Scorpio/People’s Spring
စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးလမ်းမကြီးဟာ အာဏာသိမ်းကာလမတိုင်မီတုန်းကတော့ နေ့ရောညပါ လူမပြတ်တဲ့ လမ်းမကြီးတစ်ခုပါ။ တရေးနိုးထသွားတောင် ဘေးအန္တရာယ်မရှိ သွားလမ်းကော လာလမ်းပါ ဖြောင့်ခဲ့တဲ့လမ်း။မန္တလေးနဲ့ မုံရွာ နှစ်မြို့တစ်မြို့ဖြစ်စေခဲ့တဲ့လမ်းမကြီးပါ။ အခုတော့ မုံရွာ-မန္တလေးလမ်းမကြီးဟာ အဲဒီအခြေအနေတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားစေခဲ့ပါပြီ။
မန္တလေးကနေ စစ်ကိုင်းတံတားကိုကျော်လို့ စစ်ကိုင်းမြို့က ကြိုဆိုပါ၏ဆိုတဲ့ မုခ်ဦးရောက်တာနဲ့ စစ်ကောင်စီတပ်က ကြမ်းကြမ်းတမ်းတမ်း စတင်ဆီးကြိုပါတယ်။ကားနဲ့ပဲဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် အမျိုးသားဖြစ်တာနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြုလုပ်လေ့ရှိကြောင်းစစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
“ လူလတ်ပိုင်းပါလာရင်ဆွဲချတာပါ။ကိုယ်တွေသွားတုန်းကကားပေါ်ကနေလက်တွေ့ဆွဲချတာ” လို့ လက်တွေ့ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ဒါ့အပြင်လိုင်းကားတို့ ကုန်ကားတို့မို့ အလွတ်ပေးတယ်မထင်ပါနဲ့။ “ ကားသမားတောင် စပယ်ယာခေါ်ထားတာ” လို့ ကားသမားတဦးက ပြောပါတယ်။

Public Service Announcement
စစ်ကိုင်းဝင်တာနဲ့ ကျော်ထက်ကွေ့မီးပွိုင့်တို့ အိုးဘိုအဝိုင်းပတ်တို့ စတဲ့နေရာတွေကလည်း စစ်ကောင်
စီရဲ့ ပေါ်တာဆွဲလေ့ရှိတဲ့နေရာတွေဖြစ်ကြောင်း မြို့ခံတွေကပြောပါတယ်။အဲဒီနေရာတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ အိမ်စီးကားနဲ့ပတ်ကာပေါ်တာဆွဲလေ့ရှိကြောင်းစစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းနယ်ကျေးရွာတစ်ရွာကလူငယ် တစ်ယောက် ပေါ်တာဆွဲခံလိုက်ရတာတော့ မုံရွာ-မန္တလေးလမ်းပေါ်မှာရှိတဲ့ အိုးဘိုအဝိုင်းပတ်အနီးမှာပါ။ အိုးဘိုအဝိုင်းပတ်နားမှာ ရွာပြန်ဖို့ ပလက်ဖောင်းပေါ်ထိုင်ကာ ကားစောင့်နေတုန်း လူတစ်ယောက်ရောက်လာပါတယ်။ သူ့ဖုန်းကို ဆွဲယူလိုက်တယ်။ ပြီးတော့ ခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ အိမ်စီးကားဆီ သွားတယ်။ လူငယ်က သူ့ဖုန်းလိုက်တောင်းတော့ ကားနားအရောက် ကားပေါ်ကြည့်လိုက်တဲ့အချိန် လက်နက်တွေနဲ့ စစ်ကောင်စီတပ်သားတွေ။ သူ့ကို ကားပေါ်တက်တဲ့။ သူပြေးချိန်မရတော့ဘဲ တက်လိုက်ရတော့တယ်လို့ မကြာသေးခင်ကမှ စစ်ကောင်စီတပ်ထဲကနေ လွတ်မြောက်လာတဲ့ ပေါ်တာဆွဲခံလိုက်ရတဲ့ လူငယ်က ပြောပြပါတယ်။ “ ဖုန်းယူတုန်းက ပြေးလို့ရသေးတယ်။ ပေါ်တာဆွဲမယ်လည်းမထင်ဘူးလေ။” လို့ သူကပြောပြတယ်။
အိုးဘိုအဝိုင်းပတ်တင်မကဘဲ ကောင်းမှုတော်ဘုရားအကျော်ကရထားသံလမ်းဆုံမှာလည်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးလေ့ရှိကြောင်း စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
“ ကောင်းမှုတော်နားက သံလမ်းကူးနေရာနဲ့နွားဈေးမှာလည်းဆွဲတယ်” လို့ဒေသခံအမျိုးသမီးတဦးက ပြောပြတယ်။
နောက်ထပ်နေရာကတော့အုန်းတောလမ်းဆုံပါ။ စစ်ကောင်စီဂိတ်လည်းရှိပါတယ်။အဲဒီနေရာမှာလည်း မကြာခဏပေါ်တာဆွဲကြောင်းခရီးသွားတွေကပြောပါတယ်။
“ အုန်းတောအတက်မှာ ဆွဲတာမြင်ခဲ့တာ။ လမ်းဘေးမှာဒူးထောက်ထိုင်ခိုင်းထားတာ” လို့ မုံရွာမြို့ခံ အမျိုးသားတဦးကပြောပြပါတယ်။
တချို့ကတော့ ငြင်းကြပါတယ်။ ငါတို့သွားခဲ့တာ ဘာမှမဖြစ်ပါဘူးအေးဆေးပါပေါ့။ဟုတ်ပါတယ်။ တရက်နဲ့တရက် မတူပါဘူး။ စစ်ကောင်စီတပ်ဟာ နေ့စဥ်ဆွဲနေတာမဟုတ်ဘဲ ကြုံရင်ကြုံသလိုဆွဲနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဆွဲဲတဲ့နေ့တွေမှာတော့ မနက် ၁၀ နာရီရှေ့ပိုင်းနဲ့ နေ့လယ် ၂ နာရီနောက်ပိုင်း ဆွဲလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါကိုလည်း တရားသေမှတ်မထားဖို့ စာဖတ်သူကို အကြံပြုပါတယ်။
“ စစ်ကိုင်းမှာနေ့တိုင်းမဟုတ်တောင်ရက်ခြားလောက်ပေါ်တာဆွဲပါတယ်။ တံတားပေါ်မှာအဆိုးဆုံးပဲ” လို့ အခြားဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဟုတ်ပြီ။ ငါတို့က ယောကျာ်းလေးမဟုတ်ဘူး။ မိန်းကလေးပဲ မဖမ်းလောက်ဘူးလို့များမထင်လိုက်ပါနဲ့။ မုံရွာ-မန္တလေးလမ်းပေါ် ရှောင်တခင်ရောက်ရောက်လာတတ်တဲ့ စစ်ကောင်စီတပ်တွေဟာ မိန်းကလေးတွေပါဖမ်းပြီး မတော်မတရားပြုတာ၊ ငွေယူပြီး ယောကျာ်းသားတွေနဲ့ လူချင်းလဲခိုင်းတာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
“ ဖမ်းထားပြီး အကိုတွေမောင်တွေနဲ့ လူချင်းလဲခိုင်းတာ” လို့ စစ်ကိုင်းဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
လမ်းပေါ်တွေတင်လား မဟုတ်သေးပါဘူး။ စစ်ကိုင်းနဲ့ မုံရွာမြို့ပေါ်မှာလည်း စစ်ကောင်စီက နေ့ရောညပါ ပေါ်တာဆွဲနေတာ နှစ်ချီနေခဲ့ပါပြီ။ ယခင်က အလင်းဆိုင်တွေနဲ့ ညလုံးပေါက်စည်ကားခဲ့တဲ့ မုံရွာဟာညနေရောက်တာနဲ့တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ နေ့စဥ် နေ့ခင်းမှာပါ ပေါ်တာဆွဲနေပြီး တစ်ရက်ကို လူဆယ်ချီ ဖမ်းဆီးနေကြောင်း မြို့ခံတွေက ပြောပါတယ်။
“ မုံရွာမှာ အပြင်ကိုတယောက်ထဲမထွက်ရဲဘူး။ အဖော်မိန်းကလေးဖြစ်ဖြစ် ကလေးတယောက်ဖြစ်ဖြစ်ပါမှအပြင်ထွက်ရဲတာ။” လို့ မုံရွာမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။
ငွေလိုက်နိုင်တဲ့၊ အချိတ်အဆက်ကောင်းတဲ့သူတွေဆိုရင်တော့ ပြန်လွတ်တာတွေရှိတယ်လို့ စစ်ကိုင်းဒေသခံတွေက ဆိုပါတယ်။ ဒါပေမယ့် သိန်းရာချီ ကုန်ပါသတဲ့။ “ ကျောင်းသား ပါသွားတာတောင် သိန်းတစ်ရာအနည်းဆုံးပဲ။ သာမန်လူပါသွားရင် ဘာနဲ့မှလိုက်လို့မရဘူး” လို့ စစ်ကိုင်းဒေသခံတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းတင်မကပါဘူး။ မန္တလေး၊ တံတားဦး၊ ကျောက်ဆည်၊ မြစ်သား၊ပျော်ဘွယ်၊ မိတ္ထီလာ၊ ညောင်ဦး၊ကျောက်ပန်းတောင်း စတဲ့မန္တလေးတိုင်းထဲက မြို့နယ်တွေနဲ့ မကွေးတိုင်းထဲက နယ်တွေမှာပါ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
“ မနက်၅နာရီကစဆွဲတယ်။ နေရပ်မေးတယ်။ ရွာမေးပြီးဆွဲတာ။” လို့ တံတားဦးမြို့ဒေသခံတဦးက ပြောပါတယ်။
အညာလမ်းတွေမှာ အရဲစွန့်သွားလာကြရင်း ဘေးကင်းကြသူတွေရှိဖူးသလို ယနေ့အထိ ဆက်သွယ်မရတော့တဲ့သူတွေလည်း အများကြီးပါ။ မဖြစ်မနေ သွားလာရတာတွေကြောင့် ကြောက်ကြောက်နဲ့ သွားလာနေရကြောင်း စစ်ကိုင်းနဲ့ မုံရွာဒေသခံတွေက ပြောပါတယ်။
“ မုံရွာမြို့ထဲမှာနေရတာ အကျဉ်းထောင်ကြီးထဲနေနေရတဲ့အတိုင်းပဲဗျာ” လို့ မုံရွာမြို့က လူငယ်တစ်ဦးက ပြောလိုက်ပါတယ်။
















































