DEE/People’s Spring
ထိုင်းရောက်မြန်မာလုပ်သားတချို့ ရမ်းကားတဲ့ဖြစ်ရပ်တွေအပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းနိုင်ငံတဝန်းမှာလူဖမ်းပွဲတွေစတင်နေပါပြီ။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက်ကနေ ၁၃ရက်အတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအပြီးမှာတော့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက နိုင်ငံအတွင်းမှာရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကြပ်မတ်စစ်ဆေးသွားမယ်လို့ ပြောဆိုလာတာပါ။ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် စုံချိုင် မော်လကွတ်စီဝမ်ကမြန်မာလုပ်သားတချို့ရဲ့ ဖြစ်ရပ်တွေအပြီး ဇန်နဝါရီ ၁၄ရက်မှာ ချက်ချင်းပြောဆိုတာ ဖြစ်ပါတယ်။
လူဖမ်းပွဲဆိုတာဟာ ထိုင်းအာဏာပိုင်အဖွဲ့စုံပါတဲ့အဖွဲ့က တောမောဝင်တယ်လို့ ခေါ်ပါတယ်။ အဖွဲ့စုံတောမောဝင်တယ်ဆိုတာ ထိုင်းနိုင်ငံရဲ့ စစ်တပ်၊ရဲတပ်ဖွဲ့၊လူဝင်မှုကြီးကြပ်ရေး(လဝက)စတဲ့ အားလုံးပါတဲ့အဖွဲ့ ဖြစ်ပါတယ်။

Public Service Announcement
အခုတခါ စစ်ဆေးရေးဝင်တာကတော့ အရင်လုပ်နေကြပုံစံတွေထက် ကြမ်းတမ်းပါတယ်။
မြန်မာလုပ်သားတွေအနေနဲ့ အထောက်အထားမရှိပဲ အလုပ်လုပ်ကိုင်တာ ၊ခွင့်ပြုချက်မရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်တာ စစ်ဆေးတွေ့ရှိရင် ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိဒဏ်ငွေချမှတ်ခံရမှာ ဖြစ်ပါတယ်။အဆိုးဆုံးကမိခင်နိုင်ငံကို နှင်ထုတ်ခံရမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် ၂ နှစ်အထိ တားမြစ်ခံရမှာလို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ တရားမဝင်ရွှေ့ပြောင်းနေထိုင်လာသူတွေ များပြားလာတဲ့အခါ ပန်းရောင်ကတ်(ဘတ်)လို့ ခေါ်တဲ့ အလုပ်လုပ်ကိုင်နေထိုင်ခွင့်အထောက်အထား ထုတ်ပေးလေ့ ရှိပါတယ်။ အဲဒီ ပန်းရောင်ကတ်ထုတ်ပေးတဲ့ကာလတွေဆို နိုင်ငံတဝန်း စစ်ဆေးရေးဝင်လေ့ရှိပါတယ်။
ဒါပေမယ့် အခု စစ်ဆေးရေးဝင်တာကမြန်မာစားသောက်ဆိုင်မှာဖြစ်ပွားတဲ့ နောက်ဆက်တွဲ ဂယက်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေသူတွေက သုံးသပ်ပါတယ်။
“ အခုက ကြမ်းတယ်။ဘာအခြေအနေမှ မဟုတ်ဘဲ မြန်မာတွေကို မျက်စေ့ဆံပင်မွှေးဆူးပြီး ဝင်တဲ့ သဘောပေါ့” လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်း(AAC)က ပြောပါတယ်။ လက်တလောမှာ ထိုင်းအာဏာပိုင်တွေ မြနမာလုပ်သားတွေနေထိုင်တဲ့ တန်းလျားတွေအထိပါ ဝင်ရောက်စစ်ဆေးနေတယ်လို့ ကိုရဲမင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ရက်မှာဖြစ်ပွားခဲ့တဲ့ထိုင်းနိုင်ငံ၊စမွတ်ပရာကန်ခရိုင်က မြန်မာစားသောက်ဆိုင်လုပ်သားတချို့က အစားအသောက် အိမ်အရောက်ပို့တဲ ထိုင်းဒလီသမားကို ရိုက်နှက်ခဲ့တာက စတာပါ။
စားသောက်ဆိုင်ထဲက မြန်မာတွေ အုပ်စုလိုက် တုတ်တွေနဲ့ ထွက်လာပြီး ဆိုင်ကယ်တွေကိုရိုက်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေကြား ပျံ့နှံ့ခဲ့ပြီး ဒေါသထွက်စေခဲ့ပါတယ်။
အဆိုပါရန်ပွဲအပေါ် ထိုင်းအမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေး(နာမည်ပြောင်)နဲ့အဖွဲ့သားတွေက ပါဝင်လာပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင်လှုံ့ဆော်ခဲ့လို့ ပြဿနာကြီးထွားခဲ့တာဖြစ်ပါတယ်။
နောက်ထပ်ဖြစ်ရပ်တစ်ခုက ဇန်နဝါရီ ၁၃ရက် မနက် ၃နာရီကျော်မှာ ထိုင်းနိုင်ငံ လာ့ငူးမြို့၊ ရပ်ကွက်(၆)က လမ်းမပေါ်မှာရှိတဲ့ ကားနဲ့ဆိုင်ကယ်တွေကို ဆေးကြောင်နေတဲ့ မြန်မာတစ်ဦးက လိုက်လံရိုက်နှက် ဖျက်ဆီးခဲ့တဲ့ဖြစ်စဥ်ပေါ်ပေါက်လာပြန်ပါတယ်။ လူတွေအိပ်မောကျနေတဲ့အချိန်မှာ ကားမဘေးမှာရပ်ထားတဲ့ ကားတွေနဲ့ ဆိုင်ကယ် ၂၀နီးပါးကို ဖျက်ဆီးခဲ့တာပါ။
ဒါ့အပြင် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာလည်း မြန်မာတွေအချင်းချင်း အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးရမ်းကားမှု ဖြစ်ခဲ့ပြန်ပါတယ်။ချွန်ဘူရီခရိုင်၊ ဖန်ထောင်မြို့၊ ဘန့်ကောင်လမ်းက Seven Eleven စတိုးဆိုင်ရှေ့မှာ ဇန်ဝါရီ ၁၃ရက် ညပိုင်းက ဖြစ်ပွားခဲ့တာပါ။
အဲဒီဖြစ်ရပ်တွေကြောင့်ထိုင်းလူမျိုးတွေကြားမြန်မာနိုင်ငံသားတွေအပေါ် အမုန်းစကားပိုပြောလာပြီးပြသာနာရှာသူတွေကိုထောင်ချပြီး မြန်မာနိုင်ငံကိုနှင်ချဖို့ပြောဆိုမှုတွေပိုများလာပါတယ်။
Khaosod သတင်းဌာနရဲ့ ထိုင်းဘာသာနဲ့ဖြန့်ချီတဲ့ဖေစ်ဘွတ်ခ်က မြန်မာသတင်းတွေရဲ့အောက်မှာ မြန်မာနိုင်ငံသားတွေအပေါ် ရေးသားတဲ့မှတ်ချက်တွေကိုကြည့်ရင် ထိုင်းနိုင်ငံသားတွေရဲ့အခုဖြစ်ရပ်တွေအပေါ် စိတ်ဆိုးဒေါသထွက်နေတာကိုအတိုင်းသားတွေ့ရပါတယ်။
ထိုင်းနှုတ်ခမ်းမွှေးကတော့ ထိုင်းရောက်မြန်မာတွေဟာ ထိုင်းလူမျိုးတွေရဲ့ အလုပ်တွေလုယူလုပ်နေတယ်လို့ စွပ်စွဲပြီး ထိုင်းလူမျိုးတွေက မြန်မာတွေကို ကြောက်နေရမယ့်ပုံစံဖြစ်နေတယ်လို့ လှုံ့ဆော်ပြောဆိုနေပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာတွေ စားသောက်ဆိုင်ဖွင့်တာဟာ ထိုင်းလူမျိုးတွေရဲ့ အလုပ်ကို လုယူနေတာလို့ နှုတ်ခမ်းမွှေးက ထိုင်းသတင်းဌာနတွေနဲ့ အင်တာဗျူးတွေမှာ ပြောဆိုထားပါတယ်။
ဒါဟာ ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့ မြန်မာလုပ်သားတွေအပေါ် ကြပ်မတ်စစ်ဆေးဖို့ အာဏာပိုင်တွေကို ဖိအားပေးနေတာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဖိအားပေးမှုရဲ့ နောက်ဆက်တွဲကတော့ အဖွဲ့စုံတောမောဝင်တာပါ။အဖွဲ့စုံပါတဲ့ တောမောဟာ အခုရက်ပိုင်းအတွင်း နေရာပေါင်းစုံမှာဝင်ပြီး စစ်ဆေးဖမ်းဆီးတာ ကြမ်းနေပါတယ်။
ဇန်နဝါရီ ၁၅ ရက်မှာ နွန်ထဘူရီခရိုင်ဘန်ဘွန်ထောင်မြို့နယ်က မြန်မာအလှပြင်ဆိုင် စစ်ဆေးခံရပြီး ဆိုင်ရှင် မြန်မာအမျိုးသမီးနဲ့ သင်တန်းသူ လေးဦး စုစုပေါင်း မြန်မာငါးဦးဟာ ကန့်သတ်ထားတဲ့ အလုပ်လုပ်ကိုင်တယ်ဆိုပြီး ဖမ်းဆီးခံလိုက်ရပါတယ်။
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကန့်သတ်ထားတဲ့ လုပ်ငန်း စုစုပေါင်း ၄၀ရှိပြီး ဒီထဲက အလုပ် ၂၇မျိုးကိုတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ (လုံးဝ)လုပ်ကိုင်ခွင့် မရှိပါဘူး။
ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေဟာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ အောက်ခြေကာယအလုပ်တွေကိုသာ လုပ်ကိုင်ခွင့်ရှိပြီး ဈေးရောင်းတာ၊ ဆိုင်ကယ်ကယ်ရီ အသုံးပြုပြီး ခရီးသည်တင်ပို့တာ၊ စားသောက်ကုန်လုပ်ငန်း၊ အလှပြင်ဆိုင်၊ ထိုင်းရိုးရာအနှိပ်စတဲ့ အလုပ်တွေကိုတော့ လုပ်ကိုင်ခွင့်မရှိပါဘူး။
ဇန်နဝါရီ ၁၅ရက်မှာဘဲ ချွန်ဘူရီခရိုင် စီရာချာမြို့နယ်မှာ ကန့်သတ်အလုပ် လုပ်ကိုင်မှုနဲ့ မြန်မာအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးသုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ဟာ နေအိမ်အောက်ထပ်မှာအလုပ်သမားစာရွက်စာတမ်း အကျိုးဆောင်လုပ်ငန်းနဲ့ အပေါ်ထပ်မှာ အလှပြင်ဆိုင်ဖွင့်ထားတာကြောင့် စစ်ဆေးဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ဒါ့အပြင် မကြာခဏစစ်ဆေးရေးဝင်လေ့ရှိတဲ့ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာလည်း တောမောဝင်နေပါတယ်။
မဲဆောက်မြို့မှာ အခုရက်သတ္တပတ်အတွင်း တရားမဝင်နေထိုင်တဲ့ မြန်မာ ၆၆ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ တာ့ချ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက အသိပေးထားပါတယ်။
“ ဘန်ကောက်က ဂယက်က မဲဆောက်မှာလည်း စနေပြီ။ အပြင်မထွက်ရဲတော့ဘူး” လို့ မဲဆောက်မြို့မှာ ရွှေ့ပြောင်းနေထိုင်နေတဲ့ အသက်(၄၀)အရွယ် မြန်မာတစ်ဦးကရင်ဖွင့်ပါတယ်။
မဲဆောက်မှာ ထိုင်းနိုင်ငံသား လေးသောင်းကျော်ရှိပြီး မြန်မာနိုင်ငံသား နှစ်သိန်းခွဲ ဝန်းကျင်ရှိတယ်လို့ The Deplomat သတင်းဌာနက ၂၀၂၅ မေလမှာဖော်ပြပါတယ်။ မြန်မာ နှစ်သိန်းခွဲထဲမှာ ဒုက္ခသည်တွေရော ၊ရွေ့ပြောင်းအလုပ်လုပ်သူတွေရော၊ နိုင်ငံရေးကြောင့်တိမ်းရှောင်နေရသူတွေ စသဖြင့်အကုန်ပါဝင်ပါတယ်။
၂၀၂၁ စစ်တပ်အာဏာမသိမ်းမီက ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းမြန်မာလုပ်သား ၃သန်းကျော်ရှိနေတယ်လို့ ရွှေ့ပြောင်းမြန်မာလုပ်သားအရေးကူညီနေသူတွေက သုံးသပ်ပါတယ်။ စစ်တပ်အာဏာသိမ်းအပြီးမှာတော့ နိုင်ငံရေးကြောင့် နေရပ်စွန့်ခွာလာသူတွေနဲ့ အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် ရွှေ့ပြောင်းလာသူတွေ များပြားလာပြီး စုစုပေါင်း ထိုင်းနိုင်ငံမှာ မြန်မာ ၁၀သန်းနီးပါးအထိ ရှိနေတယ်လို့ ဆိုပါတယ်။
နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်နည်းလမ်းနဲ့ ဝင်လာကြတဲ့ မြန်မာတွေ စစ်ဆေးဖမ်းခံရမှုမှာလည်း အခုရက်သတ္တပတ်အတွင်း အနည်းဆုံး မြန်မာ ၁၀၀ ထက်မနည်း ဖမ်းဆီးခံရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
လက်တလောအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေမှာ ပတ်သက်ခြင်းမပြုဖို့အပါအဝင် အချက် ၄ချက်လိုက်နာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဇန်နဝါရီ၁၄ရက် မှာပန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးရာ ကိစ္စရပ်တွေမှာ ပါဝင် ပတ်သက်ခြင်းမပြုကြဖို့၊ တရားဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှာမဆိုပါဝင်ပတ်သတ်ခြင်းမပြုဖို့၊ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဒေသန္တရစည်းကမ်းတွေကို လေးစားလိုက်နာဖို့၊ အိမ်ရှင်လူမှုအ
သိုင်းအဝိုင်းရဲ့ တန်ဘိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီသဟဇာတဖြစ်စွာ ယလိုက်လျောညီထွေနေထိုင်ကြဖို့ ဖော်ပြထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံစွန့်ခွာထွက်ပြေးကာ ခိုလှုံနေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက် လက်ခံပေးထားတဲ့ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူလူထုကိုလည်း အထူးပင် ကျေးဇူးတင်ကြောင်း NUGက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားလျက် ဆက်လက်ကူညီစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားနဲ့ မြန်မာတွေအကြား အမုန်းတရားကြီးထွားအောင် လှုံ့ဆော်တာနဲ့ လူမျိုးရေးပဋိပက္ခဖြစ်အောင် စတင်ခဲ့တာက ပြီးခဲ့တဲ့ သုံးလကျော်ကပါ။
မန္တလေးက ပျူစောထီးခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲမှာ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြိုတော်ဘန်ကောက်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီးမှာ စစ်အုပ်စုနဲ့ ပေါက်ကိုယ်တော်ပူးပေါင်းပြီးထိုင်းရောက်မြန်မာတွေကို ဒုက္ခပေးဖို့ကြံစည်ခဲ့ကြပါတယ်။
ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေကပြောခဲ့ကြပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် ဖော်ခဲ့ပါတယ်။
ဘယ်လိုပြသာနာရှာလဲဆိုရင် ပေါက်ကိုယ်တော်က ပျူစောထီးတွေထဲက သူ့လက်ရုံးလူမိုက်အချို့ကို ထိုင်းကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာခိုင်းတာ ဖြစ်ပါတယ်။
ပေါက်ကိုယ်တော်က ထိုင်းမှာပြဿနာရှာဖို့အတွက် သူရဲ့လူအချို့ကိုထိုင်းကိုစေလွှတ်ဖို့ စီစဉ်နေတာကို လူထုနွေဦးက ၂၀၂၅ နိုဝင်ဘာမှာ စုံစမ်းသိရှိခဲ့ပါတယ်။
ပေါက်ကိုယ်တော် တပည့်အဖြစ်ခံယူပြီး လူမိုက်လုပ်နေသူတွေဟာ အနေအစားချောင်လို့ လုပ်နေတဲ့သူတွေပဲလို့ သူက မှတ်ချက်ပေးပါတယ်။ ထိုင်းကိုသွားပြီး မြန်မာနေတာများတဲ့နေရာတွေမှာ ပြသာနာရှာဖို့ ပေါက်ကိုယ်တော်က သူ့တပည့်လူမိုက်တွေကို အသွားအပြန်စာရိတ်ငြိမ်းစေလွှတ်ပေးနေတာလို့စုံစမ်းသိရပါတယ်။
အဲဒီလိုပြသာနာရှာရင် ထိုင်းရောက်မြန််မာတွေကိုအိမ်ရှင်ထိုင်းနိုင်ငံသားတွေက မကြိုက်အောင် ၊မြန်မာတွေအနေကြပ်ပြီး ဒုက္ခရောက်အောင်၊ထိုင်းမှာမနေနိုင်အောင် ပေါက်ကိုယ်တော်ကတဆင့်စစ်တပ်ကကြံစည်နေတာဖြစ်ပါတယ်။
နှုတ်ခမ်းမွှေးနဲ့ စစ်တပ်လက်ကိုင်တုတ် ပေါက်ကိုယ်တော် ပေါင်းမိသွားတဲ့အတွက် ထိုင်းရောက်မြန်မာတွေ ပိုသတိထားပြီး နေထိုင်ကြရမယ်လို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကသတိပေးပါတယ်။ ဥပဒေနဲ့အညီ နေထိုင်ကြဖို့လည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပါတယ်။
ဒါအပြင် ထိုင်းရောက်မြန်မာလုပ်သားတွေအနေနဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို သတိထားစောင့်ကြည့်ကြဖို့လည်း ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေသူတွေက တိုက်တွန်းနေကြပါတယ်။
“ နောက်ဒီလိုမဖြစ်အောင်ကိုယ့်မြန်မာလုပ်သားတွေက အချင်းချင်းသတင်းပေးရမယ်။တားဆီးရမယ်။အချင်းချင်းဝိုင်းထိန်းရမယ်” လို့ ကိုရဲမင်းက ပြောပါတယ်။ ။





















































