အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ အနောက်ကမ္ဘာခြမ်းကို ကြီးစိုးဖို့ဖြစ်ကြောင်း ပိုပြီး သိသာ ထင်ရှားလာပါတယ်။ အဲဒီ အခြေအနေက ကမ္ဘာ့အရှေ့ခြမ်းနဲ့ အာရှရဲ့ နိုင်ငံတကာရေးရာ အခင်းအကျင်းတွေအပေါ် သက်ရောက် ပြောင်းလဲမှုတွေ ရှိလာစေပါလိမ့်မယ်။
လဆန်းပိုင်းတုန်းက ထရမ့်ရဲ့ အမိန့်အရ အမေရိကန် စစ်တပ်ဟာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲပြီး ဗင်နီဇွဲလား နိုင်ငံ ပိုင်နက်ထဲမှာ သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ တစ်ကမ္ဘာလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့တဲ့ အဲဒီလုပ်ရပ်ဟာ အမေရိကန်ရဲ့ ခါးသီးပြိုင်ဘက် တရုတ်အတွက် အကျိုးများစေနိုင်သလို အာရှတိုက်မှာ ရှိနေတဲ့ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေအတွက် စိတ်ရှုပ်ထွေးစရာတွေ၊ မရေရာတာတွေ ကြုံလာစေလိမ့်မယ်လို့ နိုင်ငံတကာအရေး စောင့်ကြည့် အကဲခတ်သူ တချို့က သတိပေးခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ပူဆန်အမျိုးသား တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ရောဘတ် ကယ်လီဟာ အဲဒီ အယူအဆကို လက်ခံထားတဲ့ ပညာရှင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။ အမေရိကန်ဟာ မာဒူရိုကို နိုင်ငံပိုင်နက်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီးတဲ့နောက် နယူးယောက်မြို့မှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ တရားစီရင် စစ်ဆေးဖို့ ပြင်ဆင်နေပါပြီ။ ဗင်နီဇွဲလားမှာ အမေရိကန် ဘာလုပ်ခဲ့သလဲ ဆိုတာဟာ ကမ္ဘာ့အရှေ့ဖျားက အငြင်းပွားမှုတွေမှာ အင်အားသုံးဖို့ တရုတ်က ဆုံးဖြတ်တဲ့အခါ ဆင်ခြေပေးဖို့ အကောင်းဆုံး နမူနာမျိုး ဖြစ်လာလိမ့်မယ်လို့ ကယ်လီက ဆိုပါတယ်။
၂၀၂၆ ခုနှစ်ထဲ စတင်ချဉ်းနင်း ဝင်ရောက်လာချိန် ကတည်းက ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေဟာ ဘီလူးဆိုင်းတီးပြီး ပွဲထွက်လာပါတယ်။ အမေရိကန်ရဲ့ အစဉ်အလာ စံတန်ဖိုးတွေဖြစ်တဲ့ ဒီမိုကရေစီ တင်ပို့ဖြန့်ဖြူးရေးနဲ့ လူ့အခွင့်အရေးကို စောင့်ရှောက်ရေး ဆိုတာတွေကို ထရမ့်က အတိအလင်း မျက်ကွယ်ပြုထားလိုက်ပါတယ်။ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက်ဆိုရင် မဟာမိတ်တွေ အပေါ်မှာတောင် စည်းဖောက်မယ့် သဘောမျိုးတွေ အတိအလင်း ပြသလာပါတယ်။ မာဒူရိုကို ဝင်ဖမ်းခဲ့တာဟာ ဗင်နီဇွဲလား သမ္မတက အာဏာရှင်တစ်ဦး ဖြစ်နေလို့ မဟုတ်ဘဲ ကမ္ဘာပေါ်မှာ ရေနံအထွက်ဆုံး နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားရဲ့ ရေနံသယံဇာတ အားလုံးကို လက်ဝါးကြီး အုပ်ချင်လို့သာ ဖြစ်တယ်ဆိုတာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်ရဲ့ စီမံလှုပ်ရှားမှုတွေကို ကြည့်ရုံနဲ့ လွယ်လွယ်လေး သိနိုင်ပါတယ်။ ဒါ့အပြင် NATO စစ်မဟာမိတ် အဖွဲ့ဝင် ဒိန်းမတ်နိုင်ငံရဲ့ ပိုင်နက်ဖြစ်တဲ့ ဂရင်းလန်ကျွန်းကိုလည်း အမေရိကန်ဆီ လက်လွှဲပေးဖို့ ထရမ့်က ဖိအားပေးနေပြီး အဲဒီ ရည်ရွယ်ချက် ပြည့်အောင် အနုနည်းရော၊ အကြမ်းနည်းပါ သုံးမယ်လို့ ပြောထားပါတယ်။ အဓိပ္ပါယ်ကတော့ လိုချင်တာကို ရဖို့အတွက် မဟာမိတ် အချင်းချင်းတောင် အထာမထားဘဲ စစ်အင်အား ထုတ်သုံးပြီး အနိုင်အထက် လုယူနိုင်ခြေ ရှိနေတယ် ဆိုတာမျိုး ခြိမ်းခြောက်ထားတာပါ။ တကယ်သာ ဂရင်းလန်အတွက် အမေရိကန်က ဒိန်းမတ်ကို စစ်တိုက်မယ်ဆိုရင် NATO အဖွဲ့လည်း ပျက်သွားပါလိမ့်မယ်။

Public Service Announcement
ထရမ့်စိတ်တိုင်းကျ မွှေနှောက်လို့ အနောက်ကမ္ဘာမှာ ဂယက်တွေ ထနေတာကို ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အား အတောင့်ဆုံး စူပါပါဝါ နိုင်ငံလည်းဖြစ်၊ ထရမ့်က ခါးသီးပြိုင်ဘက်လို့ တင်းတင်းမာမာ ယူဆခြင်း ခံထားရတဲ့ ပစ်မှတ်လည်းဖြစ်တဲ့ တရုတ်ကတော့ မြိန်မြိန်ယှက်ယှက်ကြီး အရသာခံ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ အမေရိကန်အပေါ် အများကြီး မှီခိုနေရတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေဟာ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ သိသိသာသာ စတင် ပြောင်းလဲလာပြီး အဲဒါကလည်း တရုတ်ကို အကျိုးများစေမယ့် အခြေအနေတွေ ဖြစ်နေပါတယ်။ ထရမ့်က အနောက်ကမ္ဘာခြမ်းနဲ့ အမေရိက ရပ်ဝန်း တစ်ခုလုံးကို ကြီးစိုးနိုင်ဖို့ ပိုပြီး အာရုံစိုက်လေလေ၊ တရုတ်က ကမ္ဘာ့အရှေ့ခြမ်းမှာ ပိုပြီး အချုပ်အနှောင်ကင်းကင်း ခြယ်လှယ်နိုင်လေလေဆိုတာ ဘေဂျင်းမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေ သဘောပေါက်ထားကြပါတယ်။ ဒီတော့ တရုတ်ရဲ့ ဒေသတွင်း ပြိုင်ဘက်တွေ အတွက်တော့ ပိုပြီး မျက်ခုံးလှုပ်လာရမှာ ဖြစ်သလို အိပ်ရေးပျက်တဲ့ ညတွေလည်း များလာနိုင်ပါတယ်။
အာရှတိုက်ရဲ့ လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံတွေဟာ တရုတ်က အကဲစမ်းလာမှာတွေကို ကိုင်တွယ်နိုင်စွမ်း လုံလုံလောက်လောက် မရှိသေးပါဘူး။ ဒီမိုကရေစီ ဘိုးအေလို့ ဆိုနိုင်တဲ့ အမေရိကန် နိုင်ငံရဲ့ ခေါင်းဆောင် ကိုယ်တိုင်က ဒီမိုကရေစီကို ကျောခိုင်း မျက်ကွယ်ပြုလိုက်တဲ့အခါ အခြေအနေတွေက ပိုပြီး အန္တရာယ်ကြီးလာပါတယ်။ အဲဒီ အရွေ့မှာ ချွေးအပြန်ဆုံး ဖြစ်မယ့်နိုင်ငံကတော့ ထိုင်ဝမ်ပါပဲ။
အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ထိုင်ဝမ် အစိုးရက သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်လိုပေမယ့် တရုတ်ကတော့ ရေလက်ကြား တစ်ခုသာခြားပြီး တည်ရှိတဲ့ ကျွန်းနိုင်ငံကို ပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။ ပြီးတော့ လိုအပ်လာရင် စစ်ရေးအရ တိုက်ခိုက် သိမ်းယူနိုင်ခြေ ရှိတယ်လို့လည်း လူသိရှင်ကြား ခြိမ်းခြောက်ထားပါတယ်။ တရုတ်ဟာ ၂၀၂၅ နှစ်အကုန်မှာ ထိုင်ဝမ်ကျွန်းကို အင်အားအလုံးအရင်းနဲ့ ဝန်းရံပိတ်ဆို့တဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းထဲမှာတော့ တရုတ်လက်အောက် ထိုင်ဝမ် ပြန်လည် ပေါင်းစည်းရေးကို ဘယ်အရာကမှ တားနိုင်မှာ မဟုတ်ဘူးလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ကြုံးဝါးသွားပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်တတ်တာ အသစ်အဆန်းကိစ္စ မဟုတ်ပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ တရုတ်ရဲ့ ရန်လိုမှုက ပိုပြီး ထင်ရှားမြင်သာလာပါတယ်။ တရုတ်ရဲ့ စစ်ရေးစွမ်းရည် တည်ဆောက်မှုတွေကလည်း ထိုင်ဝမ်မှာ ကမ်းတက်စစ်ပွဲ ဆင်နွှဲဖို့ အလေးပေး ပြင်ဆင်လာတာမျိုး ဖြစ်နေကြောင်း ထောက်ပြမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကို လက်တွေ့ တိုက်ခိုက်ဖို့ဆိုရင် တရုတ်မှာ ပြန်ချိန်ဆ စဉ်းစားရမယ့် တခြားပြဿနာတွေ ရှိနေပြန်ပါတယ်။ ကျူးကျော်စစ်ပွဲ ဆင်နွှဲဖူးတဲ့ အတွေ့အကြုံ မရှိတာမျိုး၊ တရုတ် စစ်လက်နက်တွေက လက်တွေ့ စစ်ပွဲတွေမှာ မှတ်ကျောက် အတင်မခံရသေးတာမျိုး အခြေအနေတွေ ရှိနေတဲ့အပြင် ထိုင်ဝမ်ကို တိုက်တဲ့အခါ ထိုင်ဝမ်ရဲ့ မဟာမိတ် အမေရိကန်က ဘယ်လောက် အတိုင်းအတာနဲ့ တုံ့ပြန်လာမလဲ ဆိုတာကိုလည်း မဖြစ်မနေ တွက်ဆဖို့ လိုပါတယ်။
ဒါပေမဲ့ အနောက်ကမ္ဘာခြမ်းမှာ အင်အားသုံးပြီး ဩဇာဖြန့်ကျက်ရေးကိုပဲ အရမ်းအာရုံစိုက်နေတဲ့ ထရမ့်လို သမ္မတမျိုး အမေရိကန်မှာ အာဏာရနေတဲ့အခါ တရုတ်အတွက် ရတနာပုံ ဆိုက်တာပါပဲ။ ထရမ့်ရဲ့ လုပ်ရပ်တွေက အမေရိကန်နဲ့ အစဉ်အလာ မဟာမိတ်တွေကြားက ဆက်ဆံရေးမှာပါ ပပ်ကြားတွေ အက်လာစေပါတယ်။ ဒီတော့ ကမ္ဘာ့အရှေ့ပိုင်းမှာ တရုတ်ဩဇာ ဖြန့်ကျက် လွှမ်းခြုံလာနိုင်မှုတွေကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တားဆီးဖို့ ကြံရွယ်ထားတဲ့ အမေရိကန်ရဲ့ စီမံကိန်းတွေမှာပါ ကျိန်းသေပေါက် ထိခိုက်လာမှာ ဖြစ်ပါတယ်။
ထရမ့်ကိုယ်တိုင်ကလည်း ထိုင်ဝမ်ဆီ အမေရိကန် စစ်လက်နက်တွေ ဆက်ပြီး ရောင်းချပေးဖို့ မီးစိမ်းပြထားပေမယ့် ထိုင်ဝမ်ကို တရုတ်က အမှန်တကယ် တိုက်ခိုက်လာမယ် ဆိုရင်တော့ စစ်ရေးအရ ဝင်စွက်ဖက်မယ့် အလားအလာ မရှိပါဘူး။ ထရမ့်ဟာ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် တရုတ်နဲ့ တိုက်ရိုက် စစ်ရေးတင်းမာမယ့် အခြေအနေကို ရှောင်ပါလိမ့်မယ်။ အမေရိကန်ရဲ့ တိုက်ရိုက် အကျိုးစီးပွား မပါဘဲ အမေရိကန် စစ်တပ်ကို သူက အနာခံမှာ မဟုတ်ပါဘူး။ နောက်ပြီး တရုတ်နဲ့ အမေရိကန်တို့ကြား လူမြင်ကွင်း နောက်ကွယ်မှာ ဘယ်လို ဆွေးနွေး သဘောတူညီမှုတွေ ရှိနေမလဲ ဆိုတာကိုလည်း မသိနိုင်ပါဘူး။ မြင်သာတဲ့ အချက်တစ်ချက်က တရုတ်-အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွေ၊ ဥပမာ ထရမ့်နဲ့ ရှီတို့ အောက်တိုဘာ လကုန်ပိုင်းတုန်းက တောင်ကိုရီးယားမှာ လူချင်းတွေ့ခဲ့တဲ့ အချိန်မျိုးတွေမှာ ထိုင်ဝမ်အရေးဟာ အံ့ဩစရာ ကောင်းလောက်အောင် ချောင်ထိုးခံလာရပါတယ်။
အမေရိကန်ရဲ့၊ တစ်နည်းအားဖြင့် ထရမ့်ရဲ့ အာရုံက အနောက်ကမ္ဘာခြမ်းဆီ သိသိသာသာ ယိမ်းသွားတဲ့အခါ အရှေ့အာရှမှာ အမေရိကန်ကို အားကိုးရင်း တရုတ်ကို စိန်ခေါ် ရပ်တည်နေခဲ့တဲ့ မဟာမိတ်တွေ အတွက်လည်း ဘယ်လို အခြေအနေတွေနဲ့ ရှေ့ဆက်ရမလဲ ဆိုတာကို ပြန်သုံးသပ်လာရပါတယ်။ ကမ္ဘာ့သမိုင်းမှာ အနုမြူလက်နက်ဒဏ်ကို လက်တွေ့ ခံစားခဲ့ရဖူးတဲ့ ဂျပန်ဟာ အဲဒီ ဖျက်အားပြင်း လက်နက်တွေအပေါ် မုန်းတီးနာကြည်းနေခဲ့တဲ့ စိတ်ခံစားချက်ကို ဖယ်ထားပြီး နျူကလီးယား လက်နက်တွေ ကိုယ်တိုင် ပိုင်ဆိုင်သင့်ကြောင်း လေသံပြောင်းလာပါတယ်။ တရုတ်နဲ့ ဂျပန်တို့ဟာ လောလောဆယ်မှာ ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေပြီး အမေရိကန်ကိုလည်း အားမကိုးရတော့ဘူးဆိုရင် ကိုယ်ပိုင် နျူကလီးယား လက်နက်တွေ ရှိနေခြင်းကသာ အချုပ်အခြာ အာဏာ လုံခြုံရေးအတွက် အာမခံချက် ရှိမယ်လို့ ဂျပန်က စပြီးယူဆလာပါတယ်။
တောင်ကိုရီးယားကတော့ ‘ပြိုင်ဘက်ကို မနိုင်ရင် သူတို့နဲ့ ပူးပေါင်းလိုက်ပါ’ဆိုတဲ့ ဆိုရိုးကို ပိုပြီး သဘောတွေ့နေပုံ ရပါတယ်။ ခန့်မှန်းရခက်တဲ့ ထရမ့်ရဲ့ စိတ်အခြေအနေတွေနဲ့ ကိုက်ညီအောင် ကိုင်တွယ်မှု တစ်ခုအဖြစ် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ တရုတ်နဲ့ ဆက်ဆံရေးကို ခပ်မြန်မြန် မြှင့်တင်ဖို့ ကြိုးစားလာပါတယ်။ ဗင်နီဇွဲလား သမ္မတကို အမေရိကန်တပ်တွေ ဝင်ဖမ်းခဲ့ပြီး ၂ ရက်အကြာ၊ ဇန်နဝါရီ ၅ ရက်နေ့မှာ လီဟာ ဘေဂျင်းကို ရောက်ရှိခဲ့ပြီး ရှီနဲ့ လက်ဆွဲနှုတ်ဆက်နေပါတယ်။ သူတို့နှစ်ဦးဟာ နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ လီဟာ တစ်ဖက်မှာလည်း ထရမ့်နဲ့ မိတ်အပျက် မခံခဲ့ပါဘူး။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက တောင်ကိုရီးယားကို အစည်းအဝေးတက်ဖို့ ရောက်လာတဲ့ ထရမ့်ကို သည်းခြေကြိုက် ဖြစ်စေမယ့် အခင်းအကျင်းတွေနဲ့ ကြိုဆိုခဲ့သလို အမေရိကန် အစိုးရအဆက်ဆက် ငြင်းဆန်နေခဲ့တဲ့ တောင်ကိုရီးယားမှာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ပိုင်ဆိုင်ရေးကိစ္စကို ထရမ့်က ခေါင်းညှိတ်လာအောင် စည်းရုံးနိုင်ခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ တစ်ဖက်ဖက်ကို ပြေးကပ်တာထက် တရုတ်နဲ့ အမေရိကန်ကြားမှာ ဟန်ချက်ညီညီ ခြံစည်းရိုး ခွထိုင်နေတာက ပိုပြီး လက်တွေ့ကျတဲ့ ရွေးချယ်မှုလို့ လီက ယူဆထားပုံ ပေါ်ပါတယ်။
အမေရိကန်ရဲ့ စစ်ရေး မဟာမိတ်ဖြစ်ပြီး တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားမှု ပြဿနာတွေ ရှိနေတဲ့ ဖိလစ်ပိုင်လို နိုင်ငံမျိုးတွေ အတွက်လည်း လက်ရှိ အနေအထားတွေက ပျော်စရာ မကောင်းပါဘူး။ တရုတ်ဟာ ထိုင်ဝမ်ဖက်ကို လောလောဆယ် မြားဦးလှည့်နေပေမယ့် တောင်တရုတ်ပင်လယ်ထဲက ကျွန်းစုတွေ ပိုင်ဆိုင်ရေးကိစ္စအတွက် ဖိလစ်ပိုင်နဲ့ ရှိရင်းစွဲ အငြင်းပွားနေမှုတွေကလည်း အချိန်မရွေး ဒီဂရီ တိုးလာနိုင်ပါတယ်။ အဲဒီကိစ္စမျိုး ကြုံလာရင် အရင်လို အမေရိကန်ကို အားကိုးဖို့ ဖြစ်နိုင်ပါ့မလား ဆိုတာလည်း ဖိလစ်ပိုင်အတွက် မသေချာတော့ပါဘူး။
အရေးကြီးတဲ့ မေးခွန်းက တရုတ်ဟာ အာရှဖက်မှာ ခပ်မြန်မြန် ဩဇာဖြန့်ကျက်လာဖို့ ကြိုးစားရင်၊ အဲဒီဒဏ်ကို အမေရိကန် မဟာမိတ်တွေ သက်ရောက် ခံစားလာရရင် ထရမ့်က ဂရုတစိုက် ရှိပါ့မလား ဆိုတာပါပဲ။ မဟာဗျူဟာ ရှုထောင့်အရတော့ ထရမ့်ဟာ တရုတ်ရဲ့ ခြေလှမ်းတွေကို ဟန့်တားဖို့ အမြဲတမ်း ကြိုးစားနေမှာပါ။ ဒါပေမဲ့ ဘယ်အပိုင်းကို အလေးထားမလဲ၊ ပြီးတော့ အမေရိကန်ရဲ့ တိုက်ရိုက် အကျိုးစီးပွားနဲ့ အရောယှက်ခံပြီး စွက်ဖက်မလားဆိုတဲ့ မေးခွန်းတွေကတော့ သီးခြားစဉ်းစားရမယ့် ရှုထောင့်တွေ ဖြစ်ပါတယ်။
တစ်ခုထည့်တွေးရမှာက အမေရိကန်ဟာ ထရမ့်ပစ်မှတ်ထားနေတဲ့ ရပ်ဝန်းမှာ ကြီးကြီးမားမား ဩဇာ သက်ရောက်ထားပြီး ဖြစ်ပါတယ်။ ဗင်နီဇွဲလားကို ဦးချိုးထားလိုက်ပြီ ဖြစ်သလို ကျူးဘားကလည်း ဗင်နီဇွဲလားဆီက အထောက်အပံ့ မရရင် ရပ်တန်ဖို့ အလိုလို ခက်သွားပါပြီ။ မက္ကဆီကိုနဲ့ ကိုလံဘီယာတို့လို နိုင်ငံတွေဟာ အမေရိကန်ကို တိုက်ရိုက် အာမခံရဲပါဘူး။ ဘရာဇီးလည်း စီးပွားရေးနဲ့ ကုန်သွယ်ရေးအရ ထရမ့်ကို မျက်စိနောက်အောင် လုပ်နေတာတွေကို ပြန်သုံးသပ်လာမယ့်သဘော ရှိနေပါတယ်။ ဂရင်းလန် ကျွန်းဆိုတာလည်း ထရမ့်က မဖြစ်မနေ အပိုင်ရမှ ဖြစ်မယ်လို့ တတွတ်တွတ် ပြောနေပေမယ့် အမေရိကန် စစ်စခန်းတစ်ခု အခြေစိုက်ခွင့် ရထားပြီးသား နယ်မြေပါ။ အဲဒီ စစ်စခန်းကို စိတ်တိုင်းကျ ချဲ့ထွင်ခွင့်၊ တပ်အင်အား တိုးမြှင့်ခွင့်တွေကို ဒိန်းမတ် အစိုးရက လိုက်လျောပေးထားပြီး ဖြစ်ပါတယ်။
ဒီတော့ အာရှမဟာမိတ်တွေ အနေနဲ့ မရဲတရဲ ဆုပ်ကိုင်ထားရမှာက ထရမ့်ဟာ အနောက်ကမ္ဘာခြမ်းဖက် အရမ်းအာရုံစိုက်နေရင်တောင် သူတို့ကို လုံးလုံးလျားလျားတော့ မျက်ကွယ်ပြုမသွားလောက်ဘူးဆိုတဲ့ မျှော်လင့်ချက်ပါပဲ။ တကယ်တမ်း အရေးကြီးနေတဲ့ ပြဿနာက အမေရိကန်နဲ့အတူ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်တို့လို နိုင်ငံတွေက တစုတစည်းတည်း လက်ခံထားတဲ့ လစ်ဘရယ် ဒီမိုကရေစီ စံတန်ဖိုးတွေဟာ ခက်ခဲကြမ်းတမ်းနေတဲ့ လက်ရှိကာလမျိုးမှာ ကြံ့ကြံ့ခံ ဖြတ်သန်းနိုင်ဦးမလား ဆိုတာပါပဲ။ တရုတ်ဟာ အာရှရဲ့ ဒီမိုကရေစီ ထွန်းကားမှုကို စက်ဆုပ်ပါတယ်။ အမေရိကန်ကလည်း ထရမ့်လက်ထက်မှာ ဒီမိုကရေစီထက် အကျိုးစီးပွားကို ဦးစားပေးတဲ့ စူပါပါဝါနိုင်ငံ ဖြစ်လာနေပါပြီ။
ထရမ့်ရဲ့ အမျိုးသား အကျိုးစီးပွား ဦးထိပ်ထားရေး မူဝါဒတွေဟာ မဟာမိတ်တွေရဲ့ စိတ်လုံခြုံမှုကို ထိခိုက်လာစေတဲ့အပြင် မဟာမိတ်တွေကိုပါ အချိန်မရွေး ရန်လို ပစ်မှတ်ထားလာနိုင်တယ်ဆိုတဲ့ ကြောက်စရာ အရှိတရားအသစ် တစ်ခုကိုပါ ယူဆောင်လာပေးပါတယ်။ အမေရိကန်နဲ့ အရှေ့အာရှ မဟာမိတ်တွေကြား သွေးကွဲစေရေးဆိုတာ တရုတ်က နှစ်ရှည်လများ လိုလားနေတဲ့၊ ကြံစည်အားထုတ်နေတဲ့ ကိစ္စမျိုးပါ။ အခုတော့ တရုတ်ကိုယ်တိုင် ဝင်မွှေနေစရာ မလိုဘဲ ထရမ့်က အဲဒီလက်ဆောင်ကို အိမ်တိုင်ရာရောက် ယူလာပေးနေသလိုပါပဲ။
ထရမ့်ကတော့ အနောက်ကမ္ဘာခြမ်းကို လွှမ်းမိုးဖို့ သူ့ရဲ့ စိုင်းပြင်းနေမှုဟာ တရုတ်နဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ဘယ်လိုမှ သက်ရောက်မှု ရှိစေမှာ မဟုတ်ဘူးလို့ပဲ ပြောပါလိမ့်မယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ လမ်းစဉ်မျိုး အရှေ့ကမ္ဘာခြမ်းမှာ တရုတ်လည်း လိုက်ကျင့်သုံးဖို့ သွယ်ဝိုက်ပြီး တွန်းအားပေးသလို ဖြစ်လာတာကိုတော့ သံသယရှိနေဖို့ မလိုပါဘူး။

















































