ဆလိုင်းယောမာန်ရေးသားသည်။
ဒီ၂၀၂၅ နှစ်လယ်ပိုင်းမှာပဲ အကြမ်းဖက်စစ်ကောင်စီဟာ စစ်ကော်မရှင်လို့ အမည်ပြောင်းပြီး နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲလုပ်ဖို့ ပြောင်ပြောင်တင်းတင်း ပြင်ဆင်လာပါတယ်။ တဆက်တည်းမှာပဲ.. စစ်ကော်မရှင်ဟာ ကိုယ့်အခြေအနေ ကိုယ်သိတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ် (၃၃၀) ထဲက မြို့နယ်ပေါင်း(၂၆၇) ကျော်မှာပဲ ရွေးကောက်ပွဲကျင်းပဖို့လျာထားတယ်လို့ အစောပိုင်းတွင် ထုတ်ပြန်ခဲ့တယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ မြို့နယ် (၆၃) မြို့နယ်ကိုတော့ စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အရေးပေါ်အခြေအနေ ကြေညာပြီး စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတယ်။ ဆိုလိုတာကတော့ အဲဒီ (၆၃) မြို့နယ်ကိုတော့ စစ်အုပ်ချုပ်ရေး ကြေညာခြင်းအားဖြင့် ရွေးကောက်ပွဲ ဘေးမဲ့ပေးထားပြီး ကလင်ဒါကျ နောက်မှ ပြန်တိုက်ယူမယ်။
လောလောဆယ်မှာတော့ သူထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း(၂၆၇) မြို့နယ်မှာပဲ ရွေးကောက်ပွဲကိုအောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ စိုင်းပြင်းခဲ့တယ်။ ဒါပေမဲ့ဩဂုတ် ၁၆ နေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နေရာတွေ (၆၃ မြို့နယ်မှာ) မှာပါ ရွေးကောက်ပွဲပြုလုပ်မယ်လို့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ကော်မရှင် ကြေညာပါတယ်။

Public Service Announcement
●စစ်ရေးအသာစီးရခြင်း၊ တရုတ်နည်းပညာနှင့် အခါတော်ပေးမှု
စစ်ကောင်စီဟာ ဒီလပိုင်းအတွင်းက ထိုးစစ်တွေမှာ အနိုင်ရတာတွေကြောင့် နဂိုအစီအစဉ် ပြောင်းလဲလာတာလို့ ယူဆရမယ်။ အကြမ်းဖက်စစ်တပ်ဟာ မိုးဗြဲကို ပြန်သိမ်းနိုင်တာ၊ နောင်ချိုကို ပြန်ရတာ၊ ဗန်းမော်ထိုးစစ်ကို ကြံ့ကြံ့ခံပြီး စစ်ကူပို့နိုင်ပြီး တန်ပြန်ထိုးစစ်ဆင်လာနိုင်တာ တွေကို ကြည့်ချင်းအားဖြင့် တရုတ်ရဲ့ နည်းပညာအကူအညီနှင့် ထိုးစစ်အရှိန်ပြန်ရလာပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာ မြေပြင်ထိုးစစ်တွေ အဆက်မပြတ်ဆင်လာတာကို တွေ့ရတယ်။ ပြီးတော့ သူတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တအာန်းနှင့် ကိုးကန့် အဖွဲ့တွေ သိမ်းပိုက်ထားတဲ့မြို့တွေ၊ ကရင်နီနှင့် ချင်းတောင်ပိုင်းက မြို့တွေကိုလည်း ဗုံးကြဲတာတွေ လုပ်နေတယ်။ ကရင်ဘက်မှာ အာရှလမ်းမကြီး ပြန်ပွင့်အောင် ထိုးစစ်ဆင်နေသလို၊ အာရက္ခဒေသမှာလည်း စစ်ကောင်စီဟာ ကျောက်ဖြူနှင့် စစ်တွေမှာ ထိုးစစ် အရှိန်မြင့်လုပ်ဆောင်နေတာ တွေ့ရတယ်။ အကြမ်းဖက်စစ်တပ်ဟာတရုတ်ရဲ့ဒရုန်းနှင့် အဆင့်မြင့်နည်းပညာအကူအညီတွေကို ပိုမိုထိရောက် အသုံးပြုလာနိုင်ပြီး ယုံကြည်မှုရှိသထက်ရှိလာတာကို တွေ့ရတယ်။
တဆက်တည်းမှာပဲ စလေဦးတရုတ်ကလည်း စစ်ကော်မရှင်ကို မြှောက်ပေးပြီး အခါတော်ပေးတာမို့ အကြမ်းဖက်စစ်တပ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာ ပြန်လည်တိုက်ယူဖို့ ကြိုးစားလာတယ်လို့ ယူဆရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လတ်တလော စစ်ရေးအသာရမှု၊ တရုတ်နည်းပညာအကူအညီမှုတို့ကို အားကိုးပြီး နဂိုက ကလင်ဒါကျ နောက်မှ ပြန်တိုက်ယူဖို့ ပြင်ထားတဲ့မြို့နယ်တွေကိုပါ အလျော်အစားကြီး (ထရမ့်ပြောသလို High Stake!) လုပ်ပြီး ထိုးစစ်ဆင်လာတာကို တွေ့ရတယ်။
လက်ရှိစစ်ကော်မရှင်ရဲ့ ထိုးစစ်တွေထဲမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့ ထိုးစစ်ကတော့ ချင်းပြည်တောင်ပိုင်းပဲ ဖြစ်ပါတယ်။
●ချင်းပြည်တောင်ပိုင်းထိုးစစ်
၂၀၂၅ ခုနှစ် မေလမှာ ပခုက္ကူတပ်မ (၁၀၁) ကနေထွက်လာတဲ့ တင့်ကား ၂ စီး ဦးဆောင်ပြီး စစ်ကား 136 စီး ပါတဲ့ စစ်ယာဉ်တန်းဟာ စုစုပေါင်း ၃ လ ကျော် အကြာ၊ လမ်းမှာ အကြိမ်ကြိမ် အတိုက်ခိုက်ခံရပြီး လက်ရှိအချိန်မှာ ပေါက်မြို့ကို ရောက်နေပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဩဂတ် ၁၆ ရက်နေ့မှာ ဆိပ်ဖြူ ကပစ ၂၂ မှ အင်အား ၁၈၀ ခန့်ဟာလည်း အနောက်ဘက်အရပ် (ယောဒေသ၊ ဆောမြို့) ကို ဦးတည်ပြီး စစ်ကြောင်း ထွက်လာကြတယ်လို့ ကြားသိရပါတယ်။ ထို့အတူပဲ ဆောမြို့နယ်၊ လောင်းရှည် ကပစ ၂၅ ကနေ စစ်ကြောင်းထွက်လာယ်ဆိုတဲ့ သတင်းကြားရပါတယ်။
ယေဘုယျအားဖြင့်တော့ အဲဒီစစ်ကြောင်း (၃) ကြောင်းရဲ့ အရေးအပါဆုံးပစ်မှတ် (Jewel in the crown) ကတော့ ကျောက်ထု အမတ (၃၆၈) တဖြစ်လဲ ကျောက်ထုလေယာဉ်ကွင်းလို့ ခန့်မှန်းမိပါတယ်။ အကြမ်းဖက်စစ်တပ်အတွက် ကျောက်ထုဒေသတဝိုက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ဟာ အလွန်တရာအရေးကြီးနေပြီး ကျောက်ထုလေယာဉ်ကွင်းကို အရင်လို လေယာဉ်အဆင်းအတက် ပြန်လုပ်နိုင်တယ်ဆိုရင် ချင်းပြည်တောင်ပိုင်း သိမ်းယူနိုင်ဖို့ အလွန်နီးစပ်သွားပါမယ်။ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးနှင့် မဟာ
မိတ်တွေအတွက် ကျောက်ထုကို ဘယ်သူထိန်းချုပ်နိုင်သလဲ ဆိုတာ နှစ်ဘက်လုံးအတွက် အင်မတန်အရေးပါ ပါလိမ့်မယ်။
ဒါတင်မက (အကြမ်းဖက်စစ်တပ် ခံချည်းခံနေရတဲ့ အမ်း-ပဒါန်း၊ ပန်းတောင်း-တောင်ကုတ်၊ ဂွ-ငသိုင်းချောင်း စစ်ကြောင်းတွေ အစား) အကြမ်းဖက်စစ်တပ်ဟာ ကျောက်ထုကို ခြေကုတ်ယူ မင်းတပ်ကို ထိုးဖောက်ပြီး ပလက်ဝဒေသကို ဝင်ရောက်အခြေချဖို့ ကြိုးစားပါလိမ့်မယ်။ ပြီးမှ နောက်တစ်ဆင့် အာရက္ခဒေသကို ထိထိရောက်ရောက် ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ ကြိုးစားလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဒီနေ့ ဩဂုတ် ၁၈ မှာ အာဏာသိမ်းစစ်တပ်က အပိုင်းလိုက်ကျင်းပမဲ့ သူ့ရဲ့ရွေးကောက်ပွဲ အပိုင်း ၁ ကို ယခုနှစ် ဒီဇင်ဘာ၂၈ ရက် (တနင်္ဂနွေ) တွင် စတင်မှာဖြစ်ပြီး ဆက်လက် ကျင်းပမည့် နေ့ရက်တွေကိုတော့ ထပ်မံ ထုတ်ပြန်အသိပေးသွားမယ်လို့ ပြောပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ ဒီဇင်ဘာမတိုင်ခင်မှာချင်းပြည်တောင်ပိုင်းကို သိမ်းယူဖို့ စိတ်အားထက်သန်နေတာကို တွေ့နိုင်ပါတယ်။
●ခေါင်းစဉ်ပေးပုံများ
ဒီအပိုင်း (၂) မှာ အရင်ဆုံးပြောချင်တာကတော့.. ကျနော်ပေးထားတဲ့ခေါင်းစဉ်တွေပါ။ “မင်းတပ်၏ ဒုတိယတော်လှန်ရေးစာမေးပွဲ” လို့ သုံးနှုန်းရတာက.. မင်းတပ်ရဲ့ ပထမတော်လှန်ရေး စာမေးပွဲက မင်းတပ်ကို စစ်ကောင်စီလက်ထဲကနေ ပြန်သိမ်းဖို့ပါ။ တစ်နည်းအားဖြင့် မင်းတပ်မြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်အောင် တိုက်ထုတ်ဖို့ပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ပထမဆုံးသော မြို့ပြတိုက်ပွဲကို ဆင်နွှဲခဲ့ရတဲ့ မင်းတပ်၊ စစ်ယာဉ်တန်းကို တူမီးနဲ့နိုင်အောင်တိုက်ပြီး မီးရှို့သိမ်းယူနိုင်ခဲ့ပါတယ်။ ပြီးတော့လည်း မင်းတပ်ဟာ အရပ်သားပြည်သူတွေ နေတဲ့မြို့ကို လေကြောင်းတိုက်ခိုက်မှု ပထမဆုံးခံရတဲ့မြို့၊ မြို့ခံပြည်သူတွေ ပထမဆုံး လူသားဒိုင်းအလုပ်ခံရတဲ့ မြို့၊ မြို့နေပြည်သူတွေအကုန်လုံးနီးပါ မြို့ကို ရုတ်တရက်စွန့်ခွာထွက်ပြေးရတဲ့မြို့လည်းဖြစ်ပါတယ်။
ဒါတင်မကဘဲ စစ်ကောင်စီဟာ မင်းတပ်မြို့နယ်ထဲက.. ကျေးရွာတွေဘက်ကိုတောက်လျှောက် စစ်ကြောင်းလျှောက် ထိုးစစ်ဆင်ခဲ့တာကြောင့် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တွေမှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပြီးဒေသခံပြည်သူတွေ၊ CDF-Mindat ရဲဘော်တွေ အကျပ်အတည်း၊ အခက်အခဲများစွာနဲ့ တိုက်ပွဲဝင်ခဲ့၊ ရှင်သန်ရပ်တည်ခဲ့ရပါတယ်။ မင်းတပ်ကို ပြန်သိမ်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ Herculean Task တစ်ခုပါ။ ၂၀၂၃ ခုနှစ် ဝန်းကျင်ကသာ ၂၀၂၄ နှစ်မကုန်ခင် မင်းတပ်ကို CDF-Mindat က ပြန်သိမ်းလိမ့်မယ်လို့ တစ်ဦးတစ်ယောက်က နိမိတ်ဖတ်ခဲ့ရင် အဲ့လူကို စိတ်မနှံ့တဲ့အရူးလို့ ဝိုင်းသနားကြမှာပါ။
ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်းပဲ CDF-Mindat နှင့် မဟာမိတ်တွေဟာ ၂၀၂၄ နိုဝင်ဘာ (၉) ရက်မှာ စတဲ့ မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာ (၂၁) ရက်နေ့မှာ အဆုံးသတ်ပြီး မင်းတပ်မြို့ကို အလုံးစုံသိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒါဟာ မင်းတပ်အနေနဲ့ ပထမတော်လှန်ရေး စာမေးပွဲကို အောင်မြင်တာပါပဲ။အခု ယောနယ်ကိုဦးတည်ပြီး ချင်းပြည်တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ ကြိုးစားလာတဲ့ စစ်ကြောင်း ၃ ကြောင်း (အင်အား ၁၀၀၀ ဝန်းကျင်) ကို အောင်မြင်စွာ တွန်းလှန်ပြီး ဘိုးဘေးတို့ရဲ့ဌာနေအမိမြေကို ကာကွယ်နိုင်ရင် ဒုတိယတော်လှန်ရေး စာမေးပွဲကို အောင်မြင်တာဖြစ်ပါလိမ့်မယ်။
ဒီဆောင်းပါး ခေါင်းစဉ်ကို “စစ်ကော်မရှင်၏ ရွေးကောက်ပွဲ စစ်ရေးအလောင်းအစား” လို့ နောက်တစ်မျိုးပေးရတာကလည်း စစ်ကော်မရှင်ဟာ ဒီထိုးစစ်နဲ့ပတ်သက်ရင် ကြီးကြီးမားမား အလောင်းအစား ပြုထားတာကို မြင်ရလို့ပါ။ ကျနော် ဒီနှစ်အစောပိုင်းက အင်တာဗျူးတွေမှာ နှစ်ကြိမ်၊ သုံးကြိမ်မက ဖြေဖူးပါတယ်။စစ်ကောင်စီဟာသူလက်လွှတ်လိုက်ရတဲ့ မင်းတပ်နှင့်တကွ ချင်းပြည်တောင်ပိုင်းကို ၂၀၂၆/၂၇ ခုနှစ်မှာ ပြန်လည် ထိုးစစ်ဆင်လာလိမ့်မယ်လို့။ ကျနော်ယူဆထားတာက… စစ်ကောင်စီဟာ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးမှာ စစ်မျက်နှာတွေဖွင့်နေရတယ်၊ သူ့ဘက်က အရေးမလှတာတွေလည်း များတော့… စစ်မျက်နှာထပ်မံတိုးချဲ့တာမျိုးမလုပ်ဘဲ ရှိပြီးသားစစ်မျက်နှာတွေကို ငြိမ်သွားအောင် အရင်ထိန်းချုပ်၊ ပြည်သူ့စစ်သင်တန်းတွေထပ်ပေး… လက်နက်ခဲယမ်းတွေ ပြန်ပြင်ဆင်ဖြည့်တင်းဖို့အတွက် အချိန် တစ်နှစ်၊ နှစ်နှစ်လောက် ယူမယ်လို့ ထင်ခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီဟာ ပေါက်ဖော်ကြီးရဲ့ စစ်တပ်သုံးဒရုန်းနှင့် အဆင့်မြင့် နည်းပညာအကူအညီတို့ကြောင့် ထင်မှတ်မထားလောက်အောင် စစ်ရေးအသာစီးမှုတွေရခြင်း၊ ဆုံးရှုံးခဲ့တဲ့မြို့တွေ ပြန်လည်သိမ်းယူနိုင်ခြင်း(မိုးဗြဲ၊ နောင်ချို၊သပိတ်ကျင်းစသည်ဖြင့်) နှင့်တကွ ပေါက်ဖော်၏ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရွေးကောက်ပွဲလုပ်ရန် နှပ်ကြောင်းပေးလာခြင်းတို့ကြောင့် စစ်ကော်မရှင်ဟာ နဂိုက ချန်လှပ်ခဲ့တဲ့ မြို့တွေမှာပါ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာပြီး ထိုးစစ်ဆင်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ အဆမတန် တိုးမြှင့်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။
●စစ်ကြောင်း (၃) ကြောင်းကို ခွဲခြမ်းစိတ်ဖြာခြင်း
ဒါပေမဲ့ လက်ရှိမှာ ချင်းပြည်တောင်ပိုင်းကို ဦးတည်လာတဲ့ စစ်ကြောင်းကို ကြည့်မယ် ဆိုရင် အဲဒီ(စစ်ကား အစီးရေ ၁၃၆ စီးနှင့် တင့်ကား ၂ စီးပါတဲ့) စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ကတည်းကနေ ပခုက္ကူ တပ်မ (၁၀၁) ကနေ ထွက်လာတာ ဖြစ်ပါတယ်။ ထွက်လာပြီး (၃) လအကြာမှသာ ပခုက္ကူကနေ မိုင်ပေါင်း ၄၀ ဝန်းကျင်ရှိတဲ့ ပေါက်မြို့ (ကပစ – ၂၄) ကို ဩဂုတ်လ ၂၀ ရက်နေ့မှာ ဝင်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီ ယာဉ်တန်းဟာ ဒီ ၃ လတာအတွင်းမှာ PDF, L-PDF တွေက မိုင်းဆွဲတာ၊ တိုက်ခိုက်တာ အကြိမ်ကြိမ် ခံခဲ့ရပြီး သေဆုံးသူ၊ ဒဏ်ရာရသူ၊ ထွက်ပြေးသူ၊ အလင်းဝင်လာသူ အနည်းနဲ့အများ ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးတဲ့ စစ်ကားတွေလည်း ရှိပါတယ်။ ၃ လလုံး ရာသီဥတုဒဏ်၊ တိုက်ပွဲဒဏ်တွေ ခံလာရတဲ့ စစ်ကြောင်းလည်း ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲဆိပ်ဖြူ ကပစ – ၂၂ ကနေ အင်အား (၁၈၀)ဝန်းကျင်ဟာဆိပ်ဖြူမြို့နယ် အနောက်မြောက်ဘက် ထွန်၊ သက္ကယ်ကျင်းရွာတွေကို စစ်ကြောင်းထိုးပြီး တစ်ချိန်တည်းမှာလည်း ဆိပ်ဖြူမြို့နယ် ထဲက ရှလ၊ ကျွန်းတော်ရွာတွေ ဗုံးကြဲတဲ့အတွက် ပြည်သူတွေ ထိခိုက်သေဆုံး၊ ဒဏ်ရာရတာတွေရှိနေပါတယ်။လောင်းရှည် ကပစ၂၅ ကနေလည်း အင်အား (၄၀၀) ဝန်းကျင်ရှိတဲ့ စစ်ကြောင်းထွက်ဖို့ ပြင်ဆင်နေတယ်လို့ ကြားသိရပါတယ်။
ဆိပ်ဖြူနဲ့လောင်းရှည်က ထွက်လာတဲ့စစ်ကြောင်း ၂ ကြောင်းဟာ… ပခုက္ကူထွက်လာတဲ့ စစ်ယာဉ်တန်း ကျောက်ထုရောက်နိုင်အောင် ထောက်ပံ့ကူညီပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုတွေကို အနှောင်အယှက်ပေးဖို့ ထွက်လာကြတာဖြစ်တယ်လို့ ယေဘုယျအားဖြင့် ယူဆလို့ရပါတယ်။
ဒီထိုးစစ်ရဲ့ ပင်မစစ်ကြောင်းလို့ ပြောလို့ရတဲ့ တပ်မ (၁၀၁) စစ်ယာဉ်တန်းဟာ ပေါက်မြို့မှာ ရောက်နေပြီးပေါက်မြို့ကနေမိုင် ၃၀ ကျော်ဝေးတဲ့ ကျောက်ထုမြို့ကိုမကြာခင်သွားရောက်ဖို့ကြိုးစားပါလိမ့်မယ်။
ပေါက်မြို့နှင့် ကျောက်ထုမြို့ကို နာမည်ကျော် ပုံတောင်၊ ပုံညာ တောင်တန်း ခြားထားပါတယ်။ ပေါက်မြို့ကို ရောက်တဲ့အထိ အဲဒီယာဉ်တန်းဟာ ပြင်းထန်တဲ့ ခံစစ် မကြုံခဲ့ရသလို .. ပထဝီအနေအထားအရလည်း ပါရာမော်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကလည်း ယာဉ်တန်းကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။ သို့ပေမဲ့ မြေပြန့်ဒေသနှင့်ယှဉ်ရင် တောင်တန်းဒေသမှာတော့.. ပါရာမော်တာတွေ၊ Y12 လေယာဉ်တွေ၊ တိုက်လေယာဉ်တွေရဲ့ ဗုံးကြဲမှုဟာ ထိရောက်မှု ပိုအားနည်းပါတယ်။ ကပစ စစ်သားတွေ၊ ပစ တွေဟာ တိုက်ခိုက်ရေး အတွေ့အကြုံ နည်းတယ်ဆိုပေမဲ့ အကြမ်းဖက်စစ်တပ်ကို အထင်သေးဖို့ မဟုတ်သလို အထင်ကြီးဖို့လည်း မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အလုပ်သည်သာလျှင် ကျနော်တို့ ယုံကြည်ရာ၊ အားကိုးစရာ ဖြစ်မှာပါ။
●စစ်ကောင်စီ ပထမဆုံး ယာဉ်တန်း ဆုံးရှုံးခဲ့ရာနေရာ
ဒီနွေဦးတော်လှန်ရေးမှာ စစ်ကောင်စီရဲ့ယာဉ်တန်းကို ရိုးရာတူမီးတွေနဲ့ ပထမဆုံး တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တာ မင်းတပ်ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင် CDF-Mindat နှင့် ချင်းညီနောင်တပ်ဖွဲ့တွေဟာလည်း ၂၀၂၁ ခုနှစ် ကလိုမျိုး သာမန်ကာလျှံကာတပ်ဖွဲ့ မဟုတ်တော့ပါဘူး။ လေ့ကျင်မှုပေါင်းများစွာ၊ အတွေ့အကြုံများစွာ၊ တိုက်ပွဲပေါင်းများစွာ၊ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲထားတဲ့ တိုက်ရည်ခိုက်ရည်ရှိတဲ့ တပ်တွေ ဖြစ်နေပါပြီ။
ယောဒေသက တော်လှန်ရေးအဖွဲ့တွေ၊ ချင်းပြည်က ချင်းညီနောင်တပ်ဖွဲ့တွေနှင့် အခြားမဟာမိတ်တပ်ဖွဲ့တွေ ဝိုင်းဝန်းစုစည်း လုပ်ဆောင်ကြမယ်ဆိုရင်တော့ စစ်ကော်မရှင်ရဲ့ယာဉ်တန်းနှင့် စစ်ကြောင်းတွေကို ဟန့်တားနိုင်မယ်လို့ ယုံကြည်တယ်။ ဒေသခံ ပြည်သူတွေ ပါဝင်ထောက်ပို့လုပ်တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဟန်ချက်ညီ ပူးပေါင်းလုပ်ဆောင်မှုတွေကို ကောင်းကောင်းမွန်မွန်စုပေါင်းမယ်ဆိုရင်… စစ်ကော်မရှင်ရဲ့ စစ်ယာဉ်တန်းနှင့်တကွ စစ်ကြောင်းတွေ တပ်လန်ပြီး အချီကြီး ထိခိုက်နစ်နာအောင် လုပ်နိုင်မှာ အသေအချာပါပဲ။
●အလျော်အစားကြီး အလောင်းအစား
ဒါကြောင့်မို့လည်း “စစ်ကော်မရှင်ရဲ့စစ်ရေးအလောင်းအစား” လို့ ကျနော် သုံးနှုန်းခဲ့တာပါ။ ဒီအလောင်းအစားက အပိုင်း ၁ မှာ ကျနော်ပြောခဲ့သလိုပဲ.. High Stake.. အလျော်အစားကြီးတဲ့ အလောင်းအစားတစ်ခု ဖြစ်မှာ အသေအချာပါပဲ။ အကြမ်းဖက် စစ်ကော်မရှင်ဘက်ကလည်း ဆုံးရှုံးပြီးသားနယ်တွေ ပြန်လည်ထိုးစစ်ဆင်ပေမဲ့ “ဖွတ်မရ ဓားဆုံး” အခြေအနေမျိုး ကြုံရနိုင်တယ်ဆိုတာလည်း သိမှာပါ။ ကျနော်တို့ကလည်း မုံရွာ၊ ပခုက္ကူအထိ ဝေးဝေးလံလံ သွားရောက်တိုက်ယူရတာမျိုး မဟုတ်ဘဲ… ကိုယ့်အနီးအနားကိုယ်နယ်မြေကျွမ်း
ကျင်တဲ့နေရာအထိအကြမ်းဖက်စခ တွေပင်ပင်ပန်းပန်း ရောက်လာတာကို အခွင့်ကောင်းယူနိုင်ဖို့ လိုပါတယ်။
စစ်ကော်မရှင်သာဒီတစ်ချီမှာအထိနာရင် ပြန်နလန်ထူနိုင်ဖို့ကို အချိန်ယူရမှာဖြစ်ပြီး ယောဒေသနှင့်တကွ မကွေးတိုင်းမှာလည်း တော်လှန်ရေးအတွက် ကြီးမားတဲ့ စစ်ရေးအောင်မြင်မှုတစ်ခု ဖြစ်လာပြီး ကျန်တဲ့နေရာတွေကိုပါ ကူးစက်ဖို့ လွယ်ပါလိမ့်မယ်။ ။
(ဆလိုင်းယောမာန်သည် ချင်းညီနောင်(CB) ပြောရေးဆိုခွင့်ရှိသူဖြစ်ပါသည်။)
