close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ ကျန်ရှိနေသေးတဲ့ မြို့တွေကိုသိမ်းနိုင်ဖို့ အတွက်လည်း ကျနော်တို့မှာ အစီအစဉ်တွေလုပ်နေတာရှိပါတယ်”

ချင်းပြည်နယ်တောင်ပိုင်းက ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်၊ CDF-ကန်ပက်လက်၊ CDF မတူပီသုံးဖွဲနဲ့ CDF ဒိုင်ရ်တိုကို စုစည်းပြီး ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူတပ်မတော်(CPU/CPA)ကို ၂၀၂၅ နိုဝင်ဘာ၁၅ရက်မှာဖွဲ့စည်းလိုက်ပါတယ်။

(ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူတပ်မတော်(CPU/CPA)CDF-မင်းတပ်၊CDF ကန်ပက်လက်၊CDF-မတူပီ၊CDF ဒိုင်ရ် တပ်ဖွဲ့ဝင်များ)

-ချင်းညီနောင်အဖွဲ့ဝင် ချင်းတောင်ပိုင်းတပ်

CPU/CPA တာဝန်ရှိသူတွေနဲ့မေးမြန်းချက်

ချင်းပြည်နယ်တောင်ပိုင်းက ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်၊ CDF-ကန်ပက်လက်၊ CDF မတူပီသုံးဖွဲနဲ့ CDF ဒိုင်ရ်တိုကို စုစည်းပြီး ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူတပ်မတော်(CPU/CPA)ကို ၂၀၂၅ နိုဝင်ဘာ၁၅ရက်မှာဖွဲ့စည်းလိုက်ပါတယ်။အဲဒီလိုချင်းတောင်ပိုင်းတပ်တွေ စုဖွဲ့နိုင်ခဲ့မှုနဲ့ပတ်သက်ပြီး အဖွဲရဲ့ သဘောထားတွေကို ၂၀၂၆ ဇန်နဝါရီ ၁၅ရက်ညပိုင်းမှာ သတင်းစာရှင်းလင်းခဲ့ရာ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ People’s Spring က မေးမြန်းခဲ့တာအပေါ် CPU/CPA သတင်းပြန်ကြားရေး တာဝန်ရှိသူတွေ ကပြန်လည်ဖြေကြားခဲ့တာတွေကို စုစည်းဖော်ပြ​လိုက်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ CPU/CPA ဒုဥက္ကဋ္ဌ (၃) ဖြစ်သူ သတင်းပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းအောင်မင်းနဲ့ CPU/CPA အထွေထွေအတွင်းရေးမှူးဆလိုင်းယောမာန် အပါအဝင် အဖွဲ့တာဝန်ရှိသူတွေ ဖြေကြားခဲ့တာတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

-သက်ဝေ/People’s Spring

Public Service Announcement

Public Service Announcement

မေး-CPU/CPA စုဖွဲ့လိုက်တဲ့အကြောင်းအရင်း ရှင်းပြပေးပါလား။ အခုလို စုဖွဲ့လိုက်တော့ အရင်ရှိထားတဲ့ ဥပမာ CDF မင်းတပ်တို့လို စစ်ရေး အုပ်ချုပ်ရေး စုဖွဲ့မှုတွေကို ဘယ်လိုပုံစံ ဘယ်လိုအမည်နဲ့လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ-CPU/CPA သွားမယ့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စတွေက CPU/CPA ရဲ့ ဦးဆောင်မှုအောက်မှာ သွားပါတယ်။တပ်ကတော့ CPA ရဲ့ကွပ်ကဲမှုအောက်မှာ သွားမှာ ဖြစ်တယ်။…။ ကျနော်တို့ကတော့မင်းတပ်ပအဖလိုမျိုး၊ကန်ပက်လက်မြို့နယ်ကောင်စီ၊ CDF မတူပီ အဲဒါတွေ အကုန်လုံးကတော့ ပြန် ရှိတော့မှာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးဆိုလည်း CPU ရဲ့ အုပ်ချုပ်ရေးပဲရှိပါလိမ့်မယ်။ တရားရေးဆိုလည်းCPU ရဲ့တရားရေးပဲ ရှိပါလိမ့်မယ်။ကျန်းမာရေး ပညာရေးကအစ CPU ရဲ့ ကျန်းမာရေး ပညာရေး ဌာနလည်ပတ်ပုံနဲ့ သွားကြမှာဖြစ်တယ်။

မေး-မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းက လွတ်မြောက်ဒေသ ဖြစ်တာ တနှစ်ကျော်ခဲ့ပြီ။ ပြီးခဲ့တဲ့ တနှစ်အတွင်း အားသာချက် အားနည်းချက်တွေကိုပြောပြပေးပါလား။

​ဖြေ-ချင်းတောင်ပိုင်းဒေသကလွတ်မြောက်တာတနှစ်ကျော်ပါပြီ။အားနည်းချက်၊အားသာချက်ပြောရမယ်ဆိုရင်ကျနော်တို့မှာ ဒေသတွင်း ပြည်သူ့ဝန်ဆောင်မှု ပေးတဲ့နေရာမှာ အခက်အခဲ အများကြီးရှိပါတယ်။ အဓိကတော့ လုံခြုံမှုပေါ့။ စစ်ကောင်စီက မနားတမ်းဗုံးတွေတောက်လျှောက်ကြဲနေတဲ့အတွက်ကြောင့် ကျနော်တို့မှာ လူမှုဘ၀တွေ ပြန်မလည်ပတ်နိုင်တာရှိပါတယ်။ စာသင်ကျောင်းတွေ ကောင်းကောင်းမလည်ပတ်နိုင်တာရှိတယ်။ စျေးဆိုင်တွေ မဖွင့်နိုင်တာရှိတယ်။ ဆေးရုံတွေ ဘုရားကျောင်းတွေ ဘုန်းကြီးကျောင်းတွေက အစ ဗုံးကြဲခံရတဲ့အတွက်ကြောင့်ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင်တဲ့ အပိုင်းတွေရှိပါတယ်။ အဲဒါတွေကတော့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင်တာပေါ့နော်။ မြေပြင် စစ်ကြောင်းထိုးမှုတွေကတော့ဘာမှ စိုးရိမ်စရာမရှိတော့ဘူး။ပြည်သူတွေ အနေနဲ့တော့ စိုးရိမ်စရာ မရှိတော့ဘူးဖြစ်တယ်။ လေကြောင်းတွေကြောင့် ခက်ခဲတာတွေ အများကြီးရှိတယ်။ ပြီးတော့ ကုန်သွယ်ရေး လမ်းတွေ မြေပြိုတာတွေရှိတယ်။ မိုးများလို့သော်လည်းကောင်း ရေကြီးလို့ လယ်တွေပျက်တာရှိတယ် မိုးများလို့ လမ်းတွေ ပြိုတာရှိတဲ့အခါကျရင် ကျနော်တို့အနေနဲ့ ပြင်ဆင်ဖို့ ခက်ခဲတာပေါ့နော်။အောက်ပြည်အောက်ရွာနဲ့ ကုန်စည်စီးဆင်းမှု ခက်ခဲတာပေါ့လေ။ ဒါပေမဲ့ တဖက်မှာတော့ ကျောင်းတွေဖွင့်နိုင်တယ်။ဆေးရုံဆေးခန်းတွေ အဲဒီလိုမျိုး ကာကွယ်ဆေးထိုးတာတွေက အစ ကျနော်တို့ လုပ်နိုင်တာရှိတယ်။

မေး-ဒေသခံတွေရဲ့ပြောပြချက်အရ မင်းတပ်ဘက်မှာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ပြည်သူလူထု အပေါ် မချေမငံ ဆက်ဆံမှုအချို့ရှိနေတယ်လို့ ပြောပါတယ်။ ဆိုလိုတာက စစ်တပ်မှာလိုအမိန့်နဲ့ လုပ်တာတွေထက် လူထုနဲ့ ဆက်ဆံတဲ့အခါ အတက်နိုင်ဆုံး ပြေပြေလည်လည် ဖြစ်အောင် လုပ်ပေးဖို့ ဒေသခံတွေက သဘောထားရှိတော့ ဒီလိုမျိုးဖြစ်စဉ်တွေ တကယ်ရှိပါသလား။ ရှိခဲ့တယ်ဆိုရင် ပြည်သူအပေါ် ပိုကောင်းမွန်တဲ့ ဆက်ဆံ​ရေး လုပ်ဖို့ဘယ်လိုပြောလိုပါသလဲ။

ဖြေ-စစ်ဘက်ဆိုင်ရာနဲ့ ပြည်သူတွေ နည်းနည်း တချို့ ပွတ်တိုက်မှုလေးတွေရှိတယ်။ဒါပေမဲ့ ကျနော်တို့ဘက်မှာ Rule of Lawအပြည့်အ၀ရှိတယ်။ အုပ်ချုပ်ရေးတွေသည်လာဘ်ပေးလာဘ်ယူမှု လုံး၀မရှိတဲ့ ကျနော်တို့မှာ Procedure ကျအောင်လုပ်ဖို့ အခက်အခဲစိန်ခေါ်မှုတွေအများကြီးရှိသေးတယ်ဆိုပေမယ့် ကျနော်တို့ ဒေသတွင်းမှာ ပြည်သူတွေ အနေနဲ့ လာဘ်ပေးလာဘ်ယူ မှုမရှိတဲ့ အုပ်ချုပ်ရေးမျိုး လာဘ်ပေးလာဘ်ယူ လုံး၀လုပ်လို့မရတဲ့ အဲဒီလိုမျိုး စနစ်တွေ အကောင်အထည်ဖော်ထားနိုင်တယ်။ပြီးတော့မှတရားဥပဒေစိုးမိုးမှုရှိအောင်လုပ်နိုင်တယ်။ ပြည်သူလူထု အနည်းနဲ့အများအားကိုးလို့ရတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့မှာ လုပ်ထုပ်လုပ်နည်းနဲ့ သေချာတော့ ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင်သော်ငြားလည်းပြည်သူလူထုက ယုံကြည်တယ် လာဘ်ပေးလာဘ်ယူမှု လုံး၀မရှိဘူး ပြီးတော့မှ လာဘ်ပေးလာဘ်ယူမှု ရှိတဲ့လူကိုလည်း ပြည်သူလူထုတွေ လွတ်လွတ်လပ်လပ်တိုင်ကြားနိုင်တယ်အရေးယူဆောင်ရွက်ပေးတယ်ဆိုတဲ့ ယုံကြည်မှုမျိုးပေါ့ အဲဒီလိုမျိုး အုပ်ချုပ်ရေး စနစ်တွေ ကျနော်တို့ ဖော်ဆောင်ထားတာရှိပါတယ်။ ကျနော်တို့ တော်လှန်ရေးကာလမှာတော့ ဒီလိုမျိုး ပွတ်တိုက်မှုတွေ အများကြီးရှိပါတယ်။ တဖက်မှာကျတော့ ကျနော်တို့တွေသည် နေ့ချင်းညချင်းထောင်လိုက်ရတဲ့တပ်ဖြစ်တဲ့အတွက်ကြောင့်Ethics(ကျင့်ဝတ်)အပိုင်းမှာEducationအပိုင်းမှာအားနည်းတာရှိတယ်။ ..။ စည်းကမ်းနဲ့ကျင့်ဝတ် အသိပညာပိုင်းမှာလည်း အချိန်ယူ ပျိုးထောင်နိုင်တာမျိုးအားနည်းတယ်။ တောက်လျှောက်တိုက်ပွဲ ဖြစ်နေရတဲ့အတွက်ကြောင့်ပေါ့်နော်။ပိုအရေးကြီးတာ ဦးစားပေးနေရတဲ့အတွက်ကြောင့် ဒီလိုမျိုး ပွတ်တိုက်မှုတွေရှိတယ်။ ဒါပေမဲ့လည်း ကျနော်တို့အနေနဲ့ နားလည်ဖို့ပေါ့ ပြောချင်တာက ရဲဘော်လူငယ်လေးတွေသည် သူတို့ရဲ့ တကိုယ်စာကောင်းစားရေး မိသားစုကောင်းစားရေးလုပ်တာမဟုတ်ဘူး ရှင်းရှင်းပြောရရင်အားလုံးအတွက်တပြည်နယ်လုံးအတွက် တမြို့နယ်လုံးအတွက် တနိုင်ငံလုံးအတွက်လုပ်ရတဲ့ လူငယ်တွေဆိုတော့ သူတို့မှာလည်း သူတို့နည်းဟန်နဲ့ ခက်ခဲမှုတွေ မွန်းကြပ်မှုတွေ ပင်ပန်းမှုတွေရှိတာကို စာနာနားလည်ဖို့ ဖေးမဖို့ ကူညီဖို့ပေါ့။ပြီးတော့မှလည်းကျင့်ဝတ်ရှိတဲ့လူတွေဖြစ်လာအောင် စည်းကမ်းရှိတဲ့လူတွေဖြစ်လာအောင် ပူးပေါင်းဖို့ ဆွေးနွေးဖို့ ချဉ်းကပ်ဖို့ ထောက်ပံ့ဖို့ပေါ့။ တဖက်မှာလည်း ဒီရဲဘော်တွေကိုလည်း အများအတွက် အလုပ်လုပ်တဲ့အခါ နိုင်ငံရေးသဘောသဘာ၀ အမြင်ကျယ်ကျယ်နဲ့ ရင်ဘက်ကျယ်ကျယ်လုပ်ရတဲ့အခါ ကျော်လွှားရတဲ့အခက်အခဲလေးတွေရှိတဲ့ဟာ ပြည်သူလူထုကလေးစားချစ်ခင်ယုံကြည်တဲ့ရဲဘော်တွေ ဖြစ်လာဖို့ ဆိုတာမျိုးလေးကို ကျနော်တို့ တိုင်ပင် ဆွေးနွေးအဖြေရှာပါတယ်။

မေး-ချင်းတောင်ပိုင်းကို စစ်ကောင်စီ ထိုးစစ်ဆင်လာနိုင်တဲ့အပေါ် တုန့်ပြန်ဖို့ ပြင်ဆင်ထားမှုတွေကို အသိပေးလို့ရသ​လောက်ပြောပြပေးပါလား။

ဖြေ-ချင်းပြည် တောင်ပိုင်းမြောက်ပိုင်းမှာစစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်တွေလည်း တော်တော်လေးပြင်းထန်ပါတယ်။ အဲဒီနေရာတွေမှာလည်း ကျနော်တို့ ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေရော ကျန်တဲ့မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီးမှဆောင်ရွက်တဲ့အပိုင်းတွေရှိတယ်ဆိုတာ ပြောချင်ပါတယ်။…။ အခု CPU/CPAသည် လက်ရှိမှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေအတွက် ရှေ့တန်းတွေမှာတောက်လျှောက်တိုက်ပွဲတွေ ဖော်ဆောင်လျက်ရှိပါတယ်။ဒါကြောင့်မို့လို့ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်တွေအတွက်ကတော့ ကျနော်တို့ CPU/CPA အနေနဲ့ အဲဒီလောက်ကြီး စိုးရိမ်စရာဘာမှမရှိဘူး။ကျနော်တို့တပ်ကိုကောင်းကောင်းတည်ဆောက်ထားတယ်။လက်နက်ခဲယမ်း အများကြီး ပြန်ပြီးတော့မှတည်ဆောက်ထားတာတွေရှိတယ်။ ဒါကြောင့် အဲဒီကိစ္စအတွက် ဘာမှ စိုးရိမ်စရာရှိမှာမဟုတ်ဘူး။ နောက်တခုက ကျနော်တို့လွတ်မြောက်တဲ့ ဒေသထဲမဟုတ်ဘဲKIA ခရီးစဉ်တွေ အကြီးပိုင်းတွေ သွားတာရှိတယ် TNLA နဲ့လည်း သွားတာရှိတယ်။ ဒီမဟာမိတ်တွေ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးမှ စစ်ရေးကို အရှိန်ပြန်မြှင့်ဖို့ဆိုတဲ့အပိုင်းတွေ CPU/CPA အနေနဲ့ အားစိုက်ပြီးလုပ်ဆောင်တဲ့အပိုင်းတွေရှိပါတယ်။

မေး-ဒေသလွတ်မြောက်ရေးအပြင် ပြည်ထောင်စုလွတ်မြောက်ရေးကြိုးပမ်းမယ်ဆိုတဲ့ အသိပေးချက် အပေါ် ရှင်းပြပေးပါလား။

ဖြေ-ဒေသလွတ်မြောက်ရေးအပြင် ပြည်ထောင်စုလွတ်မြောက်ရေးကြိုးပမ်းမယ်ဆိုတဲ့နေရာမှာ CUP/CPA အနေနဲ့တော့ ကျနော်တို့က အနှစ်ချုပ်ပြောရရင်တော့ နိုင်ငံရေးစုဖွဲ့မှု အားကောင်းလာချင်လို့ပဲကျနော်တို့ ဒီအဖွဲ့တွေကို တစုတဖွဲ့တည်း one command COC အောက်မှာရောက်အောင်ဝိုင်းပြီးမှ အချိန်တော်တော်ကြာ ညှိနှိုင်းပြီးမှပဲ အကောင်အထည်ဖော်လာနိုင်တာဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်က တော်လှန်ရေးကို ပိုပြီးမှ ထိထိရောက်ရောက် လုပ်နိုင်ဖို့ပါ။ ဆိုတော့ကျနော်တို့အနေနဲ့ ပြည်ထောင်စုလွတ်မြောက်ရေး ကြိုးပမ်းရေးမှာ ကျနော်တို့ CPUသည် အများအားဖြင့်တော့ CB(ချင်းညီနောင်)တခုလုံးအနေနဲ့သွားမယ်။ ICNCC(ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ) မှာပဲတိုင်ပင်ပြီးမှ ချင်း တမျိုးသားလုံးအရေး ပြည်ထောင်စုအရေးမှာ ဘယ်လိုဆက်ပါဝင်ကြမလဲ။ချင်းညီနောင်အနေနဲ့ပဲ SRA(နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု) ကို joined တာဖြစ်တဲ့အတွက် SRAမှာလည်း စစ်ဒေသတွေ ခွဲထားတာရှိပါတယ်။SRA သတ်မှတ်ထားတဲ့ စစ်ဒေသတွေမှာကျနော်တို့ဘယ်လိုပါဝင်နိုင်မလဲဘယ်လိုလှုပ်ရှားနိုင်မလဲဆိုတဲ့အ ပိုင်းတွေပေါ့။ မြေပြန့်က အထူးသဖြင့်တော့မကွေးနဲ့ စစ်ကိုင်းဘက်မှာ တော်လှန်ရေးဆင်နွှဲလာဖို့ရှိပါမယ်။ လက်ရှိမှာလည်းချင်းပြည်မြောက်ပိုင်းမှာဆိုရင် ဖလမ်းမြို့နယ်ထဲမှာ တီးတိန်မြို့နယ်ထဲမှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေပါတယ်။ဒါပေမဲ့ချင်းပြည်တောင်ပိုင်းမှာဆိုရင်တော့ ချင်းပြည်တောင်ပိုင်းဘက်ဖြစ်တဲ့တိုက်ပွဲတော်တော်များများတော့မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ ပဲဖြစ်ပါတယ်။ ကျနော်တို့က မကွေးတိုင်းထဲဆင်းပြီးမှ စစ်ကောင်စီ ထိုးစစ်ကို တွန်းလှန်နေတာ။ စစ်ကောင်စီကို တိုက်ခိုက်နေတာမျိုးတွေရှိပါတယ်။ ပြီးခဲ့တဲ့ ၅လ၊ ၆လလောက် တောင်ရှိပါပြီ။ ဒီထက်ပိုထိရောက်တဲ့ ပူးပေါင်းမှုမျိုး ၊ ပူးပေါင်းစစ်ဆင်ရေးမျိုး အထူးသဖြင့် SRA ပေါ့နော် ပြီးတော့မှလည်း NUG PDF တွေနဲ့ ပူးပေါင်းပြီးမှ ကျနော်တို့ထိုးစစ်ဆင်ခြင်းအားဖြင့် ပြည်ထောင်စုလွတ်မြောက်ရေးမှာ တစိတ်တဒေသ ပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ်။

မေး-KIA၊ TNLA တို့နဲ့ သွားရောက်တွေ့ဆုံပြီး စစ်ရှိန်မြှင့်နိုင်ဖို့ အားစိုက်မယ်ဆိုတဲ့အပေါ် ဖြည့်စွက်ပြောပြပေးပါလား။

ဖြေ-ကျနော်တို့ စစ်ရေးတွေ့ဆုံမှုဆိုတော့ အများကြီးတော့ ပြောလို့တော့၊ တွေ့ဆုံမှုတွေရှိတယ်လို့ပဲ ပြောလို့ရပါတယ်။ ကျနော်တို့ တွေ့ဆုံမှုတွေကနေဘယ်လိုမျိုး ရလဒ်တွေ ရလာမလဲဆိုတာကတော့ ကျနော်တို့ အနေနဲ့ တကယ်ရလဒ်တွေပေါ်လာမှပဲ ဆွေးနွေးလိုပါတယ်။ အခုအချိန်မှာ ကနဦးတွေ့ဆုံမှုနဲ့ ကနဦးဆွေးနွေးမှုပဲ ရှိသေးတဲ့အတွက်ကြောင့် အများကြီးတော့ ပြောလို့မရသေးပါဘူး။

မေး-ချင်းညီညွတ်ရေးအကြောင်းရှင်းပြပေးပါလား။ ချင်းပြည်ကောင်စီ(CC)နဲ့ ချင်းညီနောင်(CB)တို့ဟာ ချင်းပြည်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီကို အတူပူးပေါင်းခုခံတာရှိနေသလို တဖက်မှာလည်း နိုင်ငံရေးဆိုင်ရာ သဘောထား ကွဲလွဲမှုတွေ ပုဂ္ဂိုလ်ရေးဆိုင်ရာ မကျေနပ်ချက်တွေရှိနေတာမို့ အတက်နိုင်ဆုံး ညီညွတ်ရေးတည်ဆောက်ဖို့ ဘာသတင်းစကား ပါးလိုပါသလဲ။

ဖြေ-ကျနော်တို့ ချင်းညီညွတ်ရေးကတော့ CB/ICNCC အနေနဲ့ အများကြီးလုပ်ဆောင်ခဲ့ပြီးတဲ့အရာတွေလည်းအများကြီးရှိပါတယ်။ဟိုဘက်က ချင်းလဲကောင်စီ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးသားတွေလည်းရှိပါတယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင် ကျနော်တို့ CCပဲ ဖြစ်ဖြစ် CBပဲ ဖြစ်ဖြစ် ချင်းတမျိုးသားလုံးနဲ့ပတ်သက်တဲ့ ကိစ္စအရေးအရာအားလုံးဆိုရင် ကျနော်တို့ ICNCCကတဆင့် ချဉ်းကပ်ပြီးမှ စကားပြောတာတွေရှိပါတယ်။ အဲဒီကနေ တဆင့် ကျနော်တို့ အပြန်အလှန် ယုံကြည်မှုတွေတည်ဆောက်ပြီးမှဆက်လက်ပြီးမှ လုပ်ဆောင်သွားဖို့ရှိပါတယ်။ ကျနော်တို့ CPU အနေနဲ့လည်း CB/ICNCCကနေတဆင့် ချင်းမျိုးသားလုံးညီညွတ်ရေးကို အဲဒီကနေ တဆင့် ကြိုးစားပြီးမှ လုပ်ဆောင်သွားဖို့ရှိပါတယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင် CC၊ CB ကနေတဆင့် တပြည်နယ်လုံး တစုတဖွဲ့တည်းဖြစ်ဖို့ကတော့ ကျနော်တို့ အပြန်အလှန် ယုံကြည်နိုင်လောက်တဲ့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဒါတွေအရင်ဆုံးလုပ်ဆောင်ပြီးမှ ကျနော်တို့ တဆင့်ပြီး တဆင့်သွားရမယ့်ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ဘက်ကနေ တမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ဦးထိပ်ထားပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတာ ပြောချင်ပါတယ်။ ပြီးရင် ကျနော်တို့ချင်းပြည်နယ်မှာ ရှိနေတဲ့ မလွတ်မြောက်သေးတဲ့ ဒေသတွေကိုလည်း ကျနော်တို့က CB ကနေတဆင့် CB စစ်ရေးရဲ့အစီအမံတွေနဲ့ဆက်လက်ပြီးမှအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ စောစောက ပြောသလို ချင်းပြည်မှာ စကမရဲ့တန်ပြန်ထိုးစစ်တွေရှိတယ်။တန်ပြန်ထိုးစစ်တွေအတွက်လည်း အကောင်းဆုံး ကျနော်တို့ ပြင်ဆင်ထားတယ်။ အဲဒီအပြင် ကျန်ရှိနေသေးတဲ့ မြို့တွေကိုသိမ်းနိုင်ဖို့ အတွက်လည်း ကျနော်တို့မှာ အစီအစဉ်တွေလုပ်နေတာရှိပါတယ်။ ဆက်လက်ပြီးမှ ကြိုးစားပြီးမှ လုပ်ဆောင်သွားမယ့် အရာတွေအများကြီးရှိပါတယ်ဆိုတာကိုပဲ ပြောချင်ပါတယ်။

မေး-မလွတ်မြောက်သေးတဲ့ နေရာဒေသက ပြည်သူတွေ တော်လှန်ရေးအဖွဲ့တွေကို ဘာသတင်းစကား ပါးလိုပါသလဲ။

ဖြေ-မလွတ်မြောက်သေးတဲ့ဒေသဥပမာဆိုပါစို့ အနီးစပ်ဆုံး စစ်ကိုင်း၊ မကွေး ၊ မန္တလေးပေါ့နော်။ အဲဒီမှာဆိုရင်လည်း ကျနော်တို့အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍနဲ့ ပြည်သူရဲ့ အခန်းကဏ္ဍဆိုပြီး မှ နှစ်ခုရှိမယ်ထင်ပါတယ်။ လက်နက်ကိုင်မှာဆိုရင် NUG PDFတွေက တဖက်ပေါ့နော် လိုကယ်တွေက တဖက်ဖြစ်မှာပါ။ လိုကယ်လက်နက်ကိုင်တွေရော လိုကယ်အုပ်ချုပ်ရေးတွေရောပေါ့။အဲဒီမှာ ဘယ်လိုပြောမလဲ တော်လှန်ရေးကတော့ ကျနော်တို့အနေနဲ့ မြင်တာက တော်လှန်ရေးက ဆင့်ကဲ ပြောင်းလဲ တိုးတက်လာဖို့ လိုတယ်လို့ မြင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အရင်တုန်းက ကျနော်တို့က တခဲနက်နဲ့ စစ်ကောင်စီက မကြာခင်ပြုတ်ကျသွားမယ် ဆိုတဲ့ အကောင်းမြင်စိတ်များလွန်းတယ်ပေါ့နော်။ စိတ်အားတက်ကြွကြွနဲ့ moti တွေများတယ်။စိတ်ခံစားချက်တွေများတော့ တခါတလေစိတ်ခံစားချက်အတိုင်းယုံကြည်မှုအတိုင်း မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါကျတော့ အကုန်လုံးက ဝမ်းနည်းကြ တယောက်နဲ့တယောက်အပြစ်တင်ကြ ဒေါသ ထွက်ကြပေါ့နော်။ အဲဒီလိုမျိုးတွေကို နောက်ပိုင်းမှာတော့ ရဲဘော်တွေမှာလည်းပဲ တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်းအခက်အခဲတွေက အင်မတန်များပါတယ်။ ဘေးကနေ ဝေဖန်တယ် ဘေးကနေ ထောက်ပြတယ်ဆိုတာထက် ဘေးကနေလည်း ဝေဖန်ပါ ထောက်ပြပါ တဆက်တည်းမှာလည်း ဒီလှည်းကျိုးကြီးကို ဝင်ထမ်းပါ ဝင်ကူပါ ဝင်ပြောပါ အဖွဲ့အစည်းမှာ ဝင်ပါဝင်ပါ ပူးပေါင်းဆောင်ရွက်မှုမျိုးလိုပါတယ်။ ဥပမာ ပြောရရင် မတူပီတို့ မင်းတပ်တို့ဆိုတာက လူဦးရေ အရလည်း နည်းပါတယ် ပြည်သူတွေမှာ တော်လှန်ရေးကို ထောက်ပံ့နိုင်ခြင်းနည်းပါတယ်။ တကယ့်တကယ် တပ်ဖွဲ့ဝင် အရေအတွက်မှာရောမြို့နယ်ဒေသတွင်းမှာ ရှိတဲ့လူဦးရေအရေအတွက်ရရော ဒေသတွင်းမှာရှိတဲ့လူတွေရဲ့ စီးပွားရေး အခြေအနေကရော ထောက်ပံ့နိုင်ခြေနည်းပါတယ်။ကျနော်တို့တောင်ပေါ်မှာ တပ်တတပ်က ၁ နှစ်၊ ၂နှစ်လောက်စုမှ ရတဲ့ဟာက မြေပြန့်ကတပ်တချို့က နှစ်ပတ်သုံးပတ်လောက် စုလိုက်ရုံနဲ့ ရတဲ့ငွေကြေးပမာဏမျိုးရှိပါတယ်။ဒါပေမဲ့အဓိကတော့စည်းလုံးမှုကိုဖော်ဆောင်တဲ့နေရာမှာအတ္တတွေလျှော့ မာနတွေလျှော့ပြီးမှ ကိုယ့်အတ္တတွေ မြိုသိပ်ပြီးမှ ပေါ့နော် ပေါင်းကြဖို့ အလျှော့ပေးကြဖို့ တော်လှန်ရေးဘက် ဦးတည်ကြပြီး ရာထူးတွေသော်လည်းကောင်း နေရာသော်လည်းကောင်း လုပ်တာကိုင်တာသော်လည်းကောင်း အကုန်လုံးလျှော့ပြီးမှပူးပေါင်းလုပ်ဆောင်ကြဖို့။ အောက်ပြည်အောက်ရွာက လူအင်အားလိုမျိုး လက်နက်အင်အားလိုမျိုး ငွေကြေးအင်အားမျိုးနဲ့ဆိုရင် တကယ့်တကယ် စစ်ကောင်စီကို တော်လှန်နိုင်ပါတယ်။ လွတ်မြောက်နိုင်ခြေ ဖြစ်လာဖို့ အများကြီးရှိပါတယ်။ အခုကတော့ အချိန်အခါလည်းရင့်မှည့်နေပြီပေါ့နော်ပြည်သူလည်းလိုလားတောင့်တနေပြီတော်လှန်ရေးတပ်ဖွဲ့တွေလည်းကောင်းကောင်းမွန်မွန် နားလည်နေကြပြီလို့ မြင်ပါတယ်။ အဲဒါကိုအချိန်ကိုက်လုပ်ဆောင်နိုင်ဖို့ လိုမယ်လို့ မြင်ပါတယ်။

မေး-တရုတ်က မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတာကို တော်လှန်ရေးအဖွဲ့တွေ ဘယ်လိုရင်ဆိုင်သင့်ပါသလဲ။

ဖြေ-ကျနော်တို့ တရုတ်အရေးနဲ့ ပတ်သက်လာလို့ရှိရင်တော့ တော်လှန်ရေးအင်အားစုတွေ ပိုပြီးတော့မှ စုစုစည်းစည်းနဲ့ ခိုင်မာတဲ့ မဟာမိတ်တွေ တိုးပွားလာဖို့ အရေးကြီးပါတယ်။မဟာမိတ်တွေ ပိုခိုင်မာအောင်လုပ်ဖို့ ကျနော်တို့ SRAလိုမျိုးပေါ့နော် အဲဒီထက် မြင့်ပြီးတော့မှ ခိုင်မာအားကောင်းတဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ရော စုစုစည်းစည်းစည်းစည်းလုံးလုံးနဲ့တော်လှန်နေလို့ရှိရင်တော့တပြိုင်နက်တည်းမြေပြန့်ရောတိုင်းရင်းသားဒေသတွေရော အကုန်လုံးမှာတပြိုင်နက်တည်း စစ်အရှိန်မြှင့်ပြီး လုပ်လို့ရှိရင်တော့တရုတ်ရဲ့ရန်ကိုတော့ ကျနော်တို့ ဘာမှ အဲဒီလောက်အထိ စိုးရိမ်စရာ ရှိမှာ မဟုတ်ဘူးလို့ ဖြေကြားချင်ပါတယ်။

မေး-NUGကပိုမိုအားကောင်းတဲ့တော်လှန်ရေးမဟာမိတ်စုဖွဲ့မှု ဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အပေါ် ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ-နွေဦးတော်လှန်ရေးကို NUGကနေ ဦးဆောင်ပြီးမှ လုပ်တဲ့ အခန်းကဏ္ဍတွေ အများကြီးရှိပါတယ်။ စုဖွဲ့မှုတွေလည်း လုပ်တဲ့ဟာတွေ အများကြီးရှိပါတယ်။ အဲဒီမှာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှု လို့ ပြောတဲ့အခါ မှာ ကျနော်တို့တိုင်းရင်းသားတွေကလည်းအရင်ကတည်းကနေ ပူးပေါင်းပြီးသားဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ တိုင်းရင်းသား EAO တွေ ခိုင်မာတဲ့ အဖွဲ့အစည်း EAO တွေကတောင်မှ အများကြီး NUGနဲ့ ပူးပေါင်းပြီးမှ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ ပြောချင်တာကတော့ NUGရဲ့ စုဖွဲ့မှု ၊ NUG ရဲ့ ပြင်ဆင်မှု NUGက လုပ်မယ့် အရွေ့အပေါ်မှာ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ကတော့ ဆက်ပြီးမှ ပါဝင်သွားဖို့ ဖြစ်မှာဖြစ်တယ်။NUGအနေနဲ့ သူ့ရဲ့ လက်အောက်ခံ ကာကွယ်ရေးတပ်တွေကို စစ်ပုံကျအောင် စနစ်ကျအောင် ဒီထက်တည်ဆောက်သွားရင် ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ဟန်ချက်ညီညီ သွားနိုင်ဖို့က ပိုပြီးမှ အဆင်ပြေလာပါလိမ့်မယ်။ အခုလည်း တဆင့်ပြီးတဆင့် ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်လာတယ်။တပ်တည်ဆောက်မှုတွေ အများကြီး လုပ်လာတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ အများကြီးမျှော်လင့်ထားပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့လည်း ဆက်လက်ပြီးမှ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါမယ်လို့ ပြောချင်ပါတယ်။

မေး-တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ်ဟာ၂၀၂၃၊ ၂၀၂၄ကာလတွေမှာအထိနာခဲ့ပေမယ့်၂၀၂၅နှစ်လယ်လောက်မှာ ဒေသအချို့မှာ စစ်ရေးအရ ပြန်အားကောင်းအောင်လုပ်ဆောင်လာနိုင်ကိုတော်လှန်ရေးတပ်ဖွဲ့တွေ ဘယ်လို ရင်ဆိုင်သင့်ပါသလဲ။

ဖြေ-ဒီအရာတွေကတော့ ကျနော့်အမြင်ပြောရရင် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံး စုစည်းဖို့ အချိန်တန်ပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းသံလို့ အဲဒီလို မြင်ပါတယ်။အဲဒါကြောင့်ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးဒီအချိန်မှာတော့ တကွဲတပြားနဲ့ တော်လှန်လို့ မရတော့ဘူး။စုစုစည်းစည်းနဲ့တော်လှန်မှရမယ်။စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်မှ ရမယ်ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံလို့ကျနော့်အနေနဲ့မြင်ပါတယ်။အဲဒါကြောင့်ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့လည်း ဒီထက်မက ကျစ်လစ်ခိုင်မာတဲ့ စုဖွဲ့မှုတွေနဲ့ စကမကိုပြန်လည်ပြီးမှ တန်ပြန် ထိုးစစ်ဆင်နိုင်မှသာလျင် ကျနော်တို့ လိုချင်တဲ့ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။

လူထု​နွေဦး-ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်၀မြို့နယ်တွေက ချင်းဒေသကာကွယ်ရေးတပ်(CDF) လေးဖွဲ့ကို Chin People’s Union/Chin People Army(CPU/CPA) အဖြစ် ပေါင်းစည်းလိုက်ကြောင်း CPU ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက အတည်ပြုပြီး ချင်းညီနောင် သဘာပတိ ဆလိုင်းပီတာထန်းက ပြောပါတယ်။