close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ထိုင်း​​ရောက်မြန်မာအချို့​ ဘာဖြစ်​နေတာလဲ

ထိုင်းနိုင်ငံမှာမြန်မာစားသောက်ဆိုင်ကလုပ်သားအချို့နဲ့ အစားအ​သောက်အိမ်အ​ရောက်ပို့ဝန်​ဆောင်မှုလုပ်တဲ့ ထိုင်းနိုင်ငံသားတချို့ ခိုက်ရန်ဖြစ်တဲ့ဖြစ်စဉ် အုတ်အော်သောင်းနှင်းဖြစ်ပြီးဆက်တိုက်ဆိုသလို ထိုင်းရောက်မြန်မာ အချို့ရဲ့ပြသာနာသတင်း​တွေထွက်​ပေါ်လာ​နေပါတယ်။

ဒီးဒီ/​People’s Spring

ထိုင်းနိုင်ငံမှာမြန်မာစားသောက်ဆိုင်ကလုပ်သားအချို့နဲ့ အစားအ​သောက်အိမ်အ​ရောက်ပို့ဝန်​ဆောင်မှုလုပ်တဲ့ ထိုင်းနိုင်ငံသားတချို့ ခိုက်ရန်ဖြစ်တဲ့ဖြစ်စဉ် အုတ်အော်သောင်းနှင်းဖြစ်ပြီးဆက်တိုက်ဆိုသလို ထိုင်းရောက်မြန်မာ အချို့ရဲ့ပြသာနာသတင်း​တွေထွက်​ပေါ်လာ​နေပါတယ်။

ဇန်နဝါရီ ၁၁ရက်က ထိုင်းနိုင်ငံ၊စမွတ်ပရာကန်ခရိုင်မှာ မြန်မာလုပ်သားတချို့က ထိုင်းလူမျိုးနဲ့ခိုက်ရန်ဖြစ်ပွားမှုအ​ပေါ် အခွင့်ကောင်းယူပြီး ထိုင်းအမျိုးသားရေးအစွန်း​ရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေး(နာမည်ပြောင်)နဲ့အဖွဲ့သား​တွေကပါ​ဝင်လာပြီးလူမျိုးရေးပဋိပက္ခဖြစ်​အောင် လှုံ့ဆော်ခဲ့ပါတယ်။

ပြသာနာအစက စမွတ်ပရာကန်ခရိုင်က The One စားသောက်ဆိုင်ပိုင်ရှင်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသားရဲ့ကားနဲ့ အစားအသောက်ပို့တဲ့ အိမ်အ​ရောက်ပို့ပစ္စည်းပို့တဲ Linemen ကထိုင်းအလုပ်သမားတဦးရဲ့ ဆိုင်ကယ် မတော်တဆဖြစ်ခဲ့ပါတယ်။ ထိုင်းဒလီသမားက ဆိုင်ကယ်ဟွန်းတီးခဲ့လို့ မြန်မာနိုင်ငံသားက လက်ခလယ်​​ထောင်ပြပြီးခိုက်ရန်ဖြစ်ပွားကာ ဆိုင်ကိုလိုက်ခဲ့ဖို့ စိန်ခေါ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကိုလိုက်လာတဲ့ ထိုင်းဒလီသမားနဲ့ သူငယ်ချင်း ၂ ဦးကို မြန်မာစားသောက်ဆိုင်ထဲက မြန်မာတွေ အုပ်စုလိုက် တုတ်တွေနဲ့ ထွက်ရိုက်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေကြား ပျံ့နှံ့ခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ဆူညံနေတဲ့ မြန်မာလုပ်သားတွေကျူးလွန်းမှုကို ရှာဖွေဖို့ဆိုပြီး နှုတ်ခမ်းမွှေးနဲ့အဖွဲ့က ဇန်နဝါရီ ၁၂ရက်မှာ လူစုလူဝေးလုပ်ကာ လှုံံ့ဆော်မှုစတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လှုံ့ဆော်မှုတွေလုပ်ပြီး တစ်ရက်အကြာ ဇန်နဝါရီ ၁၃ရက်မှာ ထိုင်းရောက်မြန်မာလုပ်သားတချို့ရဲ့ ရမ်းကားမှုတွေ၊ ရိုက်နှက်ခံရမှုတွေဟာ တစ်ရက်တည်း ဖြစ်ရပ် သုံးခုရှိခဲ့ပါတယ်။

ဇန်နဝါရီ ၁၃ရက်မှာ ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်မှာ ထိုင်းအမျိုးသမီးနဲ့ ယာဉ်တိုက်မှုဖြစ်တဲ့ မြန်မာလူငယ်ကို Grab မောင်းသူတွေက ဝိုင်းရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ယာဉ်တိုက်မှုဖြစ်တဲ့ နေရာကို ထိုင်းGrab မောင်းသူတွေရောက်လာပြီး ဝိုင်းရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

နွန်ထဘူရီခရိုင်က အသက်(၂၀)အရွယ် မြန်မာလူငယ် ဝိုင်းဝန်းရိုက်နှက်ခံရတဲ့ဖြစ်စဉ်ဟာ စမွတ်ပရာကန်ခရိုင်မှာဖြစ်တဲ့ စားသောက်ဆိုင်ဖြစ်စဉ်ရဲ့ လူမျိုးရေးပဋိပက္ခလှုံ့ဆော်မှု နောက်ဆက်တွဲလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီသူတွေက သုံးသပ်ကြပါတယ်။

ဒါအပြင်ဇန်နဝါရီ ၁၃ ရက် မနက် ၃နာရီကျော်မှာ ထိုင်းနိုင်ငံ လာ့ငူးမြို့၊ ရပ်ကွက်(၆)က လမ်းမပေါ်မှာရှိတဲ့ ကားနဲ့ဆိုင်ကယ်တွေကို ဆေးကြောင်နေတဲ့ မြန်မာတစ်ဦးက လိုက်လံရိုက်နှက် ဖျက်ဆီးခဲ့တဲ့ဖြစ်စဥ်​ပေါ်​ပေါက်လာပြန်ပါတယ်။လူတွေအိပ်မောကျနေတဲ့အချိန်မှာ ကားမဘေးမှာရပ်ထားတဲ့ ကားတွေနဲ့ ဆိုင်ကယ် ၂၀နီးပါးကို ဖျက်ဆီးခဲ့တာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာလည်း မြန်မာတွေ အချင်းချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ထိုးရမ်းကားမှု ဖြစ်ခဲ့ပြန်ပါတယ်။ချွန်ဘူရီခရိုင်၊ ဖန်ထောင်မြို့၊ ဘန့်ကောင်လမ်းက Seven Eleven စတိုးဆိုင်ရှေ့မှာ ဇန်ဝါရီ ၁၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့တာပါ။

ဒီဖြစ်စဉ်တွေဖြစ်ပြီး ချက်ချင်းဆိုသလို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေမှာ ပတ်သက်ခြင်းမပြုဖို့အပါအဝင် အချက် ၄ချက်လိုက်နာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ မှာပန်ကြားချက်ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ ခိုလှုံနေတဲ့မြန်မာနိုင်ငံသားတွေ အနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုရေးရာ ကိစ္စရပ်တွေမှာ ပါဝင် ပတ်သက်ခြင်း မပြုကြဖို့၊ တရားဥပဒေနဲ့မညီတဲ့ ဘယ်ကိစ္စမှာမဆိုပါဝင်ပတ်သတ်ခြင်းမပြုဖို့၊ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ ဒေသန္တရစည်းကမ်းတွေကို လေးစားလိုက်နာဖို့၊ အိမ်ရှင်လူမှုအသိုင်းအဝိုင်းရဲ့ တန်ဘိုးထားမှု၊ လူနေမှုပုံစံတွေနဲ့အညီ သဟဇာတဖြစ်စွာ လိုက်လျောညီထွေနေထိုင်ကြဖို့ ဇန်နဝါရီ ၁၄ရက်ထုတ်ပြန်တဲ့ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံစွန့်ခွာထွက်ပြေးကာ ခိုလှုံနေထိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက် လက်ခံပေးထားတဲ့ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူလူထုကိုလည်း အထူးပင် ကျေးဇူးတင်ကြောင်း NUGက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားလျက် ဆက်လက်ကူညီစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

အခုဇန်နဝါရီလမှာ ထိုင်းရောက် မြန်မာချို့နဲ့ ထိုင်းနိုင်ငံသားအချို့အကြား ခိုက်ရန်ဖြစ်ပွားမှု အချို့ ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ NUGက အခုလို ပန်ကြားချက် ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၅ ဇူလိုင်လကလည်း NUGက ထိုင်းရောက်မြန်မာတွေ အရေးနဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားလျက် ဆက်လက် ကူညီစောင့်ရှောက်ပေးဖို့ ထိုင်းနိုင်ငံကို မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် မိခင်တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလငံနေရတဲ့ အားလျော်စွာ အတတ်နိုင်ဆုံး မိမိယာယီခိုလှုံနေထိုင်လျက်ရှိတဲ့ နိုင်ငံရဲ့ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊လူမှုအသိုင်းအဝိုင်းတို့နဲ့ သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးမှာ လွန်စွာအရေးကြီးသည့်အလျှောက် ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်ရက်စက်မှုတွေကြောင့်ထွက်ပြေးခိုလှုံလာရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြောင်းလည်း အသိ​ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံ သို့ ပြန်လည် နေထိုင်ကြမည့်သူများသာ ဖြစ်ကြောင်း NUG ကအသိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားနဲ့ မြန်မာတွေအကြား အမုန်းတရားကြီးထွားအောင် လှုံ့ဆော်တာနဲ့ လူမျိုးရေးပဋိပက္ခဖြစ်အောင် စတင်ခဲ့တာက ပြီးခဲ့တဲ့ သုံးလကျော်ကပါ။

မန္တ​လေးက ပျူ​စောထီးခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ထိုင်းရောက်မြန်မာတွေထဲမှာ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်တဲ့ မြန်မာတွေအပေါ် ဖိနှိပ်နေတဲ့ ထိုင်းနှုတ်ခမ်းမွှေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဘန်ကောက်မြို့မှာ ပေါက်ကိုယ်တော်နဲ့ ထိုင်းနှုတ်ခမ်းမွှေးတွေ့ဆုံမှုအပြီးမှာ စစ်အုပ်စုနဲ့ ​ပေါက်ကိုယ်​တော်ပူး​ပေါင်းပြီးထိုင်း​ရောက်မြန်မာ​တွေကို ဒုက္ခ​ပေးဖို့ကြံစည်​ခဲ့ကြပါတယ်။

ပေါက်ကိုယ်တော်ရဲ့အစီအစဉ်ဟာ ထိုင်းနိုင်ငံမှာရှိနေတဲ့ ထောက်ပို့တွေ၊ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့ ထိုင်းနှုတ်ခမ်းမွှေးကို လာတွေ့တာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက​ပြောခဲ့ကြပါတယ်။ သူတို့သုံးသပ်တဲ့အတိုင်းပဲ ပေါက်ကိုယ်တော်က အကောင်အထည် ​ဖော်ခဲ့ပါတယ်။

ဘယ်လိုပြသာနာရှာလဲဆိုရင် ပေါက်ကိုယ်တော်က ပျူစောထီး​တွေထဲက သူ့လက်ရုံးလူမိုက်အချို့ကို ထိုင်းကိုစေလွှတ်ပြီး မြန်မာတွေအများဆုံးရှိတဲ့နေရာတွေမှာ ပြဿနာရှာခိုင်းတာ ဖြစ်ပါတယ်။

ပေါက်ကိုယ်တော်က ထိုင်းမှာပြဿနာရှာဖို့အတွက် သူရဲ့လူအချို့ကိုထိုင်းကိုစေလွှတ်ဖို့ စီစဉ်​နေတာကို လူထုနွေဦးက ၂၀၂၅ နိုဝင်ဘာမှာ စုံစမ်းသိရှိခဲ့ပါတယ်။

ပေါက်ကိုယ်တော် တပည့်အဖြစ်ခံယူပြီး လူမိုက်လုပ်နေသူတွေဟာ အနေအစားချောင်လို့ လုပ်နေတဲ့သူတွေပဲလို့ သူက မှတ်ချက်ပေးပါတယ်။ ထိုင်းကိုသွားပြီး မြန်မာနေတာများတဲ့​နေရာ​တွေမှာ ပြသာနာရှာဖို့ ​ပေါက်ကိုယ်​တော်က သူ့တပည့်လူမိုက်​တွေကို အသွားအပြန်စာရိတ်ငြိမ်း​စေလွှတ်​ပေး​နေတာလို့စုံစမ်းသိရပါတယ်။

အဲဒီလိုပြသာနာရှာရင် ထိုင်း​ရောက်မြန််မာ​တွေကိုအိမ်ရှင်ထိုင်းနိုင်ငံသား​တွေက မကြိုက်​အောင် ၊မြန်မာ​တွေအ​နေကြပ်ပြီး ဒုက္ခ​​ရောက်​အောင်၊ထိုင်းမှာမ​နေနိုင်​အောင် ​ပေါက်ကိုယ်​တော်ကတဆင့်စစ်တပ်ကကြံစည်​နေတာဖြစ်ပါတယ်။

ထိုင်းနှုတ်ခမ်းမွှေးဆိုသူဟာလည်း ထိုင်းရောက်မြန်မာလုပ်သားတွေ အနေကြပ်အောင် ထိုင်းအာဏာပိုင်တွေအပေါ် လိုက်လံဖိအားပေးလိုက်လံဖမ်းဆီးခိုင်းနေသူ ဖြစ်ပါတယ်။ထိုင်းရောက်မြန်မာလုပ်သားတွေကတော့ သူတို့ကို ထိုင်းမဘသလို့ ခေါ်ကြပါတယ်။

အခုရက်ပိုင်းအတွင်း ထိုင်းရောက်မြန်မာတွေကြားမှာ ထိုင်းနဲ့မြန်မာတွေအကြား လူမျိုးရေးအမုန်းပွားစေမယ့် ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်နေတာဟာ ကြိုတင်ကြံစည်မှုတွေဖြစ်တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေအရေးကူညီပေးနေတဲ့ အေအေစီမဟာမိတ်အဖွဲ့က ဦးခိုင်ကြီးက သုံးသပ်ပါတယ်။

“ နွေဦးဆရာတော်ဖမ်းဆီးခံရတာ၊ မြန်မာတွေ အုပ်စုလိုက်ရမ်းကားနေကြတာဟာ ရည်ရွက်ချက်နဲ့အချိန်ကိုက်လုပ်နေတာ” လို့ ဦးခိုင်ကြီးက ပြောပါတယ်။

နွေဦးဆရာတော်ဟာ ဇန်နဝါရီ ၁၀ ရက်က တနင်္သာရီတိုင်း၊ မောင်တောင်ဘက်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို ရိက္ခာလှူဒါန်ပြီးနောက် ထိုင်းနိုင်ငံ၊ ပရကျွှပ်ခီရီခန်မြို့ကို ဝင်ရောက်လာချိန်မှာ ထိုင်းနယ်ခြားစောင့်တပ်ရဲ့ဖမ်းဆီးမှုခံရတာဖြစ်ပါတယ်။အဲဒီလိုဖမ်းဆီးခံရတာဟာ တိုင်ကြားသူဖြစ်လို့ဖြစ်ပါတယ် ။ ၎င်းကို ထိုင်းနိုင်ငံတွင်းတရားမဝင် ဝင်​ရောက်မှုနဲ့ ဖမ်းဆီးထားတယ်လို့စုံစမ်းသိရပါတယ် ။

ဒီရက်ပိုင်းမှာ မြန်မာအချို့ရဲ့ အထက်ပါဖြစ်ရပ်​တွေ​ကြောင့်ထိုင်းလူမျိုး​တွေကြားမြန်မာနိုင်ငံသား​တွေအ​ပေါ် အမုန်းစကားပို​ပြောလာပြီးပြသာနာရှာသူ​တွေကို​ထောင်ချပြီး မြန်မာနိုင်ငံကိုနှင်ချဖို့​​​ပြောဆိုမှု​တွေပိုများလာပါတယ် ။

Khaosod သတင်းဌာနရဲ့ ထိုင်းဘာသာနဲ့ဖြန့်ချီတဲ့​ဖေစ်ဘွခ်က မြန်မာသတင်း​တွေ​ရဲ့​အောက်မှာ မြန်မာနိုင်ငံသား​တွေအ​ပေါ်​ရေးသားတဲ့မှတ်ချက်​တွေကိုကြည့်ရင် ထိုင်းနိုင်ငံသား​တွေရဲ့အခုဖြစ်ရပ်​တွေအ​ပေါ် ​စိတ်ဆိုး​ဒေါသထွက်​နေတာကိုအတိုင်းသား​တွေ့ရပါတယ် ။

“ အပြစ်ပေးရင် အပြင်းထန်ဆုံး အရေးယူပေးပါ။ တခြားမြန်မာတွေ နောက်နောင် ထိုင်းလူမျိုးတွေအပေါ် ဒါမျိုး ထပ်မလုပ်ရဲအောင် နမူနာပြ (စံပြ) အနေနဲ့ ထိထိရောက်ရောက် အပြတ်အသတ် အရေးယူပေးပါ။” လို့ ထိုင်းနိုင်ငံသားတဦးကမှတ်ချက်​ရေးသားပါတယ် ။

​အခြားထိုင်းနိူင်ငံသားတဦးကလည်း linemen ​တွေနဲ့ခိုက်ရန်ဖြစ်ပွားပြီး ပြန်​တောင်းပန်တဲ့မြန်မာ​တွေနဲ့သတင်း​အောက်မှာ “ အပြစ်ရှိရင် ထောင်ချမယ်၊ ပြစ်ဒဏ်စေ့ရင် နာမည်ပျက်စာရင်း (Blacklist) သွင်းပြီး ဒီနိုင်ငံထဲကို တစ်သက်လုံး ပြန်ဝင်ခွင့်မပေးဘဲ နှင်ထုတ်မယ်။ ခင်ဗျားတို့ဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့သူတွေပဲ” လို့မှတ်ချက်ပြုပါတယ် ။

“ ​ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ မြန်မာပြည်ကိုပဲ ပြန်သွားကြတော့” လို့ထိုင်းနိုင်ငံသားတဦးကလည်း​ပြောပါတယ်။

“ ​ငါတို့မြေပေါ်ကနေ အခုချက်ချင်း ထွက်သွားကြ။ ဥပဒေအရ အပြတ်အသတ် အရေးယူမယ်၊ ပြီးရင် ပြည်နှင်ဒဏ်ပေးမယ်၊ ဒီနိုင်ငံကို တစ်သက်လုံး ပြန်ဝင်ခွင့် ပိတ်ပင်မယ်။” လို့ ထိုင်းနိုင်ငံသားတဦးကလည်းစား​သောက်ဆိုင်ကရန်ဖြစ်တဲ့မြန်မာ​တွေ မှတ်ချက်ပြုပါတယ်။

ထိုင်းနိုင်ငံသားတဦးက​တော့ မြန်မာ​တွေကို​လျော့ပြီးလာအိုလုပ်သား​တွေပို​ခေါ်ဖို့ အခုလိုမှတ်ချက်ပြုပါတယ် ။” ​မြန်မာလုပ်သားတွေကို အများကြီး လက်မခံသင့်ဘူး၊ ကောင်းတဲ့သူတွေကိုပဲ သေချာစိစစ်ပြီး လက်ခံသင့်တယ်။ လာအိုလုပ်သားတွေကို ပိုလက်ခံတာက ပိုကောင်းလိမ့်မယ်”

မြန်မာနိုင်ငံသား​တွေချင်းအုပ်စုဖွဲ့တိုက်ခိုက်တဲ့သတင်း​အောက်မှာ​တော့ထိုင်းနိုင်ငံသားတဦးက မြန်မာလုပ်သား​တွေအ​ပေါ် သူရဲ့စိုးရိမ်မှုကို အခုလိုပြင်းပြင်းထန်ထန်​ရေးသားခဲ့ပါတယ် ။

​” ဒီလူတွေဟာ ငါတို့နိုင်ငံကို အတွင်းထဲကနေ ဖျက်ဆီးဖို့ စီစဉ်နေကြတာ။လုပ်အားခသက်သာတာကိုပဲ ကြည့်ပြီး လက်ခံနေကြတာဟာ အတွေးတိမ်လွန်းတယ်။​ဒီလူတွေဟာ အတွင်းထဲကနေ တိုက်စားနေကြတာ။ သားသမီးတွေ တသီတတန်း မွေးဖွားလာပြီး တစ်နေ့ကျရင် ထိုင်းလူမျိုးတွေကို ဝါးမြိုသွားလိမ့်မယ်။​အခုဆိုရင် ဒေသခံ ထိုင်းလူမျိုးတွေတောင် မရှိသလောက် ပျောက်ကွယ်ကုန်ပြီ” ။

ဒီလိုအ​ခြေအ​နေ​တွေ​ကြောင့် ထိုင်း​ရောက်မြန်မာတချို့ကလည်း ဥပ​ဒေစည်းကမ်းနဲ့အညီ​နေထိုင်းပြီး အာဏာသိမ်းစစ်တပ်အကြိုက်မ​လုပ်မိကြဖို့အချင်းချင်းပြန်သတိ​ပေး​နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ ရထားပေါ် ကရိန်းကျိုးကျတဲ့ ဖြစ်စဉ်ကြောင့် သေဆုံးသူ ဦးရေဟာ ၃၂ ဦးထိ တိုးလာပြီး ၆၆ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။

သတင်း

ရပ်ထားတဲ့ ကားအစီး ၂၀ နီးပါးလောက်ကို ဖျက်ဆီးခဲ့တဲ့အတွက် မြန်မာ အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဥပဒေနဲ့မညီတဲ့ ကိစ္စရပ်တွေမှာ ပတ်သက်ခြင်းမပြုဖို့အပါအဝင် အချက် ၄ချက် လိုက်နာဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ မှာပန်ကြားချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ခရီးသည်တင် ရထားပေါ် ကရိန်းကျိုးကျလို့ လူ ၂၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။