close
Connect with us

Hi, what are you looking for?

အတွေးအမြင်

မြန်မာကို တရုတ် ကျင့်သုံးတဲ့ဝါဒ

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအရေး ပါဝင်ပတ်သက်နေမှုကို လေ့လာကြည့်ရင် “ Pragmatism” လို့ခေါ်တဲ့ ကိုယ်ကျိုးစီးပွားကို အခြေခံတဲ့ လက်တွေ့ဝါဒကို ခိုင်ခိုင်မာမာ ကျင့်သုံးနေတယ်ဆိုတာ အထင်အရှားတွေ့နိုင်ပါတယ်။ ဒါဟာဘာကို ပြောတာလဲဆိုရင်“ဘယ်အစိုးရတက်တက် ငါ့အကျိုးအမြတ်ရရင်ပြီးရော၊ ငါတို့အဆင်ပြေရင် ပြီးရော” ဆိုတဲ့ မူဝါဒပါပဲ။

ကိုပါဝဲလ်​ရေးသားသည်။

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအရေး ပါဝင်ပတ်သက်နေမှုကို လေ့လာကြည့်ရင် “ Pragmatism” လို့ခေါ်တဲ့ ကိုယ်ကျိုးစီးပွားကို အခြေခံတဲ့ လက်တွေ့ဝါဒကို ခိုင်ခိုင်မာမာ ကျင့်သုံးနေတယ်ဆိုတာ အထင်အရှားတွေ့နိုင်ပါတယ်။ ဒါဟာဘာကို ပြောတာလဲဆိုရင်“ဘယ်အစိုးရတက်တက် ငါ့အကျိုးအမြတ်ရရင်ပြီးရော၊ ငါတို့အဆင်ပြေရင် ပြီးရော” ဆိုတဲ့ မူဝါဒပါပဲ။

တရုတ်အတွက်အရေးကြီးတာဟာအိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံတွင်းမှာစီပွားရေးတွေပိုမိုရင်းနှီးမြုပ်နှံဖို့၊ ရင်းနှီးမြုပ်နှံထားတဲ့ စီမံကိန်းတွေ ဘေးကင်းလုံခြုံဖို့နဲ့ ပထဝီနိုင်ငံရေးအရ အချက်အခြာကျတဲ့ မြန်မာနိုင်ငံကို စိတ်ကြိုက်ကိုင်တွယ်ဖို့ပဲ ဖြစ်ပါတယ်။

တရုတ်နဲ့မြန်မာရဲ့ဆက်ဆံရေးမှာ အပေါ်ယံကြည့်ရင် တရုတ်ကပဲ မြန်မာကိုငြိမ်းချမ်းစေချင်လို့၊ ဖွံ့ဖြိုးတိုးတက်စေချင်လို့၊ ဒီမိုကရေစီရစေချင်လို့ဆိုတာတွေဟာ အ​ပြောသက်သက်ပဲဖြစ်ပါတယ်။ အတွင်းကျကျ တူးဆွကြည့်ရင်တော့ တရုတ်ဟာ သူ့နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုပဲ ‌ရှေ့တန်းတင်တယ်ဆိုတာ မြင်တွေ့ရမှာပါ။

Public Service Announcement

Public Service Announcement

တရုတ်ဟာမြန်မာနဲ့ဆက်ဆံရေးမှာ အစိုးရတွေထက် မြန်မာအတွင်းရှိ စီမံကိန်းတွေကို ဦးစားပေးပါတယ်။တရုတ်ဟာ စစ်အာဏာရှင်လက်ထက်တွေမှာ စစ်ခေါင်းဆောင်အဆက်ဆက်နဲ့ အဆင်ပြေအောင်ပေါင်းပြီး စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေ အကြီးအကျယ်လုပ်ခဲ့သလို ​ရွေ​ကောက်ခံအစ်သားအစိုးရ လက်ထက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ပြီး စီးပွားရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ခဲ့တာတွေက သာဓကပါပဲ။

၂၀၂၁ ခု စစ်တပ်က အာဏာသိမ်းလို့ အနောက်နဲ့ဥရောပနိုင်ငံအချို့က မြန်မာကို အဖက်ဖက်ကနေ Sanction (ပိတ်ဆို့မှုတွေ) လုပ်လိုက်တဲ့အခါမှာလည်း တရုတ်က ဒါကို အခွင့်အရေးလို့ မြင်တယ်။ ဆန့်တငင်ငင်ဖြစ်နေတဲ့ စီမံကိန်းတွေပြန်အသက်ဝင်လာဖို့ မျက်စပစ်တော့တာပါပဲ။

ထင်ရှားတာတွေကတော့ ပိုးလမ်းမစီမံကိန်း(BRI)ကို ပိုပြီးအာရုံစိုက် ပိုပြီးအရှိန်မြင့်ဖို့ ကြိုးစားလာတာ၊ မြစ်ဆုံ စီမံကိန်းကို တကျော့ပြန် ကြိုးစားလာတာတွေပါပဲ။မြန်မာအခက်တရုတ်အချက်ဆိုသလိုပါပဲ။ တရုတ်ဟာ သူ့အကျိုးစီးပွားအတွက် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။

စစ်ကောင်စီဟာနိုင်ငံတကာမှာရော၊အာဆီယံနိုင်ငံတွေထဲမှာပါအထီးကျန်နေတော့အိမ်နီးချင်းတရုတ်လောက်ပဲ အားကိုးရတဲ့အတွက် မြန်မာ့အရေးတွေမှာအထူးသဖြင့် နိုင်ငံရေး၊စီပွားရေးတွေမှာ တရုတ်စိတ်ကြိုက် လိုက်လျောပေးတော့တာပါပဲ။

အာဏာသိမ်းစစ်တပ်ကြောင့်အထီးကျန်နေတဲ့ မြန်မာဟာ တရုတ်အပြင် ရုရှနဲ့ပါ ကူးလူးဆက်ဆံမှုများပါတယ်။စစ်ခေါင်းဆောင်ဟာ မကြာခဏဆိုသလို ရုရှကို သွားပါတယ်။ မြန်မာဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခု နောက်ပိုင်း ရုရှနဲ့ စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေများစွာတိုးလာခဲ့ပါတယ်။ထုံးစံအတိုင်း ရုရှနဲ့မြန်မာဟာလည်း ဆရာတပည့် ဆက်ဆံရေးပါပဲ။မြန်မာဟာရုရှရဲ့ တပည့်လိုမျိုးပါ။ဒါကိုတရုတ်ကမကြိုက်လှပါဘူး။တရုတ်က မြန်မာကို ရုရှရဲ့ တပည့် မဖြစ်စေချင်ပါဘူး။ သူရဲ့တပည့်အဖြစ်ပဲ သီးသန့် ဖြစ်စေချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ရဲ့စားကျက်ဖြစ်နေတဲ့မြန်မာကိုရုရှနဲ့ မမျှဝေချင်လို့ပဲဖြစ်ပါတယ်။

တရုတ်အတွက် မြန်မာဟာ ရိုးရိုးအိမ်နီးချင်းနိုင်ငံတခုထက်ပိုပါတယ်။ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်နိုင်ငံပါ။ပိုးလမ်းမစီမံကိန်း(BRI)အောက်မှာရှိတဲ့ မလက္ကာရေလက်ကြားကို ရှောင်ကွင်းပြီး အိန္ဒိယသမုဒ္ဒရာကို ထွက်နိုင်မယ့် တခါးပေါက်ဖြစ်တဲ့ တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ တရုတ်ပြည်မကြီးဆီကို မြန်မာနိုင်ငံအတွင်း ဆက်သွယ်ဖြတ်သန်းသွားတဲ့ ရှည်လျားတဲ့ ‌ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ယူနန်ပြည်ကတဆင့် ကုန်စည်တွေကို အချိန်တိုတွင်း သယ်ယူပို့ဆောင်နိုင်မယ့် ရထားလမ်းမစီမံကိန်း စတဲ့ဗျူဟာမြောက် စီမံကိန်းတွေအတွက် အသာတကြည် ပူးပေါင်းပါဝင် အကောင်အထည်ဖော်မယ့်သူ၊အကာကွယ်ပေး
မယ့်သူ ဘယ်သူဖြစ်ဖြစ်( စစ်ကောင်စီပဲဖြစ်ဖြစ်၊‌ တော်လှန်ရေးအင်အားစုဖြစ်ဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းပဲဖြစ်ဖြစ်)တရုတ်က လက်
တွဲဖို့ဝန်မလေးပါဘူး။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဟာ တရုတ်အတွက်ရွှေတွင်းပါ။ မြန်မာနိုင်ငံထဲကနေ ပင်လယ်ထဲထွက်လို့ရမယ့် လမ်းကြောင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲ ဘယ်လောက်ပဲ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေပါစေ၊ တရုတ်နိုင်ငံထဲကို သွယ်တန်းထားတဲ့ မြန်မာနိုင်ငံတွင်းရှိ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ လုံခြုံဖို့က အသက်တမျှ အရေးကြီးပါတယ်။

မြန်မာနိုင်ငံတွင်း လမ်းမတွေပေါ်မှာ လူပေါင်းများစွာ PSMS (Person Scrutinization and Monitoring System)စနစ်နဲ့စောင့်ကြည့်ပြီး ဖမ်းဆီးခံနေရတာတွေရဲ့ နောက်ကွယ်က ဇာတ်ကောင်ဟာ တရုတ်ပါ။ ဘာလို့လဲဆိုတော့ ဒီစနစ်ရဲ့ နည်းပညာဟာ တရုတ်ဆီကလာတာပါ။ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်အန်တုသူတွေကို ထိန်းချုပ်ထားနိုင်ရင် တရုတ်ဟာ သူ့စီမံကိန်းတွေကို အေးအေးလူလူ လုပ်လို့ရလာနိုင်မယ်လို့ ယူဆထားပြီး နည်းပညာ ပေးထားပုံရပါတယ်။

အခုပြုလုပ်နေဆဲမြန်မာနိုင်ငံရဲ့ ၂၀၂၅ ရွေးကောက်ပွဲကို တရုတ်ဟာ ထဲထဲဝင်ဝင် အားပေးထောက်ခံနေပါတယ်။ ဒီလိုထောက်ခံတယ်ဆိုတာက မြန်မာနိုင်ငံကို အရွေ့တခုရှိစေဖို့ ဆိုတာထက် သူရင်းနှီးမြုပ်နှံထားတဲ့ စီမံကိန်းတွေကို လက်တွဲလုပ်ပေးနိုင်တဲ့ အစိုးရတရပ် မြန်မြန် ပေါ်ထွက်လာစေရေးပဲ ဖြစ်ပါတယ်။ဒါမှသာ ပိုးလမ်းမစီမံကိန်းက မြန်မြန် အသက်ဝင်လာမှာဖြစ်ပါတယ်။

တရုတ်ဟာ စစ်ကောင်စီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပေမယ့် တဖက်မှာလည်းတရုတ်မြန်မာနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် သြဇာလွမ်းမိုးမှုတွေ ရှိနေဆဲဆိုတာ မြောက်ပိုင်း(၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို မီးစိမ်းပြခဲ့တာနဲ့ လားရှိုးမြို့တို့၊ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက အသာတကြည် ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းက သက်သေပြနေပါတယ်။ ဒါဟာ ကိုယ်ကျိုးစီးပွားကို အခြေခံတဲ့ လက်တွေ့ဝါဒပါပဲ။

တရုတ်နဲ့ မြန်မာအကြား ပြောလေ့ရှိတဲ့ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးဆိုတာ အပေါ်ယံ အခေါ်အဝေါ်လောက်ပဲဖြစ်ပြီး၊ တကယ့် လက်တွေ့မှာ‌တော့ တရုတ်ဟာ မိမိရဲ့ ကိုယ်ကျိုးစီးပွားကိုပဲ အမာခံထားတဲ့ လက်တွေ့ဝါဒ (Pragmatism) ကို အခြေခံပြီး ဆက်ဆံနေခြင်းသာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း ဘယ်လိုပဲ ပြောင်းပြောင်း တရုတ်နိုင်ငံကတော့သူ့နိုင်ငံရဲ့ စွမ်းအင်လုံခြုံစွာ အသုံးချနိုင်ရေး၊ ပိုးလမ်းမစီမံကိန်း မြန်မြန်ဆက်လက်အကောင်အထည်ဖော်နိုင်ရေး၊ နယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ
စည်းတွေအပေါ် ပါဝါထိန်းချုပ်နိုင်ရေးတို့အတွက် နည်းပေါင်းစုံ သုံးနေဦးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ