေးကောက်ပွဲမှာတောင်တရုတ်ပင်လယ်ထဲကအငြင်းပွားမှုနဲ့ပက်သက်ပြီးတရုတ်ဖက်ကရပ်တည်ပေးနိုင်တဲ့သူတွေကိုအားပေးကူညီတာ၊ကင်ညာရွေးကောက်ပွဲမှာတရုတ်ဆန့်ကျင်ရေးခံစားချက်တွေကိုအားမပေးတဲ့သူတွေကိုကူညီနေခဲ့တာဟာမြင်သာတယ်လို့ဆိုပါတယ်။

တရုတ်ဟာမီဒီယာစစ်ဆင်ရေးကိုအပြင်းအထန်လုပ်လာနေပါတယ်။အိမ်ရှင်နိုင်ငံတွေရဲ့မီဒီယာတွေကို အခွင့်အရေးပေးပြီးအိတ်ထဲထည့်တာ၊စာမျက်နှာတွေကိုဝယ်ယူတာ၊ဂျာနယ်လစ်တွေကိုတရုတ်ကို အထင်ကြီးဖို့စည်းရုံးသိမ်းသွင်းတာတွေဖြစ်ပါတယ်။

၂၀၁၆၊ဩဂုတ်လကတရုတ်သမ္မတရှီကျင်းဖိန်ကတရုတ်မီဒီယာကွန်ဖရင့်တစ်ခုမှာမိန့်ခွန်းတစ်ခုပြောခဲ့ပါတယ်။အဲဒီမိန့်ခွန်းမှာတရုတ်သတင်းစာဆရာတွေကိုနိုင်ငံခြားတိုင်းပြည်တွေကိုလွှတ်ပြီးတရုတ်နိုင်ငံရဲ့ အယူအဆတွေကိုယုံကြည်အောင်အတွေးအမြင်ဆောင်းပါးတွေကိုရေးကြဖို့ညွှန်ကြားပါတယ်။

ဒါ့အပြင်တရုတ်ရဲ့ရပ်တည်ချက်ကိုထောက်ခံတဲ့ဆောင်းပါးတွေရေးဖို့အိမ်ရှင်နိုင်ငံတွေကထင်ရှားတဲ့သူတွေကိုချဉ်းကပ်ဖို့ကိုလည်းပြောသွားခဲ့ပါတယ်။

၂၀၂၀မြန်မာ့အထွေထွေရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တခဲနက်အနိုင်ရတဲ့အခါတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကျောင်လိကျန်ကအခုလိုပြောပါတယ်။

“ချစ်ခင်ရင်းနှီးတဲ့အိမ်နီးချင်းနိုင်ငံအနေနဲ့မြန်မာပြည်သူတွေဟာသူတို့ရဲ့အနာဂါတ်ဖွံ့ဖြိုးမှုကိုသူတို့ရဲ့အမျိုးသားရေးလက္ခဏာတွေနဲ့လွတ်လွတ်လပ်လပ်ရွေးချယ်ဖို့နဲ့ချောမွေ့တဲ့ရွေးကောက်ပွဲဖြစ်စဉ်အတွက်ကျွန်ုပ်တို့ထောက်ခံပါတယ်”လို့ပြောခဲ့ပါတယ်။”ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်ပြီးဆုံးတာကိုလည်းကျွနှ်ုပ်တို့တွေ့ရှိလေ့လာခဲ့ရပါတယ်”လို့တောင်ပြောလိုက်ပါသေးတယ်။ (အခုတော့ရူးချင်ယောင်ဆောင်ပြီပြောင်းလဲသွားတဲ့ရပ်တည်ချက်ကိုမြင်ရမှာပါ)။

တရုတ်ဟာသူမကြိုက်တဲ့ရွေးကောက်ပွဲရလဒ်ထွက်လာခဲ့ရင်တော့လေသံပြောင်းသွားလေ့ရှိပါတယ်။ ၂၀၂၂တောင်ကိုရီးယာသမ္မတရွေးကောက်ပွဲမှာတုန်းကသူတို့သဘောမကျတဲ့ယွန်းဆွတ်ရိုးအနိုင်ရတဲ့အခါ တရုတ်အစိုးရအာဘော် Global Times ကရွေးကောက်ပွဲဟာမချောမွေ့ကြောင်း၊မဲပေးရမယ့် ပြည်သူတွေဟာအချိန်အကြာကြီးစောင့်နေရကြောင်း၊မဲပြားတွေကိုသယ်ဆောင်လာပုံကမလုံခြုံ ကြောင်းရေးသားခဲ့ပါတယ်။

၂၈ရက်နေ့ကကျင်းပခဲ့တဲ့မြန်မာ့ရွေးကောက်ပွဲကိုလာရောက်စောင့်ကြည့်သူတွေကတော့ရုရှ၊ ဘယ်လာရုစ်၊ကာဇက်ျစတန်၊ဗီယက်နမ်လိုတစ်နိုင်ငံမှာမှစစ်မှန်တဲ့ပါတီစုံအထွေထွေရွေးကောက်ပွဲမရှိတဲ့နိုင်ငံတွေပါ။ဒါပေမယ့်တရုတ်အတွက်တော့ပြဿနာမဟုတ်ပါဘူး။သူလိုချင်တာရပြီလိုထင်နေဟန်ရှိပါတယ်။လက်တွေ့ကတော့ဒီလောက်မလွယ်ကူလှပါဘူး။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့" စာသားကိုင်ဆွဲပြီး စစ်​ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၃၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက် နိုင်ရေး ရည်မှန်းချက်ပန်းတိုင်ကို ပြည်ထောင်စုရဲ့ မိသားစုတွေအားလုံး စုစည်းပြီး လက်တွဲညီညီ လျှောက်လှမ်းနိုင်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO) ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် တို့က ပြောကြားခဲ့ပြီး ဒီလို စုစည်းရာမှာ အထက်အောက်အတွေးအခေါ် ရိုက်သွင်းတာတွေကို နားမထောင်ဖို့...

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲဖြစ်စဥ်မှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုက အာဆီယံအခြေခံမူကို ထိပါးယုတ်လျော့စေတယ်လို့ အာဆီယံနဲ့ ဥရောပလွှတ်တော်အမတ် ၂၆ဦးက ဒီဇင်ဘာ ၂၉ရက်မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်​ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဒီဇင်ဘာ ၃၀) မှာလည်း ဆက်လက်ပြုလုပ်ခဲ့ပါတယ်။