ဇန်နဝါရီ-၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
တီမောလက်စ်တေနိုင်ငံသမ္မတက မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ထွန်းကားရေး ကြိုးစားမှု တွေအပေါ် အတူရပ်တည်ကြောင်း သတင်းစကား ပြောကြားခဲ့တယ်လို့ ဇန်နဝါရီ ဒုတိယပတ်မှာ တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာနဲ့ တွေ့ဆုံခဲ့တဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမန်ဟရဲလျန်က ပြောပါတယ်။
CHROဟာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့လုပ်ရပ်ကို တီမောနိုင်ငံမှာ တိုင်ကြားဖို့ သွားရောက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ဒုတိယပတ်မှာပဲ တီမောနိုင်ငံ ပြည်သူ့အစိုးရရှေ့နေရုံးကို တိုင်ကြားစာ တင်သွင်းခဲ့သလို တီမောသမ္မတနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ CHRO အဖွဲ့ တာဝန်ရှိသူတွေ တီမောနိုင်ငံ ရောက်ခိုက်မှု တွေ့ဆုံခွင့် တောင်းဆိုခဲ့တာလို့ ဆလိုင်းမန်ဟရဲလျန်က ပြောပါတယ်။
” သမ္မတလည်း ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ စစ်ရာဇဝတ်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြန်မာနိုင်ငံ ပြည်သူလူထုတွေရဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ထွန်းကားဖို့ အားထုတ်မှုကို သူကလည်း အသိအမှတ်ပြုတယ်” လို့ ဆလိုင်းမန်ဟရဲလျန်က ပြောပါတယ်။

Public Service Announcement
မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားမှုနဲ့ ပြန်လည် ငြိမ်းချမ်းရေးရရှိဖို့အတွက် တီမောနိုင်ငံက အတက်နိုင်ဆုံးကြိုးစားပေးမယ်လို့လည်း သမ္မတက ပြောဆိုခဲ့ကြောင်း အသိပေးပါတယ်။
” တီမောသမ္မတကတော့ မြန်မာပြည်သူလူထုတွေရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှု ကြိုးစားမှုအတွက် သူ့အနေနဲ့ မြန်မာပြည်သူလူထုဘက်မှာ ရပ်တည်ပေးတယ်။ ပြည်သူလူထုတွေရဲ့ ကြုံလာမှုတွေကို စာနာပေးတယ်။ ဒါကြောင့်မို့လို့ တီမောနိုင်ငံအနေနဲ့လည်း မြန်မာပြည်သူလူထုနဲ့အတူ အတက်နိုင်ဆုံး ငြိမ်းချမ်းရေးတွေ မြန်မာပြည်သူလူထု လိုလား တဲ့ ဒီမိုကရေစီ တွေ လူ့အခွင့်အရေး ထွန်းကားမှုတွေ ရရှိအောင် အတက်နိုင်ဆုံး ကြိုးစားပေးမယ်ဆိုတာကိုတော့ သူက သတင်းစကား ပါးဖြစ်တယ်ပေါ့”လို့ ဆလိုင်းမန်ဟရဲလျန်က ပြောပါတယ်။
အဲဒီလို တွေ့ဆုံမှု အပြီး ဇန်နဝါရီ ၁၆ရက်မှာတော့ တီမောသံရုံးယာယီတာဝန်ခံကို စစ်ကောင်စီက ခေါ်ယူတွေ့ဆုံပြီး သတိပေးခဲ့ပါတယ်။စစ်ကောင်စီရဲ့ သတိပေးချက်မှာ တီမောလက်စ်တေ အစိုးရအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ဆန့်ကျင်ဘက် အဖွဲတွေနဲ့ ထိတွေဆက်ဆံတဲ့ ကိစ္စရပ်ကိုကန့်ကွက်ခဲ့တာလို့ ဆိုပါတယ်။
ဒီလို တီမောသံရုံးယာယီတာဝန်ခံ ခေါ်ယူသတိပေးတယ်ဆိုတဲ့ ဖြစ်ရပ်ကို ကြားသိရကြောင်း CHRO ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“တီမောနိုင်ငံက တကယ်အချုပ်အခြာအာဏာပိုင်တဲ့ သမ္မတနိုင်ငံပေါ့နော်။ ဒီလိုအချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံက သမ္မတကို ဘယ်သူနဲ့ တွေ့ရမယ် ဘယ်သူနဲ့မ တွေ့ရဘူးဆိုပြီးစစ်ကာင်စီက လိုက်ပြီး ညွှန်ကြားနေတာကတော့ တကယ်ရယ်စရာလည်းကောင်းတာပေါ့။လွတ်လပ်တဲ့ ဥပဒေကြောင်းအရ တိုင်ကြားချက်တခုအပေါ်မှာ စစ်ကောင်စီက ရှင်းလင်းချက်တောင်းနေတာက တကယ်တန်းဆို စစ်ကောင်စီကပဲ တခြားနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ နိုင်ငံရေးကို ပြောင်ကျကျ ဝင်ရောက်စွက်ဖက်နေတယ်လို့ မှတ်ချက်ချလို့ရတာပေါ့”လို့ ဆလိုင်းမန်ဟရဲလျန်က ပြောကြားပါတယ်။
CHROအနေနဲ့ မင်းအောင်လှိုင်အပါအဝင် ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ သူတွေကို အမည်တွေနဲ့တကွ သက်သေတွေတင်ပြတိုင်ကြားထားတာလို့ ဆိုပါတယ်။
















































