ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ CDF မတူပီ၊ CDF ကန်ပက်လက်၊ PDF ဇိုလဲန်း၊ မရာကာကွယ်ရေးတပ်(MDF) စတဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေဟာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဌာနချုပ် လိုင်ဇာကိုသွားရောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များ၊ KIO ခေါင်းဆောင်များနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပါတယ် ။ ချင်းညီနောင် ခေါင်းဆောင်တွေရဲ့ လိုင်ဇာခရီးစဉ်နှင့်ပတ်သက်ပြီး ချင်းညီနောင်ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းယောမာန်ကို လူထုနွေဦးက ဩဂုတ် ၈ရက်နေ့မှာဆက်သွယ်မေးမြန်းထားပါတယ် ။
ထားမြတ်/People’s Spring
မေး။ ။ ချင်းညီနောင်ခေါင်းဆောင်တွေ လိုင်ဇာခရီးစဉ်ဖြစ်ပေါ်လာတဲ့အကြောင်း ရှင်းပြပေးပါလား။
ဖြေ။ ။ KIO/KIA ကချင်တော်လှန်ရေးအဖွဲ့က ဖိတ်ခေါ်တာပေါ့။ ချင်းညီနောင်အဖွဲ့နဲ့ တွေ့ဆုံလိုတယ်။ ချင်းညီနောင်အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ပေါ့ အဲဒီ ဖိတ်ခေါ်မှုကြောင့် တွေ့ဆုံဆွေးနွေးဖြစ်ကြတာပါ။ ချင်းညီနောင်အဖွဲ့ဝင် ၆ဖွဲ့ အကုန်လုံးသွားရောက်တွေ့ဆုံကြတာပါခင်ဗျ။

Public Service Announcement
မေး။ ။ ခရီးစဉ်က ဘယ်လောက် ကြာခဲ့ပါသလဲ။ ချင်းညီနောင် ခေါင်းဆောင်တွေက ဘယ်သူတွေပါပါသလဲ။
ဖြေ။ ။ ကျနော်တို့ ချင်းညီနောင်အဖွဲ့ပေါ့နော် ။ မင်းတပ် ၊ မတူပီ၊ ကန်ပက်လက်၊ မရာ၊ ဖလမ်း၊ တီးတိန် အဖွဲ့ ၆ဖွဲ့လုံးက ကိုယ်စားလှယ်တွေအကုန်လုံးပါပါတယ်။ ခရီးစဉ် သွားတာက အကုန်လုံး တလဝန်းကျင်ကြာခဲ့တယ်။ ပြီးတော့ ဇူလိုင်တတိယပတ်မှာတော့ တွေ့ဖြစ်ခဲ့ကြတယ်။
မေး။ ။ လိုင်ဇာခရီးစဉ်မှာ ဘယ်သူတွေနဲ့ တွေ့ဖြစ်ခဲ့ကြပါလဲ။
ဖြေ။ ။ ဗိုလ်ချုပ်ကြီး ဂွန်မော်ပေါ့ ။ KIO/KIAက ဆိုရင် ဗိုလ်ချုပ်ကြီးဂွန်မော်နဲ့တွေ့တယ်။ ပြီးတော့မှ တခြား သူတို့ရဲ့ အရာရှိ သူတို့ရဲ့ ခေါင်းဆောင်ပိုင်း ၂ဦး၊ ၃ဦးနဲ့ အတူတူတွေ့ခဲ့တယ်။ အဲဒါက KIO/KIAနဲ့ပေါ့။ NUGနဲ့ ဆိုရင် ယာယီသမ္မတကြီး ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးတွေ အဲဒီလိုမျိုးတွေနဲ့ တွေ့ခဲ့ကြတယ်။
မေး။ ။ NUGနဲ့က အရင်တုန်းကလည်း အွန်လိုင်းက တွေ့တာ သတိထားမိပါတယ်။ အခု မြေပြင်မှာ တွေ့ကြတာဆိုတော့ ဘာတွေဆွေးနွေးကြပါသလဲ။
ဖြေ။ ။ KIO/KIAနဲ့ရော NUGနဲ့ရော အွန်လိုင်ပေါ်က အရင်က တွေ့တာနှစ်ကြိမ်၊ သုံးကြိမ်တော့ရှိပါတယ်။အခုမှမြေပြင်မှာ တွေ့ကြတာပေါ့နော်။ အဓိက ဆွေးနွေးတဲ့အကြောင်းအရာကတော့ ဒီတော်လှန်ရေးပဲပေါ့။ တော်လှန်ရေးကို ကျနော်တို့ ဒီထက်ပိုရွေ့အောင် ဘယ်လိုလုပ်မလဲ။ တော်လှန်ရေးမှာ အခက်အခဲတွေဘယ်လိုကြုံနေရသလဲ။ ကျနော်တို့ တဖွဲ့ချင်းစီထက် မဟာဗျူဟာကျကျ ဘယ်လို ပူးပေါင်းလုပ်ဆောင်နိုင်ကြမလဲ ဘယ်လိုလက်တွဲနိုင်ကြမလဲ ပေါ့နော်။ အဲဒီ သဘောတွေပါပဲ အဲဒီလိုပဲ ဆွေးနွေးကြတာပါ။
မေး။ ။ NUGနဲ့ တွေ့တဲ့အခါ သူ့ရဲ့ ကာကွယ်ရေးတပ်တွေနဲ့ က ချင်းညီနောင်တပ်တွေနဲ့ ဆက်စပ်ဒေသတွေရှိတော့ ပူးပေါင်းဆောင်ရွက်ဖို့ ပိုထိရောက်အောင် ဘာလုပ်ဖို့ရှိပါသလဲ။
ဖြေ။ ။ NUG PDFနဲ့ကတော့ ကျနော်တို့နယ်မြေနဲ့ ထိစပ်နေတဲ့ မကွေး၊ စစ်ကိုင်း ပေါ့နော် ထိစပ်တဲ့နေရာမှာ အရင်ကတည်းက ထိုးစစ်ဆင်တဲ့နေရာမှာ တတပ်တအား ပါဝင်ဖို့က ပြင်ဆင်ပြီးသား ရှိပြီးသားပါ။ အဲဒါနဲ့ပတ်သက်ပြီး အထူးတလည်ဆွေးနွေးကြတာတော့ မရှိပါဘူး။ သူတို့ကလည်း နားလည်ပြီးသားပဲ။ ကျနော်တို့ ဘယ်လိုပါဝင်မယ်ပေါ့နော်။ အသေးစိတ် တွေကတော့ တပ်ဘက်က လူတွေ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီးမှတော့ သူတို့ တာဝန်ရှိတဲ့သူတွေက သူတို့ဟာ သူတို့ လုပ်ကြမှာပေါ့နော်။ အရင်ကတည်းက ပေါ်လစီအရရော မြေပြန့်ကို ဆင်းမယ် ပူးပေါင်းပါဝင်မယ်ဆိုတာ အရင်ကတည်းက ချင်းညီနောင် စဖွဲ့ကတည်းက ကျနော်တို့ ဒေသတွေ ချင်းပြည်နယ် လွတ်မြောက် လာပြီးရင် အကုန်လုံး ပါဝင်မယ်ဆိုတာရှိပြီးသား။ ကျနော်တို့ ဒီမှာ ဆွေးနွေးတာက အခု မြေပြင်တွေ့ဆုံ မှုမှာလည်းပဲ နည်းနည်း ယျေဘူယျဆန်ပါတယ်။လုပ်ငန်းညှိနှိုင်းအစည်းအဝေးသဘောမဟုတ်ဘူး။ တဦးနဲ့တဦး မေးမြန်းကြတာပေါ့။သူတို့အနေနဲ့ ချင်းပြည်နယ်နဲ့ပတ်သက်လို့ မေးမြန်းတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ မေးမြန်းတယ်။ ကျနော်တို့ အတွေ့အကြုံ လောလောဆယ် မြန်မာ့တော်လှန်ရေးအခြေအနေ ပြီးတော့မှပထဝီ နိုင်ငံရေးတွေ ဘယ်လိုဖြစ်တယ်ဆိုတာလေးတွေ အဲဒီလိုမျိုးများများဆွေးနွေးဖြစ်တယ်။အဲဒီလို မျိုးပါပဲ။
မေး။ ။ ယာယီသမ္မတနဲ့လည်းတိုက်ရိုက်တွေ့ဆုံဖြစ်ခဲ့တာဆိုတော့ ချင်းညီနောင်တွေရဲ့ မြို့သိမ်း အောင်ပွဲတွေအပေါ် ဘာတွေပြောလဲ။နောက်တခုက ချင်း အချင်းချင်းအကြား ပြဿနာလေးတွေရှိတဲ့အပေါ် ဘာတွေတိုက်တွန်းတာရှိလဲ။
ဖြေ။ ။ကျနော်တို့ တွေ့ဆုံတုန်းမှာပဲ ချင်းပြည်နယ်ရဲ့ တော်လှန်ရေးအောင်ပွဲတွေကို သူတို့ သိတယ်ပေါ့။ သူတို့ မြင်ရတယ်။ ချင်းပြည်နယ်မှာ တမြို့ပြီး တမြို့ ဘယ်လိုသိမ်းနေတယ် ဘယ်လိုတိုက်ခိုက်တယ်ဆိုတဲ့ ကောင်းသတင်းတွေ ကြားရတာ ဝမ်းသာတယ်ပေါ့။ ဘယ်အဖွဲ့က ဘယ်လို ဘယ်လိုတမြို့ပြီးတမြို့ သိမ်းသွားတယ်ဆိုတာ သူတို့ သိတယ်ပေါ့နော်။ အဲဒီအတွက်လည်းဂုဏ်ယူတဲ့အကြောင်း ဝမ်းသာတဲ့အကြောင်း လက်စောင်းထက်တာ သူတို့ ကြားရတာ မြင်ရတာ ဝမ်းသာတယ်ပေါ့ အဲဒီလို ထုတ်ဖော်ပြောဆိုချီးမွမ်းတာမျိုးတော့ ရှိပါတယ်။ ပြီးတော့မှ ချင်းတော်လှန်ရေး အဖွဲ့တွေ အချင်းချင်း ပေါ့နော် အဲဒီလို အဆင်မပြေတာတွေ့လို့ သူတို့ စိတ်မကောင်းတဲ့အကြောင်း၊ တကယ်တော့ ချင်းအချင်းချင်းပဲ ညီအကိုအချင်းချင်းပဲ ပြေလည်အောင် နည်းလမ်းရှာသင့်တယ်ပေါ့နော်။ ပြေလည်အောင်လည်း နည်းလမ်းရှာ လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်ဆိုတဲ့အကြောင်းတွေ အဲဒီလို ရှိပါတယ်။
မေး။ ။ချင်းညီနောင်အနေနဲ့ရော NUGကို အကြံပြုတာရှိပါသလား။အထူးသဖြင့် ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့တို့ အခြားအကြံပြုတာရှိပါသလား။
ဖြေ။ ။ ကျနော်တို့အ နေနဲ့ အကြံပြုတယ်ဆိုတာထက် ကျနော်တို့ တွေ့ဆုံမှုမှာ အပြန်အလှန်ဆွေးနွေးကြတယ်ပေါ့နော်။ အကုန်လုံးကတော့ ကိုယ့်အခက်အခဲနဲ့ကိုယ်ရှိပါတယ်။ လောလောဆယ် တော်လှန်ရေးတကယ်လုပ်နေတဲ့ အဖွဲ့အစည်းတွေအကုန်လုံးကတော့ အခက်အခဲတွေ ကျော်ဖြတ်နေရတဲ့ကာလပဲ။အကြံပြုတယ်ဆိုတာ လွယ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ပါဆိုတာ လွယ်တယ်။ လိုအပ်ပါတယ်။တကယ်လည်းလိုအပ်လို့ပြောတာပါ။ ဒါပေမဲ့လည်း တကယ့်တကယ် လက်တွေ့လုပ်ဆောင်တဲ့အခါကျရင် သူ့ရဲ့ organizational structure(အဖွဲ့အစည်း ဖွဲ့စည်းပုံ)အရပြီးတော့မှ အမိန့်စီးဆင်းပုံအရညွှန်ကြားချက်တွေကိုနားလည်ပုံ စီးဆင်းပုံ ချိတ်ဆက်ထားပုံအရ သူ့မှာ အခက်အခဲတော့ အများကြီးရှိတာပေါ့။ အဖွဲ့အစည်း ကြီးလေလေပိုခက်ခဲလေပေါ့။ ကျနော်တို့အနေနဲ့တော့ အပြန်အလှန်ဆွေးနွေးဖြစ်ကြတယ်။မြေပြင်အခြေအနေတွေ ဘယ်လိုရှိတယ်။ တော်လှန်ရေးအရွေ့တွေ ဘယ်လိုသွားချင်တယ် ဘယ်လိုမျိုးသွားကြမယ် အဲဒီလိုမျိုးတော့ အကုန်လုံးပေါ့။ ကျနော်တို့ဘက်ကလည်း လေ့လာသင်ယူစရာအများကြီးရှိတယ်။ အဲဒီလိုမျိုးနဲ့ အပြန်အလှန်ဆွေးနွေးတဲ့ သဘောပါပဲ။
မေး။ ။ KIO နဲ့ တွေ့ဆုံတဲ့အခါမှာရော ဘာတွေ အဓိကဆွေးနွေးဖြစ်ပါသလဲ။
ဖြေ။ ။ KIO/KIAနဲ့ ကျနော်တို့ အရင်ကထက်ပိုပြီးမှ နီးကပ်တဲ့ဆက်ဆံရေးမဟာဗျူဟာကျကျ လက်တွဲ ပူးပေါင်းဖို့ ပေါ့နော်။ ပြီးတော့ ဒီတော်လှန်ရေး အရွေ့ဖြစ်အောင် ဘယ်လို ပူးပေါင်းလုပ်ဆောင်ဖို့ အဲဒါတွေပဲ အဓိက ထားပြီး ဆွေးနွေးဖြစ်ကြပါတယ်။ သူတို့အနေနဲ့လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ရော KIO/KIA အတိုင်းအတာနဲ့ရော ဘယ်လိုလုပ်နေတယ် ကျနော်တို့အနေနဲ့ ဘယ်လိုချိတ်ဆက်ပြီးတော့ လုပ်နိုင်တယ်၊ ဒီတော်လှန်ရေး အရွေ့ဖြစ်အောင်ဘယ်လိုဆက်ပူးပေါင်းကြမယ် အဲဒီလိုမျိုးတွေပေါ့။
မေး။ ။ KIO ဝါရင့် အဖွဲ့အစည်းလည်းဖြစ်တယ်။ တော်လှန်ရေးမှာလည်း ထိထိရောက်ရောက်ပါဝင်ပြီးတော့ တိုက်ခိုက်နေတဲ့အဖွဲ့အစည်းဖြစ်တော့ ဒီခရီးစဉ်မှာ သူတို့နဲ့ပတ်သက်ပြီး သတိထားမိတာ၊ လေ့လာစရာက ဘာတွေဖြစ်ပါသလဲ။
ဖြေ။ ။ ကျနော်တို့က သင်ယူလေ့လာစရာတွေအများကြီးပါ။ သူတို့အများကြီးရှေ့ရောက်နေတယ်။ ရှေ့ရောက်နေတယ်ဆိုတာ အများကြီး ကျော်ဖြတ်ခဲ့ရတာ။အခက်အခဲတွေကိုပေါ့။ ဥပမာ ကျနော်တို့ချင်းတော်လှန်ရေး အဖွဲ့အစည်းတွေကြား ပဋိပက္ခတွေ ဖြစ်နေတယ်ဆိုတာလည်းပဲ သူတို့လည်းပဲ အရင်တုန်းက ဒီလိုမျိုးဟာတွေကို တကြိမ်၊ နှစ်ကြိမ်မက ကျော်ဖြတ်ခဲ့ရတယ်။ ဖြတ်သန်းခဲ့ဖူးတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး သူတို့ကလည်း ကူညီနိုင်တာရှိရင်ကူညီဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့အကြောင်းရော။ဒါကအစည်းအဝေးခန်းမထဲတွေ့တာတင်မဟုတ်ပါဘူး။ ကျနော်တို့ လမ်းတွေဘာတွေ သွားတဲ့အခါ၊ သူတို့ရဲ့ တက္ကသိုလ်တွေ လုပ်နေတာ၊ပြီးတော့မှအရင်းအမြစ်ကို ဘယ်လိုလုပ်နေတာ ပြည်သူလူထုဝန်ဆောင်မှု ဘယ်လိုပေးထားတာ ဒါတွေကအစ အကုန်လုံးပေါ့ လေ့လာသင်ယူစရာ အများကြီးပါပဲ။ ကျနော်တို့မှာက ငါတို့ဆီ ငါတို့ ပြန်ရောက်တဲ့အခါ ငါတို့လည်း ဘယ်လိုလုပ်ရမယ်ဘယ်လိုတိုင်ပင်ကြမယ်ဘယ်လိုတည်ဆောက်ကြမယ်ဆိုတာမျိုးတွေပေါ့။ ရှေ့ဆက်ပြီး ငါတို့အလုပ်လုပ်စရာ အများကြီးရှိတယ် အဲဒီလိုမျိုးပါ။ဒါကအစည်းအဝေး ခန်းမထဲမှာ ပြောဆိုဆွေးနွေးတဲ့နေရာကနေ သင်ယူစရာတင်မဟုတ်ဘဲနဲ့ သွားလာ တဲ့အခါ လက်တွေ့မြင်ရတာပေါ့နော်။ ကျနော်တို့ကတော်လှန်ရေးတလျှောက်ကိုယ့်ဒေသ ကိုယ်နေတော့ကိုယ်ကကိုယ့်ဝါးလုံးခေါင်းထဲ ကိုယ်သာသလိုဖြစ်တာကိုး။သူများဒေသ ဥပမာ မကွေး၊ စစ်ကိုင်းဖြတ်သွားတဲ့အချိန်မှာလည်း ဘယ်လိုလုပ်နေကြတယ်ဆိုတာကျနော်တို့မှာသင်ယူစရာ လေ့လာစရာ ရှိတယ် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲကြဖို့ ငါတို့ ဘယ်လိုလုပ်နေတာ မှန်တယ် ဘယ်နေရာမှာတော့ ဘယ်လိုပြောင်းလဲရမယ် ဘယ်လိုအားထည့်ရမယ်ပေါ့။ ပြီးတော့မှ KIO/KIA ဆီကိုရောက်သွားတော့လည်း သူတို့ ဘယ်လောက် ရှည်ရှည်ဝေးဝေးတွေးထားတယ် ဘယ်လောက်ပြင်ဆင်ထားတယ် မဟာဗျူဟာ ကျကျ ဘယ်လိုမျိုး စဉ်းစားလုပ်ဆောင်ထားတယ်ဆိုတာ ကျနော်တို့အတွက်က လေ့လာသင်ယူစရာတွေချည်းပါပဲ။
မေး။ ။KIO/KIA အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတခုဖြစ်တယ် သူ့ရဲ့စဉ်းစားချက်တွေကိုရော ဘယ်လိုတွေ့ရပါသလဲ။ ကချင်ပြည်နယ်လွတ်မြောက်ရေးအတွက်အပြင် ပြည်ထောင်စုအတွက် ဘယ်လို စဉ်းစားချက်တွေရှိလဲ။ တိုင်းရင်းသားအချင်းချင်းအတွက်ရော ဘယ်လိုစဉ်းစားလဲပေါ့။
ဖြေ။ ။ KIO/KIAကတော့တနိုင်ငံလုံးကိုထည့်စဉ်းစားတယ်။တနိုင်ငံလုံးအတွက်ပေါ့နော်။ခုနကျနော်ပြောသလို ပဲ သူတို့အနေနဲ့ မဟာဗျူဟာ ကျကျ စဉ်းစားတာရှိတယ်။ ကြီးကြီး စဉ်းစားတယ်။ ဝေးဝေး စဉ်းစားတယ်ပေါ့နော်။ ကြီးကြီး ဝေးဝေးထဲမှာ ကချင်တွေအတွက်လည်းပါပြီးသားပဲ။ ဒါပေမဲ့လည်းဒါကချင်အတွက်တည်းမဟုတ်ဘူးပေါ့နော်။ တနိုင်ငံလုံးရဲ့အရွေ့အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သူ့ရဲ့ resource တွေ မျှဝေပေးတာကအစ၊ သူ့ရဲ့ man power တွေကိုပေါ့နော်။ အဲဒီလိုမျိုးတွေ့က အစ တနိုင်ငံလုံးအနေနဲ့ ရွေ့သွားဖို့ တွေးတာ မဟာဗျူဟာကျကျ စဉ်းစားတာ ပါဝင်တာတော့သိရတယ်။ အဲဒီလို မြင်ရတယ်ခင်ဗျ။
မေး။ ။ တွေ့ဆုံခဲ့ရတဲ့ ဗိုလ်ချုပ်ဂွန်မော်အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ဗိုလ်ချုပ်ဂွန်မော်ဆိုတာက ကျနော်တို့ မှတ်ချက်ပေးဖို့ဆိုတာကျနော်တို့ကဘာမှမဟုတ်ပါဘူး။အဲဒီလို ပြောဖို ခက်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးကို လုပ်နေတဲ့ လူငယ်တယောက်အနေနဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ လူငယ်တယောက်အနေနဲ့တော့ ဗိုလ်ချုပ်ဂွန်မော်မှ မဟုတ်ပါဘူး သမ္မတကြီးကအစ သူတို့ရဲ့စေတနာ၊ ရိုးသားဖြောင့်မတ်မှု၊ စိတ်အားထက်သန်မှု ၊အရိုးခံ စိတ်ပေါ့ ကျနော့်ရဲ့ personally အတွက် အရေးကြီးဆုံးက အရိုးခံစိတ် ဖြစ်တာကို ခံစားလို့ရတယ်ပေါ့။ လူတွေက စကားလုံးတော့ ပြောကြတာပဲ အမူအယာတွေက အမျိုးမျိုးရှိမှာပဲ။ ဒါပေမဲ့ အရိုးခံစိတ်ရှိတဲ့ပုံစံ နွေးနွေးထွေးထွေးပေါ့ အကိုကြီးတယောက်လို ဖခင်ကြီးတယောက်လိုတကယ့် စေတနာမှန်ကန်တဲ့ အရိုးခံ စိတ် စိတ်ထားမှန်တဲ့သဘောပေါ့နော်။ ကျနော်တို့အနေနဲ့ သူတို့တွေဆီက သယ်ယူစရာလေ့လာစရာပဲရှိပါတယ်။ ရှည်ရှည်ဝေးဝေး တွေးတာ မဟာဗျူဟာကျကျပြောတာဆိုရင် ကျနော်တို့ မသိထားတဲ့ ရှုထောင့်၊ မမြင်နိုင်ခဲ့တဲ့ perspective ပေါ့ အဲဒါဆိုတော့ အဲဒါမျိုးတွေ့ရတာများတယ်။ အဲဒီလိုဆိုတော့ အများကြီး အကျိုးဖြစ်ထွန်းတဲ့ ခရီးစဉ်တခုပါပဲ။
မေး။ ။ KIOက ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့မဟာမိတ်ဖြစ်တယ်။ ဒီခရီးစဉ်ပေါ်ပေါက်လာတဲ့အတွက် ညီအကိုဆိုလည်းဟုတ်တယ် တဖက်မှာ လည်း ပြဿနာအချို့ ဖြစ်နေတဲ့CNFကိုဘာလိုသတင်းစကား ပြောလိုပါသလဲ။
ဖြေ။ ။ ကျနော်တို့ တကူးတက သတင်းစကားပေးစရာမလိုပါဘူး။မလိုပါဘူးဆိုတာကတော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းအချင်းချင်း တော်လှန်ရေးကို မျက်နှာမူတယ် ပြည်သူကို မျက်နှာမူတဲ့ အဖွဲ့အစည်းအချင်းချင်းပါပဲ။ ကိုယ့်ဟာနဲ့ကိုယ် ကိုယ်ယုံကြည်သလို ကိုယ်လုပ်နေသလို ဒီတော်လှန်ရေးကို လုပ်နေကြတာပါပဲ။ ကိုယ်က သတင်းစကား ပြောရအောင် မှတ်ချက်ပြုရအောင်ကိုယ်က ဒီလို လုပ်ပါလား ဟိုလိုလုပ်ပါလားဆိုတဲ့ အဆင့်မရှိပါဘူး။ ပြီးတော့မှ ကျနော်တို့မှာက ကျနော်တို့ရဲ့ အတွေ့အကြုံနဲ့ ကျနော်တို့ရဲ့ ဖြတ်သန်းမှုနဲ့က ကိုယ့်ရဲ့ အဖွဲ့အစည်း ၊ ကိုယ့်ရဲ့ ညီနောင်အဖွဲ့အစည်းကို အာရုံစိုက်ဖို့ တော်လှန်ရေးကို တကယ် အရွေ့ဖြစ်အောင် အလုပ်လုပ်ဖို့ပါ။အဲဒါပဲလိုတာပါ။ တကယ့်တကယ် ဒီဟာတောင်မှဓာတ်ပုံတွေတင်ကြဘာကြလို့ပါ။ ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ ဒီခရီးစဉ် ဒီဆွေးနွေးမှုကနေ ကျနော်တို့မှာ အိမ်စာတွေအများကြီးပါလာတယ်။ အလုပ်တွေအများကြီး ပါလာတယ်။ အဲဒီ အလုပ်တွေ တကယ် လုပ်ဖြစ်လာတယ် ရလဒ် ပေါ်မှသာလျင် ဒီ လူတွေက အဲဒီတုန်းက အဲဒီလို သွားခဲ့ကြတာလားဆိုတဲ့ ပုံစံမျိုးပဲ သိစေချင်တာပါ။
မေး။ ။ လိုင်ဇာကို ရောက်ဖို့ ဖြတ်သန်းရတဲ့ ခရီးစဉ်ကအဝေးကြီးဆိုတော့ခရီးသွားလာရေး အတွေ့အကြုံ ပြောပြပေးပါလား။ အရင်တုန်းကတော့ အခုလို သွားလာဖို့ မလွယ်ဘူး အခုသွားလာနိုင်ပြီဆိုတော့လေ။
ဖြေ။ ။ ဟုတ်တယ်။ အရင်တုန်းက ကျနော်တို့ CDF ရဲဘော်လေးတွေတခါ ၂၀၂၁ နှစ်ကုန်ပိုင်းတုန်းကတခါထွက်ဖူးတယ်။အဲဒီတုန်းကအမှတ်(၁)စစ်ဒေသမှာ ချင်းတပ်ရင်းတွေပါမယ် ဘာညာပေါ့နော် အဲဒီလိုမျိုးဖြစ်တုန်းက ကျနော်တို့ သွားခဲ့တုန်းက အသွားအပြန်ကို ၈လကျော်ကြာတယ်။ အခုဆိုရင် တစ်လဝန်းကျင်လောက်နဲ့ပဲ အသွားအပြန်လုပ်လို့ရတယ်အဲဒီလိုမျိုးဆိုတော့အရင်ကထက် တော်လှန်ရေးက အများကြီး တိုးတက်လာတာကို မြင်ရတယ်။ကောင်းတာ အများကြီး မြင်ရပါတယ်။ တချို့ အခက်အခဲတွေလည်း အများကြီးမြင်ရတယ်။ တချို့နေရာတွေမှာက PDF ပဲ ပြောပြော ပကဖ ပဲ ပြောပြောပေါ့နော်တချို့ကကျတော့စစ်ပုံမပေါက်တာပေါ့။ လူငယ်လေးတွေ ဂိတ်ထိုင်တယ်။ နေကြထိုင်ကြတဲ့ပုံစံကစစ်သားပုံမပေါက်တာ။အပြောအဆို အနေအထိုင် အဲဒီလိုမျိုးက စစ်ပုံမပေါက်ဘူးပေါ့။ အဲဒီလိုမျိုးတွေဆိုတော့ ကျနော်တို့ကတော့ ကျနော်တို့ တပ်ဖွဲ့တွေပဲ ကျနော်တို့ သိတော့ ကိုယ့်တပ်ဖွဲ့နဲ့ နှိုင်းယှဉ်ကြည့်တာပေါ့။ အော် ငါတို့ အဖွဲ့တွေမှာတော့ ငါတို့ ဂိတ်မှာနေတဲ့လူငယ်တွေက ဘယ်လိုဝတ်စားတယ် ဘယ်လိုပြောတယ် ဘယ်လိုရှိတယ်ပေါ့နော်။ တချို့ကျတော့လည်းပဲ တကယ်စိတ်အားထက်သန်တဲ့ တကယ်မရှိရှိတဲ့ ချို့တဲ့တဲ့ ကြားထဲက ကျနော်တို့ လိုပဲ ဒါလုံး၀ စိတ်ဓာတ်တခုတည်းနဲ့ ရပ်တည် ရုန်းကန်နေတဲ့အဖွဲ့တွေလည်းရှိတာပဲ။ ကျနော်တို့ သွားတယ်ဆိုတာလည်း လမ်းကြောင်းပေါင်းစုံနဲ့ သွားကြတာပဲ။ တဖက်က သွားတဲ့အဖွဲ့ ဒီဘက်က သွားတဲ့အဖွဲ့ အဲဒီလိုမျိုးပေါ့ ။ ကျနော်တို့ သွားတယ်ဆိုတာ ကျနော်တို့ အဖွဲ့မှာတော့ တဆင့်ပြီး တဆင့် ချိတ်ဆက်ပြီးသွားတာ။ ချိတ်ဆက်ပြီးသွားတော့ တခါတလေကျတော့ ပျူခြံတွေ သူတို့ကတော့ ပျူခြံလို့ ခေါ်တယ် ပျူရွာလို့ မခေါ်တော့ဘူး။ပျူခြံတွေကိုရှောင်ကွင်းသွားရတာပေါ့။ အဲဒီ စကားလုံးလည်း သဘောကျတယ် ပျူခြံတဲ့။ ဝက်ခြံ ၊ ကြက်ခြံပြီးရင် ပျူခြံပေါ့။ အဲဒီ ပျူခြံတွေကို ရှောင်ကွင်းသွားရတာတွေ တချို့စစ်ကောင်စီထိန်းချုပ်မှုရှိနေသေးတဲ့ ရွာတွေ ရှောင်ကွင်းသွားရတာ မြစ်တွေဘာတွေဖြတ်ရတာဆိုရင် နည်းနည်း အသည်းယားစရာတော့ကောင်းတာပေါ့။ အဲဒီလိုမျိုးတော့ရှိတယ်။ ဒါပေမဲ့ တော်တော်များများက မြို့နယ် တမြို့နယ်နဲ့ ပြောလိုက်မယ်ဆိုရင် မြို့တွင်းလောက်မှာပဲ စစ်ကောင်စီ ကျန်တော့တာကိုး။ ကျန်တဲ့ တောဒေသ အကုန်လုံးက တော်လှန်ရေးလွတ်လွတ်လပ်လပ် လှုပ်ရှားတဲ့နေရာပဲ။နယ်မြေ control ကြည့်မယ်ဆိုရင်တော့ တော်လှန်ရေးအဖွဲ့တွေ တော်တော်များများ controlလုပ်ထားတာပဲ။မြို့ပေါ်ရပ်ကွက်တွေ လောက်ပဲ စစ်ကောင်စီ ကနည်းနည်း control လုပ်တာကိုး။ ဒါပေမဲ့ သူတို့က အချိန်မရွေး သွားလာ စစ်ကြောင်းထိုးနိုင်တာကိုတွေ့ပြန်တော့လည်း ကိုယ့် control က control မဟုတ်ပြန်ဘူးပေါ့။ ကောင်းကောင်းမကာကွယ်နိုင်တဲ့ ဒေသ အဲဒီလိုမျိုးလည်းတွေ့ပြန်ရော။ ပြီးတော့မှကိုယ်ထိန်းချုပ်တဲ့ နယ်မြေက တအားကျယ်နေသော်ငြားလည်း တော်လှန်ရေး အဖွဲ့တွေက ပြန့်ကျဲနေတဲ့အတွက်ကြောင့် အဲဒီလိုမျိုးပေါ့။ အဲဒါတွေက နောက်တဆင့် ကျော်ရမယ့် တော်လှန်နေရးလှေခါးထစ်နေမှာပေါ့။ဒါပေမဲ့ တွေ့ရတာ အားရစရာတွေအများကြီးရှိပါတယ် ဝမ်းသာစရာတွေ အများကြီးရှိပါတယ်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကိုပဲ ကိုယ်မကြားဖူးတဲ့ အဖွဲ့ ဆိုရင်တောင်မှပဲ ကူညီကြတယ် တက်နိုင်တဲ့ဘက်က မဖြစ်ဖြစ်အောင် အဆင်ပြေအောင် ဝိုင်းဝန်းလုပ်ပေး ကူညီပေးကြတယ် အဲဒီလိုမျိုးတွေအများကြီးတွေ့ရပါတယ်။
မေး။ ။ လိုင်ဇာမသွားခင်နဲ့ ခရီးစဉ်ကအပြန် ချင်းညီနောင်ရဲ့ စဉ်းစားချက်တွေ အရင်နဲ့မတူတော့ရှိလား ။
ဖြေ။ ။ ရှိတာပေါ့။ ကျနော်တို့အနေနဲ့အဓိက တော့ စဉ်းစားရုံပဲ ကွဲသွားလို့မရဘူးလေး။ အလုပ်တွေထပ်လုပ်လာဖို့ လိုတယ်။ ကျနော်တို့အနေနဲ့ ပိုတာဝန်ကြီးလာတာပေါ့။ ပိုတာဝန်ကြီးလာတယ် ပိုပြီး ချိတ်ဆက်လုပ်ဆောင်စရာ အများကြီးရှိလာတယ်။ တော်လှန်ရေးကို ဒီထက်အရွေ့ဖြစ်အောင် တော်လှန်ရေးကို ဝါးလုံးခေါင်းထဲ သာလို့မရတော့ဘူး။ ကျနော်တို့အနေနဲ့ အမြင်လည်း ကျယ်ဖို့ လိုတယ် ရင်ဘတ်လည်း ကျယ်ဖို့ လိုတယ် အရင်ကထက်လည်း ပိုအလုပ်လုပ်ရမှာပေါ့နော်။ အဲဒီလိုမျိုး အများကြီးတော့ ပြောင်းလဲသွားတာရှိပါတယ်။
မေး။ ။ KIOက NUGနဲ့ တွဲပြီးတော့ စစ်ဒေသတွေ သတ်မှတ်ပြီးလုပ်နေတာရှိတာပေါ့။ အဲဒီလို လုပ်ဆောင်ချက်တွေမှာချင်းညီနောင်ပူးပေါင်းပါဝင်လုပ်ဆောင်တာတွေရှိလာမလား။ KIOနဲ့ ဘယ်လိုချိတ်ဆက်ပြီး ရှေ့ဆက်လုပ်သွားမလဲ။
ဖြေ။ ။ ပူးပေါင်းလုပ်ဆောင်ဖို့ကတော့ KIO/KIAနဲ့ ဖြစ်ဖြစ် NUG/PDFနဲ့ ဖြစ်ဖြစ် ရှိလာမှာ။ စစ်ရေးဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့နော်။ တချိန်ကပြည်သူတွေ သိလာပါလိမ့်မယ်။ဘယ်လိုပူးပေါင်းကြသလဲ ဘယ်လိုဖြစ်သလဲဆိုတာ။ ကျနော်တို့အနေနဲ့ အခုန ပြောသလို ကိုယ့်ရဲ့ လုပ်ဆောင်မှု ရလဒ်သည်သာလျင် အသံတခုဖြစ်လာဖို့မျှော်လင့်ပါတယ်။
မေး။ ။ ဒေသ တခုလွတ်မြောက်ရေးဆိုတာထက် ပြည်ထောင်စုတခုလုံးလွတ်မြောက်ရေး စဉ်းစားချက်တွေ အရင်ကလည်း ရှိပြီးသား ဒီအပေါ် ပိုခိုင်မာလာတယ် ဆိုတဲ့ အနေအထား အဲဒီလို ပြောလို့ရလား။
ဖြေ။ ။ ပိုခိုင်မာလာတယ် ဆိုတာထက် လက်တွေ့ကျကျ ဘယ်လိုချဉ်းကပ်ကြမလဲ ဘယ်လို အလုပ်လုပ်လာကြမလဲ ဆိုတာမျိုးပေါ့။ ကျနော်တို့ရဲ့ သံဓိဌာန်ခိုင်မာဖို့ပဲ ပြောလို့မရဘူးလေ အလုပ်ခိုင်မာဖို့ပဲ လိုတာကိုး။ အလုပ်ကို မဟာဗျူဟာ ကျကျ ချဉ်းကပ်ဖို့ဆိုတော့ ကျနော်တို့ အဓိကတော့ ဘယ်လိုလုပ်ကြမလဲ ဘယ်လို ပူးပေါင်းချိတ်ဆက်ကြမလဲဆိုတာ ပေါ်လာပြီ ပေါ့နော်။ တကယ်လည်း အရွေ့ထပ်ဖြစ်အောင် အလုပ်ဝိုင်းလုပ်ကြဖို့ လိုမှာပေါ့။ ဝိုင်းဝန်းအားထုတ် အလုပ်လုပ်ရမှာပေါ့။
မေး။ ။တော်လှန်ရေးအဖွဲ့တွေကပြင်သလို တဖက်မှာလည်းစကစကလည်းပြင်နေတာပေါ့။ စစ်သားတွေ စုဆောင်းတယ် လက်နက်ခဲယမ်းတွေ နည်းပညာတွေ လုပ်တယ် ၊ ထိုးစစ်တွေ လုပ်တယ် ၊ မြို့အချို့ ပြန်သိမ်းတာ ရှိတယ် ဒီအခြေအနေတွေ ကျော်လွှားဖို့ ဘာပြောလိုလဲ ဒီအပေါ်စိုးရိမ်မှုရှိလား။
ဖြေ။ ။ စိုးရိမ်မှုဆိုတာထက်ဒါတော်လှန်ရေး အချက်ပေး ခေါင်းလောင်းသံ လို့ပဲ ယူဆရမှာပဲ။ အရင်ကတည်းက ကျနော်တို့ရဲ့ ခံယူချက်မှာတော့ မြို့နယ်တွေပေါ့ ဥပမာ ဖလမ်းတို့ ၊ ကန်ပက်လက်တို့ မင်းတပ်တို့ မတူပီတို့ လွတ်မြောက်သွားပြီပေါ့လေ။ ကျနော်တို့ လွတ်မြောက်သွားတယ်ဆိုတာ ရွှေရည်စိမ်လွတ်လပ်ရေးပဲ။အချိန်မရွေးပြန်ပါသွားနိုင်တာပဲ။ ဆိုတော့ ဒါကို ကျနော်တို့ သာယာနေလို့မရဘူး။ ရှေ့ဆက် အလုပ်လုပ်နေဖို့လိုတယ်ပေါ့နော်။ အဲဒါ အရင်ကတည်းကကျနော်တို့ လက်ခံထားတယ်။ စစ်ကောင်စီကတော့ ရှင်းရှင်းပြောရရင် အခုလောလောဆယ်နောင်ချိုပြီးရင် မိုးကုတ်ဘက် မိုးဗြဲ ဒီမောဆိုဘက် ကြည့်မယ်ပေါ့နော်။ ဘယ်လိုပြောမလဲ စစ်ကိုင်းဘက် ချင်းဘက်ကို ဘယ်အချိန်ဦးတည်လာမလဲမသိဘူး။သူတို့ အနေနဲ့ ကျနော်တို့ ဆီ ချင်းကတော့ အချိန်မရွေး ပြန်ဆော်လို့ရတယ်ကွာ ဒီကောင်တွေကို ခဏ ကြိုးရှည်ရှည်လှန်ထားအုံးမယ် အဲဒီလိုတွေးတာလည်း ဖြစ်မှာပဲ။ဆိုတော့ကျနော်တို့မှာကရရင် ရတဲ့ အခွင့်အရေးပေါ့။ တခြားဘက် အလုပ်ရှုပ်နေတဲ့အချိန် ကျနော်တို့ ဘယ်လိုတည်ဆောက်ထားမလဲ ဘယ်လိုရုန်းကန်ထားမလဲ ဆိုတာမျိုးတွေ အဲဒါမျိုးတွေလုပ်ရမှာပဲ။ ဒီစစ်ကောင်စီကိုကြာကြာ အသက်ရှုခွင့်ပေးလို့မရဘူး။ အဲဒါမျိုးနဲ့ပတ်သက်ပြီးမှ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆို ကျနော်တို့မှာ အားတက်စရာလည်း အများကြီး ရှိနေတာပဲ။ တချိန်တည်းမှာ အားငယ်စရာတွေလည်းအများကြီးရှိတာပဲ။ တော်လှန်ရေးကတော့ ဒီလိုပဲ ။ လက်တွေ့ကျဖို့ပေါ့။မကောင်းတာရော ကောင်းတာရော မကြားချင်တာရော ကြားချင်တာရော ကြားပြီးမှ တစိုက်မတ်မတ် ရှေ့ဆက်သွားဖို့ပဲလိုမှာပါ။
မေး။ ။ တော်လှန်ရေးအောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက် NUGမှာရော KIO မှာရော ချင်းညီနောင်မှာရော ဘယ်လိုတွေ့ရပါသလဲ။
ဖြေ။ ။ ကျနော်တို့ ယုံကြည်ချက် တော့ မပြောချင်တော့ဘူး။ဘာလို့လဲဆိုတော့ယုံကြည်နေရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ကျနော်တို့ ဘယ်လို အလုပ်လုပ်ကြမလဲ။ ဘယ်လိုခံယူချက်ကို ဘယ်လိုကြွေးကြော်ရမလဲဆိုတာ ထားခဲ့ရမယ့်အချိန်ရောက်ပြီ။ ဘယ်လိုအလုပ်လုပ်ကြမလဲ မဟာဗျူဟာ အရဘယ်လို ချဉ်းကပ်ကြမလဲ၊ လက်တွေ့ ကျကျပေါ့နော် ။ တခါတလေ ဆေးခါးကြီးတွေ သောက်ရမယ့် အချိန်တွေရှိမယ် ရင်နာနာနဲ့ ပြတ်သားရမယ့် အချိန်တွေရှိမယ်ပေါ့နော်။ အဲဒီလိုမျိုးတွေမှာရော ဘယ်လောက် တော်လှန်ရေးကို မျက်နှာမူနိုင်သလဲ ပြည်သူကို ဘယ်လောက်မျက်နှာမူနိုင်သလဲပေါ့။ အဲဒါမျိုးနဲ့ပဲ ကျနော်တို့ အလုပ်လုပ်ဖို့ပဲရှိမှာပါ။ကျနော်တို့ ယုံကြည်ချက်တွေ မေးခွန်းထုတ်စရာတွေ ပြောစရာတွေကတော့ ပြောခဲ့ကြပြီးပြီ။ အားလုံး ရင်ထဲမှာ ကိုယ့်ခံယူချက်နဲ့ကိုယ်သိနေတာပဲ။ ဒါကို လက်တွေ့ အရှိတရားဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာပဲ ဝိုင်းအလုပ်လုပ်ကြဖို့ ဖြစ်မှာပါ။
ကျေးဇူးတင်ပါတယ်။
