ဇန်နဝါရီ-၁၈၊၂၀၂၆။မိုမို/People’s Spring
စစ်ကိုင်းမြို့ ပေါက်တောကျေးရွာက စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခဲ့မှုအတွင်း ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၇)တပ်ရင်း တပ်ခွဲ (၄)-Acid(စစ်ကြောင်း)က ဒီကနေ့ (ဇန်နဝါရီ၁၈ရက်) ထုတ်ပြန်ပါတယ်။
အဲဒီဂိတ်စခန်းကို ဇန်နဝါရီ ၁၆ရက် မနက် ၇ နာရီခန့်မှာ အလစ်ငိုက်ဝင်တိုက်ခဲ့တာဖြစ်ပြီး စစ်ကူစစ်ကြောင်းကိုပါ ဖြတ်တောက်ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဂိတ်စခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် သေဆုံးသူ ၁၀ဦးနဲ့ ထိခိုက်သူ ၂၀ ခန့်ရှိတယ်လို့ အသိပေးပါတယ်။စစ်တပ်သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Public Service Announcement
အဲဒါအပြင် စစ်ကိုင်းမြို့ဘက်ကလာတဲ့ စစ်တပ်ရဲ့ စစ်ကူအိမ်စီးကား နှစ်စီးကိုလည်း ဖြတ်တောက်နိုင်ခဲ့ပေမယ့် စစ်တပ်ရဲ့ အင်အား၊ခဲယမ်းသာလွန်မှုကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီ တပ်သားတွေကို တင်တဲ့ပုစဥ်းခေါင်း (Lefan)ယာဥ်ကလည်း ကြက်ထောင့်တောင်ရွာက လမ်းကြိတ်စက် ဝင်တိုက်မိတာကြောင့် သုံးဦးသေဆုံးတယ်လို့ ဖော်ပြပါတယ်။
“ ပေါက်တောရွာက စစ်ကိုင်း-မင်းကွန်းလမ်းပိုင်း အလယ်လောက်မှာရှိတယ်။ဂိတ်စခန်းဖွင့်တာက နှစ်နှစ် ဝန်းကျင်လောက်ရှိပြီ။အင်အားက တော့များတယ်” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။
ပေါက်တောနဲ့ စစ်ကူစစ်ကြောင်းတိုက်ခိုက်မှုတွေကို Acid (စစ်ကြောင်း)၊ ပြည်သူ့စစ်သည်တော် အထူးပြောက်ကျားတပ်ဖွဲ့ ၊ မင်းကွန်းတိုက်နယ် ပ.လ.ဖ၊ GUN STAR ပြောက်ကျားတပ်ဖွဲ့နဲ့ နယ်မြေခံ ပ.က.ဖ တို့ ပူးပေါင်းလုပ်ဆောင်တာလို့ အသိပေးပါတယ်။
တော်လှန်ရေးအင်းအားစုတွေဘက်က ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်ကလည်း စစ်ကိုင်းမြို့အထွက်က ကံတလူတိုးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီး စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ စစ်ကိုင်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။













































