စက်တင်ဘာ −၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
တနင်္သာရီမြို့နယ် မောတောင် နယ်စပ်လမ်းရှိ သိန်ခွန်းရွာ စစ်မြေပြင်သို့ ပို့ဆောင်ခံရသည့် အာဏာသိမ်း စစ်တပ်မှ တပ်သားသစ် ၂ဦး အလင်းဝင်လှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၂၀ရက်တွင် စစ်ကောင်စီ၏ ခလရ (၂၈၀)တပ်ရင်းမှ တပ်သား ၂ဦးသည် လက်နက်မဲ့ဖြင့် KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၁)ထံအလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ယခု အလင်းဝင်ခိုလှုံလာသည့် တပ်သား(၂)ဦးသည် ထိုင်းနိုင်ငံအလုပ်သွားလုပ်နေစဥ် အဖမ်းခံရပြီး ထိုင်းနိုင်ငံမှတဆင့် ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသူများဖြစ်ကြောင်း၊ ၎င်းတို့ကို ကျွန်းစုမြို့ရှိ အာဏာသိမ်းစစ်တပ်မှ အတင်းအဓမ္မ ပြည်သူ့စစ်မှုထမ်းသင်တန်း (၃)လတက်ခိုင်းခဲ့ပြီး တိုက်ပွဲဖြစ်နေသည့် သိန်ခွန်းဘက် ပို့ဆောင်ခဲ့ရာ ထွက်ပြေးလာခြင်းဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က ယခုကဲ့သို့ အဓမ္မ စစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံအနေဖြင့် ဖမ်းမိသူများကို မြန်မာဘက် ပြန်လွှဲပေးသည့် လုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သကဲ့သို့ ဖြစ်နေဟု ကရင်သတင်းရင်းမြစ်တဦးက ပြောသည်။
“ထိုင်းကလည်း စစ်မှုထမ်းထဲ မထည့်ဘူးလို့ထင်မှာပေါ့” ဟု ၎င်းက ပြောသည်။
စစ်တပ်၏ အဓမ္မ စစ်သားစုဆောင်းမှု လုပ်ရပ်ကြောင့် လက်ရှိကာလတွင် ထိုင်းနိုင်ငံအတွင်းဖမ်းမိသူများကို ပြန်လွှဲပြောင်းခြင်းမပြုလုပ်သေးသင့်ကြောင်းလည်း ကရင်သတင်းရင်းမြစ်က ပြောသည်။
ယခု အလင်းဝင်လာသူ ၂ဦး အပါအဝင် စက်တင်ဘာလအတွင်း KNLA တပ်မဟာ(၄)ထံ အလင်းဝင်လာသူ ၆ဦးရှိပြီး အလင်းဝင်လာသူ ၆ဦးအနက် ၄ဦးသည် လက်နက်များ ယူဆောင်လာခဲ့သည်။

















































